ဆေးခန်းသွားဖို့လိုမဲ့ အရေပြားပြဿနာများ

ဆေးခန်းသွားဖို့လိုမဲ့ အရေပြားပြဿနာများ

မိန်းကလေး အများစုက လှချင်ကြတာချည်းပဲ။ မျက်နှာ အသားအရေ ဆံပင် ကိုယ်လုံးကိုယ်ထည် စသဖြင့် ကိုယ့်ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးမှာ ပြစ်မျိုးမှဲ့ မထင် လှပချင်ကြပါတယ်။
အထူးသဖြင့် အလှအပ အတွက် အဓိက အရေးအကြီးဆုံး လို့ ဆိုရမယ့် မျက်နှာလို နေရာမျိုးမှာ မျက်နှာအလှအပကို ပျက်စီးစေနိုင်မယ့် အရာတစ်ခုခု ဖြစ်လာရင် မိန်းကလေးတိုင်း စိတ်ညစ်ကြပါတယ်။
မျက်နှာ မှာ တစ်ခုခု ဖြစ်လာတယ် ဆိုရင် သူငယ်ချင်းတစ်ယောက်ယောက် နဲ့ တိုင်ပင်ပြီးတော့ ဖြစ်ဖြစ် ၊ ကိုယ့်ဘာသာ ရှာဖွေ ပြီးတော့ ဖြစ်ဖြစ် ကိုယ့်မျက်နှာ မှာ ဘာဖြစ်နေတယ် ၊ ဘယ် အလှကုန် ပစ္စည်း ကဖြင့် ကိုယ်မျက်နှာပေါ်မှာ ဖြစ်နေတဲ့ အရာကို သက်သာအောင် လုပ်ပေးနိုင်တယ် ဆိုပြီး ဒီဟာကို လိမ်းကြည့်ကြပါတော့တယ်။
အသားအရည် ပေါ်မှာ တစ်ခုခု ဖြစ်တဲ့ အခါ ကိုယ့်ဘာသာ ဖြေရှင်းလို့ရတဲ့ အခြေအနေတွေလည်း ရှိပါတယ် ( ဥပမာ- အသားအရေ ခြောက်သလို ခံစားရတဲ့ အတွက် အစိုဓာတ် ကို ပေးနိုင်တဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးတာမျိုး ၊ အပြင်ထွက်တာ များပြီး နေလောင်တဲ့ အခါမှာ ဒါကို ပြန်သက်သာစေမယ့် အလှကုန်ပစ္စည်းကို သုံးတာမျိုး စသဖြင့် ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ချို့သော အခြေအနေ တွေဟာ သက်ဆိုင်ရာ အရေပြားအထူးကု ဆရာဝန် နဲ့ ပြသမှ ပျောက်ကင်းမှာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေဟာလည်း ဆိုးလာမယ် ဆိုရင် ( အသားအရေ ခြောက်ရုံသာမက ကွဲအက်လာတာ ၊ နေလောင်ပြီးတဲ့ နောက် အဖုတွေ ပေါ်လာတာ ၊ ရေကြည်ဖု ဖြစ်တာ ) ဆရာဝန် နဲ့ ပြသတာဟာ အကောင်းဆုံးနည်းလမ်း ပါပဲ။

မျက်နှာ ပေါ်မှာ အဖြစ်များတဲ့ ပြဿနာ
ဝက်ခြံ ပေါက်တာဟာ မျက်နှာပေါ်က အဖြစ်များတဲ့ ပြဿနာ တစ်ခု ပါပဲ။ ဝက်ခြံပေါက်ရခြင်း အကြောင်းရင်းတွေက များပါတယ်။
ချွေးပေါက် ပိတ်ဆို့တာ ၊ အဆီ ပြန်တဲ့ မျက်နှာ မျိုး ဖြစ်တာ ၊ ချွေးပေါက်တွေ ရှိတဲ့ နေရာမှာ အရေပြားကို ရောင်ရမ်းစေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားတာ စသဖြင့် ဖြစ်ပါတယ်။
ဒါကြောင့် ဝက်ခြံ တွေ ပေါက်တဲ့ အခါမှာ ချွေးပေါက် ပိတ်တာကို ဖယ်ရှားဖို့ အတွက် စနစ်တကျ သန့်ရှင်းရေးလုပ်တာ ၊ အဆီပြန်တယ် ဆိုရင် အဆီပြန်တဲ့ အသားအရေ အတွက် အလှကုန် ပစ္စည်း တွေကို အသုံးပြုတာ စသဖြင့် ကိုယ်တိုင်လုပ်လို့ ရတဲ့ ကိစ္စတွေ ရှိတာ အမှန်ပါပဲ။
ဒါပေမဲ့ ဒါတွေ လုပ်ပေးရဲ့ သားနဲ့ ဝက်ခြံတွေ မသက်သာဘူး ဒါမှမဟုတ် မျက်နှာပေါ်မှာ ဝက်ခြံ ပေါက်တာတင် မကဘူး မျက်နှာပါ ရောင်နေတယ် ဆိုတာမျိုး ဆိုရင်တော့ ဆရာဝန် နဲ့ ပြသဖို့ လိုလာပါပြီ ။
ဘက်တီးရီးယား ပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ ၊ သူတို့ကြောင့် အသားအရေ ရောင်ရမ်းတာတွေကို ကုသဖို့ အတွက် ပိုးသတ်ဆေး လိုတတ်ပါတယ်။

ဒီလို အချိန်မှာ ဆရာဝန် နဲ့ သွားမပြဘဲ ဝက်ခြံကို သက်သာစေတယ်ဆိုတဲ့ နာမည်ကြီး အလှကုန်တွေကိုသာ သုံးကြည့်လိုက်ပါတယ်။ တစ်ခါတစ်လေ သုံးလိုက်တဲ့ အလှကုန်ဟာ ကမ္ဘာကျော် စိတ်ချရတဲ့ ပစ္စည်းမျိုး မဟုတ်ဘဲ ဝက်ခြံသက်သာတယ်လို့ နာမည်ကြီးလို့သာ ဝယ်သုံးလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။
ဒီအခါ မှာ အခန့်မသင့်ရင့် ပြဿနာတွေ ပိုဆိုးသွားနိုင်ပါတယ်။

အလှကုန် ပစ္စည်း နဲ့ Steroid
နာမည်ကြီးလာတဲ့ အလှကုန် ပစ္စည်းတစ်ခု မှာ Steroid တွေ ထည့်ထားတဲ့ အတွက် အသားအရေပြဿနာ တွေ ဖြစ်ကြတယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်နှစ် ၊နှစ်နှစ် လောက်က ကြားလိုက်ရပါတယ်။
အခုထိလည်း တစ်ချို့သော ကိစ္စတွေ ကြားနေရတုန်းပါပဲ။ နာမည်ကြီးလို့ သုံးကြည့်တာ အစကတော့ သက်သာသွားတယ်။ ရေရှည်သုံးတော့မှ မျက်နှာမှာ ဘယ်လိုတွေ ဖြစ်လာလည်း မသိဘူး စသဖြင့် ဖြစ်ပါတယ်။

Steroid ရဲ့ အာနိသင်
Steroid ဟာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အခြေအနေ တွေမှာ ဆရာဝန်တွေကိုယ်တိုင် သုံးတတ်ကြပါတယ်။
ဒါပေမဲ့ Steroid ကို လိုတာထက် ပိုသုံးမိရင် ဘေးထွက် ဆိုးကျိုးတွေဟာ အလွန်များပါတယ်။
Steroid ကိုရေရှည်သုံးရင် ကိုယ်မှာရှိတဲ့ ခုခံအားကို ကျစေတဲ့ ကိုယ်ထဲကို ပိုးမွှားတွေ ပိုဝင်လာနိုင်ပါတယ်။
ရောဂါပိုးကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေမှာ Steroid သွားသုံးမိရင် အရမ်းကို အန္တရာယ်များပါတယ်။ ရောင်ရမ်းမှု ကို ကျစေတဲ့ အတွက် အစပိုင်းမှာ သက်သာသွားသယောင် ထင်ရပေမဲ့ တကယ်က ပိုဆိုးနေတတ်ပါတယ်။
Steroid ရဲ့ အရေပြားပေါ်မှာ ဖြစ်စေတဲ့ ဆိုးကျိုး
ပိုးတွေကြောင့် ဖြစ်တဲ့ ဝက်ခြံတွေမှာ Steroid ပါတဲ့ အလှကုန်ကို သုံးမိတဲ့ အခါ အချိန်ကြာလာတဲ့ အခါမှာ ရောင်တာက မသက်သာတော့ အပြင် ပိုဆိုးသွားပါလိမ့်မယ်။ ဒီအခါ ဝက်ခြံကြောင့် အမာရွတ်တွေ ပိုဖြစ်သွားပါလိမ့်မယ်။
ဒါ့အပြင် Steroid ဟာ အရေပြားပါးတာတွေ နဲ့ အသားအရောင် ပြောင်းသွားတာတွေကို ဖြစ်စေတဲ့ အတွက် ဒါတွေဟာလည်း အလှအပကို ပျက်စီးစေမှာ ပါပဲ။

ဘယ်လို ကာကွယ်မလဲ
အပေါ်မှာ ပြောခဲ့သလိုပဲ လိုအပ်လာတဲ့ အခြေအနေတွေမှာ အလှကုန် ကိုပဲ အားကိုးမနေပဲ ဆရာဝန်ကို သွားပြဖို့ လိုပါတယ်။
နောက်တစ်ခု က နာမည်ကြီးတယ် ဆိုတိုင်း အလှကုန်တစ်ခုကို အရမ်းမသုံးပဲ ဒီ အလှကုန်ဟာ စိတ်ချရသလား ဘာတွေပါသလဲ ဆိုတာကို အရင်စမ်းစစ်ရမှာပဲ ဖြစ်ပါတယ်။

ဆက်စပ် ဆောင်းပါးများ