ဆားဝက်ခြံတွေပျောက်အောင် ဘယ်လိုလုပ်မလဲ

ဆားဝက်ခြံတွေပျောက်အောင် ဘယ်လိုလုပ်မလဲ

ဆားဝက်ခြံဆိုတာဟာ ရောင်ရမ်းနာကျင်ခြင်းမရှိဘဲ အဆီဖုအသေးလေးတွေလိုမျိုးဖြစ်တဲ့ ဝက်ခြံအမျိုးအစားပါ။

အရေပြားပေါ်မှာ အဖြူရောင်အဖုအငယ်လေးတွေ (Whiteheads) အဖြစ်လည်းပေါ်နိုင်သလို အမည်းရောင် အဖုငယ်လေးတွေ (Blackheads) အနေနဲ့လည်း ပေါ်နိုင်ပါတယ်။

အများအားဖြင့်တော့ နှာခေါင်း၊ မေးစေ့ စတဲ့မျက်နှာနေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။

သို့သော် ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်း၊ လက်မောင်းစတဲ့ နေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဆားဝက်ခြံလေးတွေဟာ အဆီများ၊ အရေပြားဆဲလ်သေများ၊ အညစ်အကြေး (ဖုန်၊ အမှုန်) များက ချွေးပေါက် သို့မဟုတ် မွှေးညှင်းပေါက် (Hair follicles) တွေမှာ ဝင်ရောက်ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

ဆားဝက်ခြံတွေဟာ ချွေးအလွန်အကျွံထွက်တတ်တဲ့ သူတွေ၊ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေ၊ မိတ်ကပ် အလွန်အကွံျလိမ်းသူတွေ၊ အကြောင်းတခုခုကြောင့် စတီးရွိုက်ဆေးတွေ၊ ဟော်မုန်းဆေးတွေ သောက်နေရတဲ့သူတွေ၊ သားဥအိမ်မှာ အရည်အိတ်လေးတွေ အများကြီးရှိတဲ့ရောဂါ (Polycystic ovarian syndrome-PCOS) ရှိသောအမျိုးသမီးတွေ၊ စိတ်ဖိစီးမှုများသူတွေနဲ့ အပျိုဖော်လူပျိုဖော်ဝင်စ အရွယ်တွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။

ဆားဝက်ခြံဖြစ်တဲ့အခါမှာ အဖုလေးတွေကို လက်နဲ့ကုတ်တာ၊ ဖဲ့တာ၊ ညှစ်ထုတ်တာမျိုးတွေကို ရှောင်ရပါမယ်။

ဆားဝက်ခြံဖယ်ရှားပေးတဲ့ စက္ကူ သို့မဟုတ် မျက်နှာဖုံးကို သုံးနိုင်ပါတယ်။

မျက်နှာသစ်ဆေး အပြင်းတွေ မသုံးပါနဲ့။ မိတ်ကပ်နဲ့ အလှပြင်ပစ္စည်းတွေ မဖြစ်မနေသုံးရတဲ့သူတွေဆိုရင် non-comedogenic အမျိုးအစားတွေကိုပဲသုံးပါ။

ညဘက်မှာ သကြားနဲ့ ပျားရည်ကို ဆတူရောပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းကာ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေဆေးချကာ အဝတ်သန့်နဲ့ ပြောင်အောင်သုတ်ပါ။

ထို့နောက် Azelaic acid သို့မဟုတ် Salicylic acid သို့မဟုတ် Benzoyl peroxide ပါတဲ့ လိမ်းဆေးတမျိုးမျိုးလိမ်းအိပ်ပါ။

ဗီတာမင်စီပါတဲ့ အားဆေးသောက်ပါ။ စိတ်ဖိစီးစရာနည်းအောင် နေပါ။ ဟင်းသီးဟင်းရွက် များများစားပါ။ ရေများများသောက်ပါ။

ဒီလိုတွေလုပ်လို့မှ မသက်သာဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသပြီး Round loop extractor ခေါ် ဆားဝက်ခြံဖယ်တဲ့ ကိရိယာနဲ့ ဖယ်တာ၊ Microdermabrasion လုပ်တာ၊ Chemical peeling လုပ်တာ၊ လေဆာနဲ့ အလင်းကုထုံးတွေနဲ့ကုတာ စသဖြင့် လုပ်နိုင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)

ဆက်စပ် ဆောင်းပါးများ