မည်းနေတဲ့ တံတောင်နဲ့ ဒူးတွေကို ပြန်လည်ဝင်းပစေမည့် သဘာဝနည်းများ

မည်းနေတဲ့ တံတောင်နဲ့ ဒူးတွေကို ပြန်လည်ဝင်းပစေမည့် သဘာဝနည်းများ

ဒူးမည်း၊ တံတောင်မည်းတာတွေဟာ အလှအပရေးရာကို ထိခိုက်စေပြီး အကျီအတို၊ ဘောင်းဘီတိုတွေ ဝတ်တဲ့အခါမှာ မိမိကိုယ်မိမိ ယုံကြည်မှုကို လျော့နည်းစေနိုင်ပါတယ်။

ဒူးမည်း၊တံတောင်မည်းတာတွေဟာ လူအတော်များများမှာ ဖြစ်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ဒူး၊ တံတောင်ဆိုတာဟာ အဆစ်နေရာတွေဖြစ်ပြီး တခြားနေရာကအရေပြားတွေထက်စာရင် ဒူး၊ တံတောင်နေရာက အရေပြားတွေဟာ ပိုထူပြီး အတွန့်ပိုများပါတယ်။

တခြားနေရာက အရေပြားတွေလိုလည်း အဆီဂလင်းတွေမရှိတဲ့အတွက် အဆီမထုတ်နိုင်တာကြောင့် ပိုခြောက်သွေ့ပါတယ်။ ဒီအချက်တွေအပြင် နေပူထဲအထွက်များတာ၊ ဝတာ၊ မျိုးရိုးလိုက်တာ၊ ဟော်မုန်းဆေးတွေသောက်နေရတာ၊ တကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ၊ ဆဲလ်သေတွေစုပုံလာတာ စတဲ့အချက်တွေဟာလည်း တံတောင်ဆစ်မည်းတာ၊ ဒူးမည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

တံတောင်မည်း၊ ဒူးမည်းတာတွေဖြစ်ရင် ရေချိုးတဲ့အခါ ဆပ်ပြာနဲ့ပွတ်တိုက်တာလောက်နဲ့ ပျောက်ဖို့မလွယ်ပါဘူး။ ဒါကြောင့် ဒီတပတ်မှာ တံတောင်မည်း၊ ဒူးမည်းတာတွေကို ပျောက်ကင်းသက်သာစေမယ့် သဘာဝနည်းလမ်းလေးတွေကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

၁။ ရှောက်သီး

ရှောက်သီးကိုအရည်ညှစ်ပြီး ရလာတဲ့ရှောက်သီးရည်နဲ့ မည်းနေတဲ့ဒူး၊ တံတောင်နေရာတွေကို အသာအယာပွတ်သပ်လိမ်းနှိပ်ပေးပါ။ ပြီးရင်မိနစ်၂၀လောက်ထားပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချပါ။ ထို့နောက် အစိုဓါတ်ပါတဲ့ခရင် (Moisturiser) တမျိုးမျိုးလိမ်းပေးပါ။

တခုသတိထားရမှာက ဒီလိုလုပ်ပြီးတဲ့နောက်မှာ ချက်ချင်းနေပူထဲထွက်တာမျိုးမလုပ်ရပါ။ သုံးလေးနာရီလောက်ကြာပြီးမှပဲ နေပူထဲထွက်သင့်ပါတယ်။ ရှောက်သီးဟာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့အတွက် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရောင်ကိုဝင်းပစေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်လာနှုန်းကိုလည်း မြန်အောင်ထောက်ကူပေးနိုင်ပါတယ်။

၂။ အုန်းဆီ

အုန်းဆီ လက်ဖက်စားဇွန်းတဇွန်းနဲ့ ရှောက်သီးရည် လက်ဖက်စားဇွန်းတဝက်ကို ရောပြီး မည်းနေတဲ့ တံတောင်၊ ဒူးနေရာတွေကို လိမ်းကာ မိနစ်၂၀ခန့်အကြာမှာ Wet tissue
သို့မဟုတ် စနိုးတာဝါနဲ့ သုတ်ပါ။ သို့မဟုတ် ရေချိုးပြီးတဲ့အခါတိုင်းမှာ အုန်းဆီနဲ့ သင့်ရဲ့မည်းနေတဲ့တံတောင်၊ ဒူးတို့ကို ၁ မိနစ် ၂ မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။

အုန်းဆီမှာ ဗီတာမင်အီးပါတဲ့အတွက် အရေပြားအသားအရောင်ကို ဝင်းပစေနိုင်ပြီး အရေပြားခြောက်သွေ့ခြင်းဖြစ်တာကို လျှော့ချပေးနိုင်ပါတယ်။ အရေပြားအစိုဓါတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

၃။ သကြား

သကြားနဲ့ သံလွင်ဆီကို ဆတူရောပြီး သင့်ရဲ့ မည်းနေတဲ့တံတောင်၊ ဒူးတွေကို စက်ဝိုင်းပုံစံ ငါးမိနစ်ခန့် လိမ်းပွတ်ပေးပါ။ ပြီးရင် ဆပ်ပြာအပျော့စားနဲ့ ရေကြက်သီးနွေးသုံးပြီး ဆေးချကာ အဝတ်သန့်နဲ့သုတ်ပါ။ သကြားဟာ အရေပြားဆဲလ်သေတွေကို ကွာကျစေပြီး အရေပြားကို နူးညံ့ချောမွေ့စေကာ အရေပြားအရောင်ကိုလည်း ဝင်းပစေပါတယ်။

ဒီနည်းကို ဒူးမည်း၊ တံတောင်မည်းတာတွေပျောက်တဲ့အထိ တနေ့တကြိမ်လုပ်ပေးနိုင်ပြီး
မည်းတာတွေပျောက်ပြီး အရေပြားအရောင်ဝင်းပလာတဲ့အခါမှာတော့ တပတ်တကြိမ်ပုံမှန်ဆက်လုပ်ပေးသင့်ပါတယ်။

၄။ မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါဟာလည်း မည်းနေတဲ့ဒူး၊ တံတောင်တွေကို ပြန်လည်ဝင်းပစေနိုင်ပါတယ်။ နွားနို့တဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါတဇွန်းရောနယ်ပြီး မည်းနေတဲ့ဒူး၊ တံတောင်နေရာတွေကို စက်ဝိုင်ပုံစံ ၂ မိနစ် ၃ မိနစ်ခန့်လိမ်းပွတ်ပေးပါ။ ပြီးရင် ရေကြက်သီးနွေးသုံးပြီး ဆေးချကာ အဝတ်သန့်နဲ့ ပြောင်အောင်သုတ်ပါ။ မည်းတာတွေမပျောက်မချင်း နှစ်ရက်တကြိမ်လုပ်ပေးပါ။

၅။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ အရေပြားကို ဝင်းပစေနိုင်တဲ့အပြင် အစိုဓါတ်ကို အားဖြည့်ပေးနိုင်ပြီး နေလောင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကိုလည်း ပြန်ကောင်းစေနိုင်တဲ့ အစွမ်းရှိပါတယ်။ လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်ရဲ့ အတွင်းသားကိုယူပြီး မည်းနေတဲ့ဒူး၊ တံတောင်နေရာပေါ်ကို မိနစ် ၂၀ ခန့်ကပ်ထားပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့ဆေးပြီး အဝတ်သန့်နဲ့ ပြောင်အောင်သုတ်ပါ။ တပတ်ကို နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်ကို သုံးကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ