ဘယ်မိတ်ကပ်အရောင်က ကိုယ်နဲ့ လိုက်ဖက်မှုအရှိဆုံးလဲ

 

ဘယ်မိတ်ကပ်အရောင်က ကိုယ်နဲ့ လိုက်ဖက်မှုအရှိဆုံးလဲ

မိတ်ကပ်လိမ်းတဲ့အခါမှာ ကြာရင်ပြာသွားတာ၊ ကိုယ့်အသားရောင်နဲ့ မိတ်ကပ်တစ်ထပ်တည်း မကျတာ၊ ကိုယ့်အသားရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အရောင်ကို ရွေးချယ်ရခက်နေသူတွေ ဒီ article လေးကို ဖက်ကြည့်ပေးပါနော်။

လူတိုင်းမှာ ပင်ကိုအသားရောင် undertone ဆိုတာရှိပါတယ်။ အဲ့မှာမှ Cool Tone, Warm Tone နဲ့ Neutral Toneဆိုပြီးကွဲသွားပါတယ်ရှင်။

မိတ်ကပ်အရောင်တွေက ဒီပေါ်မှာ အခြေခံပြီး အရောင်တွေ ရွေးချယ်လို့ရအောင် ထုတ်ထားတာပါ။ ယေဘုယျအားဖြင့် Cool Tone ပိုင်ရှင်တွေအတွက် No 1,2 ပန်းရောင်၊ အဖြူဖောက် တဲ့ အရောင်တွေထုတ်ထားပြီး Warm Tone ပိုင်ရှင်တွေအတွက် No 3,4 အစရှိသဖြင့် Peach ဖက်သွားတဲ့အရောင် အဝါဖက်ဖောက်တဲ့ အရောင်လေးတွေ ထုတ်ထားပါတယ်။ Neurtal တွေကတော့ ကံအကောင်းဆုံးသူတွေပါ။ ဘယ်အရောင်နဲ့ မဆို လိုက်ဖက်တဲ့သူတွေပေါ့။

Warm Tone ပိုင်ရှင်က Cool Tone အတွက် ထုတ်ထားတဲ့ အရောင်တွေကို လိမ်းမိရင် (သို့) ပြောင်းပြန်ပေါ့..အဲ့လိုမှားလိမ်းမိရင် မိတ်ကပ်ပြာတာ မည်းနေတာတွေ ဖြစ်တတ်တာပါ။ အဲဒါကြောင့် ကိုယ့် under tone က ဘာလဲဆိုတာ သိဖို့လိုအပ်တာပေါ့။

အလွယ်ဆုံးနည်းလမ်းကတော့ လက်ကောက်ဝတ်က သွေးကြောပါ။ အဲ့မှာ သွေးကြောလေးတွေက အပြာ၊ခရမ်းဆိုရင် Cool Tone ပိုင်ရှင် ဖြစ်ပြီး၊ အစိမ်း ဆိုရင် Warm Tone ပါ။ ၂ခုလုံးမဟုတ်ဘူး ဘာအရောင်မှန်းသေချာခွဲမရဘူး ဆိုတာကတော့ Neutral Tone ပါရှင်။

Cool Tone ပိုင်ရှင်တွေက မိတ်ကပ်ရွေးရင် အပန်း၊အဖြူဖက်ဖောက်တဲ့ အရောင်ကိုရွေးချယ်ရမှာ ဖြစ်ပြီး မိတ်ကပ်ခြယ်သတာ၊ အဝတ်စား ဝတ်ဆင်တဲ့အခါဆိုရင် အပြာ၊ခရမ်း၊အပန်း၊စိမ်းပြာရောင် စတာတွေနဲ့ ပိုလိုက်ဖက်မှုရှိပါတယ်။ Cool Tone တွေက Platinum, Silver စတဲ့ လက်ဝတ်ရတနာကိုရွေးသင့်ပါတယ်။

Warm Tone ပိုင်ရှင်တွေကတော့ အဝါရောင်၊ပန်းလိမ္မော်ဖက်ဖောက်တဲ့ အရောင်မျိုးကို ရွေးရမှာပါ။ မိတ်ကပ် ခြယ်သမှုနဲ့ အဝတ်စားဆိုရင် အနီ၊လိမ္မော်၊ အဝါ၊ စိမ်းဝါရောင်၊ သံလွင်သီးစိမ်းရောင်မျိုးနဲ့ ပိုလိုက်ဖက်ပါတယ်ရှင်။ရွှေနဲ့ပိုလိုက်ဖက်မှုရှိတာက Warm Tone တွေပါ။

နောက်ဆုံးအချက်နေနဲ့ Warm Tone တွေအတွက် ကံကောင်းတဲ့အချက်က ကမ်းခြေသွားလို့ နေလောင်သွားရင်Tanned skin ဆိုတဲ့ နိုင်ငံခြားသူတွေ သိပ်လိုချင်တဲ့ ညိုညိုစိုစို အသားရည်ကို ရရှိပြီး Cool Tone တွေကတော့ နေလောင်ပြီး အပန်းရောင် နီစပ်စပ် အသားရည် ဖြစ်သွားတတ်တာပါရှင်။ အဲဒါကြောင့် Cool Tone တွေက ကမ်းခြေသွားရင် နေမလောင်အောင် ပိုဂရုစိုက်သင့်ပါတယ်နော်..

ခုဆို မိတ်ကပ်အရောင်ရွေးချယ်ဖို့ အထောက်ကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

Scarlette(ဆေး၁)

ဆက်စပ် ဆောင်းပါးများ