မုန့်ဖုတ်ဆိုဒါ လို့ပြောလိုက်ရင် ကိတ်မုန့်ဖုတ် ပေါင်မုန့်ဖုတ်ရာမှာ ထည့်သုံးတဲ့ အမှုန့်လို့ပဲ အတော်များများက သိကြပါတယ်။ မုန့်ဖုတ်ဆိုဒါကို အင်္ဂလိပ်လို Baking soda လို့ခေါ်ပြီး ဓါတုဗေဒနာမည်ကတော့ Sodium bicarbonate (ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်) ဖြစ်ပါတယ်။
တကယ်တော့ မုန့်ဖုတ်ဆိုဒါဟာ မုန့်တွေဖုတ်ရာမှာတင် အသုံးဝင်တာမဟုတ်ဘဲ အလှအပအတွက်ရော ကျန်းမာရေးအတွက် အိမ်တွင်းဆေးမြီးတို အနေနဲ့ရော အသုံးအများကြီးဝင်ပါတယ်။
ဒီတပတ်မှာ မုန့်ဖုတ်ဆိုဒါရဲ့ အလှအပနှင့် ကျန်းမာရေးဆိုင်ရာအသုံးဝင်ပုံတွေကို ရေးသားတင်ပြချင်ပါတယ်။
၁။ သွားဖြူစေပြီး၊ သွားနဲ့သွားဖုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
သွားတိုက်တံကို ရေစွတ်ကာ မုန့်ဖုတ်ဆိုဒါအမှုန့်ထဲနှစ်ပါ။ ပြီးရင် ပုံမှန်သွားတိုက်သလို ခံတွင်းထဲ တိုက်ပေးခြင်းဖြင့် သွားကြားတွေထဲမှာရှိတဲ့ အစာအကြွင်းအကျန်နဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်သလို သွားတွေကိုလည်း ဖြူဖွေးစေနိုင်ပါတယ်။
၂။ ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးနိုင်ခြင်း
ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ တခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သလို မိမိကိုယ်တိုင်အတွက်လည်း မိမိကိုယ်မိမိယုံကြည်မှုကို လျော့ကျစေပြီး ပြောဆိုဆက်ဆံမှုမအောင်မြင်တာ လုပ်ငန်းအဆင်မပြေတာတွေအထိ ဖြစ်နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးထွက်တဲ့အခါ ပလုတ်ကျင်းဆေးရည်သုံးပြီး ပလုတ်ကျင်းနိုင်ပေမယ့် ရေရှည်မှာဆိုရင် ဈေးကြီးတဲ့အတွက် တချို့တွေအနေနဲ့ မတတ်နိုင်တာမျိုး ရှိပါတယ်။ ဒီအတွက် ပလုတ်ကျင်းဆေးရည်အစား မုန့်ဖုတ်ဆိုဒါကို သုံးနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါဟာ မကောင်းတဲ့အနံ့အသက်တွေကို ဖယ်ရှားနိုင်စွမ်းရှိတဲ့အတွက် ခံတွင်းအနံ့ဆိုးထွက်တာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ရေဖန်ခွက်တဝက်နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတဇွန်း ရောကာ အစာစားပြီးတိုင်း ပလုပ်ကျင်းပေးပါ။
၃။ ချိုင်းချွေးနံ့ဆိုးထွက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ခြင်း
ချိုင်းချွေးနံ့ဆိုးထွက်ပါက မုန့်ဖုတ်ဆိုဒါမှုန့်ကို မနက်ရေချိုးပြီး အလုပ်သွားခါနီး ချိုင်းမှာလိမ်းပေးခြင်းဖြင့် ချိုင်းချွေးနံ့ဆိုးထွက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါအမှုန့်ကို ချိုင်းမှာ မလိမ်းချင်သူများအနေနဲ့ဆိုရင်လည်း မုန့်ဖုတ်ဆိုဒါနဲ့ဖော်စပ်ထားတဲ့ Roll on အမျိုးအစားတွေရှိပါတယ်။ အဲ့လို မုန့်ဖုတ်ဆိုဒါပါတဲ့ Roll on အမျိုးအစားတွေကို သုံးပေးခြင်းဖြင့်လည်း ချိုင်းချွေးနံ့ဆိုးထွက်တာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါဟာ အပေါ်မှာတခါပြောခဲ့တဲ့အတိုင်း အနံ့အသက်ဆိုးတွေကို ဖယ်ရှားနိုင်စွမ်းရှိလို့ ခံတွင်းအနံ့ဆိုးတာ၊ ချိုင်းချွေးနံ့ဆိုးတာတွေအတွက် သုံးတာအပြင် တချို့တွေအနေနဲ့ အဝတ်ဗီရို၊ ရေခဲသေတ္တာစတဲ့နေရာတွေမှာလည်း မုန့်ဖုတ်ဆိုဒါကို ပန်းကန်လုံး သို့မဟုတ် ဘူးလေးနဲ့ထည့်ထားလေ့ရှိကြပါတယ်။ ဒီလိုထည့်ထားခြင်းအားဖြင့် ရေခဲသေတ္တာ၊ အဝတ်ဗီရိုကနေ အောက်သက်သက်အနံ့တွေမထွက်အောင် ကာကွယ်ပေးနိုင်ပြီ အနံ့အသက်ကင်းစင်စေပါတယ်။
၄။ အသားအရေကို ချောမွေ့စေခြင်း
ညအိပ်ခါနီး မုန့်ဖုတ်ဆိုဒါနဲ့ရေကို ဖျော်ကာ အရေပြားအနှံ့လိမ်းပေးပါက အသားအရေကိုနူးညံ့ချောမွေ့စေနိုင်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း ချိုးမယ့်ရေဇလား၊ ရေပုံးထဲကို မုန့်ဖုတ်ဆိုဒါ ခွက်တဝက်ခန့် ရောထည့်ချိုးပေးရင် အသားအရေကို နူးညံ့ချောမွေ့စေနိုင်ပါတယ်။ ဒါ့အပြင် ခြင်၊ ပုရွက်ဆိတ်စတဲ့ အင်းဆက်ကိုက်လို့ အရေပြားယားယံတာ၊ နီရဲတာတွေဖြစ်ပါက မုန့်ဖုတ်ဆိုဒါနဲ့ရေကို သုံးဆတဆ ရောပြီး ဖြစ်တဲ့အရေပြားနေရာပေါ်ကို သုတ်လိမ်းကာ မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင်ရေနဲ့ဆေးချပါ။ ဒါဆို အရေပြားယားယံတာ၊ နီရဲရောင်ရမ်းတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၅။ မျက်နှာသစ်ဆေးအနေနဲ့ သုံးနိုင်ခြင်း
မျက်နှာကို ရေနဲ့ဆပ်ပြာနဲ့ အရင်သစ်ပါ။ ထို့နောက် မုန့်ဖုတ်ဆိုဒါမှုန့်နဲ့ ရေကို သုံးဆတဆရောပြီး မျက်နှာကို စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်းသေချာပွတ်ပါ။ ထို့နောက် ရေနဲ့ပြန်ဆေးချပါ။ ဒီလိုလုပ်ခြင်းဖြင့် ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၆။ ဆံပင်အရှည်ကိုမြန်စေပြီး ဆံပင်ကိုသန့်ရှင်းစေပါတယ်။
ခေါင်းလျှော်တဲ့အခါ မိမိလျှော်မယ့်ခေါင်းလျှော်ရည်ထဲ မုန့်ဖုတ်ဆိုဒါ လက်ဘက်စားဇွန်းတဇွန်းထည့်ပြီး ရောလျှော်ပေးခြင်းဖြင့် ဆံပင်မှာလိမ်းထားတဲ့ဂျယ်လ် (Gel)၊ စပရေး (Spray)တွေကို စင်ကြယ်စေပြီး ဆံပင်အရှည်ကိုလည်း မြန်စေပါတယ်။
၇။ စားချဉ့်ပြန်ခြင်း၊ ရင်ပူခြင်းကို သက်သာစေခြင်း
တခါတလေ အစာစားပြီးတဲ့အခါ လည်ချောင်းထဲ ပါးစပ်ထဲကို အစာအိမ်က အက်စစ်အချဉ်ရည်တွေပြန်တက်ပြီး ရင်ပူတာ၊ ပါးစပ်ချဉ်တာခါးတာမျိုးတွေ ခံစားရတတ်ပါတယ်။ အစာအိမ်မကောင်းတဲ့သူတွေမှာဆိုရင် ဒီလိုမျိုး ပိုဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်တဲ့အခါ အိမ်တွင်းသုံးဆေးမြီးတိုအနေနဲ့ ရေဖန်ခွက်တဝက်ထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတဝက် ထည့်ဖျော်ကာ သောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
၈။ အကြောပြတ်တာ၊ နေလောင်တာ၊ အရေပြားအနာတွေကိုလည်း သက်သာစေခြင်း
အကြောပြတ်တာ၊ နေလောင်တာ၊ အရေပြားအနာတွေ ဖြစ်တဲ့အခါ မုန့်ဖုတ်ဆိုဒါကို ရေနဲ့ မပျစ်မကျဲ ရောစပ်ဖျော်ပြီး လိမ်းပေးပါက အကြောပြတ်ရာတွေကို အရောင်မှိန်သွားစေနိုင်သလို နေလောင်ဒဏ်ရာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ကျောကုန်း၊ လည်ပင်း တွေမှာဖြစ်တတ်တဲ့ ဝက်ခြံဖုလို အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဒါတွေကတော့သိသလောက် မုန့်ဖုတ်ဆိုဒါ (Baking soda) ရဲ့အလှအပနဲ့ကျန်းမာရေးဆိုင်ရာအသုံးဝင်ပုံတွေဖြစ်ပါတယ်။ ဒါတွေအပြင် အဝတ်အစားမှာ အစွန်းအထင်းတွေ စွန်းထင်းပါကလည်း မုန့်ဖုတ်ဆိုဒါကို သုံးပြီးလျှော်ဖွတ်ပေးမယ်ဆိုရင် စွန်းနေတဲ့အစွန်းအထင်းတွေကို ဖယ်ရှားနိုင်ပါတယ်။
Dr သီတာနွယ်(အမရပူရ)