ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြမယ်

ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြမယ်

ဆန်ဆေးရေ ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားတဲ့ဆန်ကို ထမင်းအဖြစ်မချက်ခင်မှာ ရေနဲ့ ဆန်ကို ဆေးရာကနေ ရတဲ့ ရေပါ။

ကျွန်တော်တို့ အတော်များများကတော့ ဆန်ဆေးရေကို သွန်ပစ်ကြလေ့ရှိပါတယ်။

သို့သော် ရှေးယခင်ကတည်းက ဆန်ဆေးရေရဲ့ အကျိုးအာနိသင်ကိုသိပြီး ဆန်ဆေးရေကို အလှအပအတွက်သုံးခဲ့တဲ့ လူတွေလည်းရှိပါတယ်။

သုတေသနပညာရှင်များရဲ့ အဆိုအရ ဂျပန်နိုင်ငံရဲ့ Heian ခေတ် (794 AD – 1185) မှာ ဂျပန်အမျိုးသမီးတွေရဲ့ ဆံပင်အရှည်ဟာ ခေါင်းကနေ ခြေဖျားထိရှိပြီး ဆံသားကလည်းကောင်းတယ်လို့ ဆိုပါတယ်။ အဲ့လိုဆံပင်ရှည်ပြီး ဆံသားကောင်းဖို့ကို ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ခဲ့ကြတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။

အဲ့ခေတ်ကာလက တော်တော်ကြာခဲ့ပြီဆိုတော့ တချို့တွေအနေနဲ့ ယုံချင်မှ ယုံပါလိမ့်မယ်။

ဒါပေမယ့် အဲ့ခေတ်က ဂျပန်အမျိုးသမီးတွေရဲ့ ဆံပင်အရှည်လိုမျိုး အခုခေတ် တရုတ်နိုင်ငံ Huangluo ရွာက Yao လူမျိုးစုတွေမှာ တွေ့နိုင်ပါတယ်။ အဲ့လူမျိုးစုတွေရဲ့ ဆံပင်အရှည်က ခြောက်ပေနီးပါးရှိလို့ ဂရင်းနစ် မှတ်တမ်းစာအုပ်မှာ တောင်ဖော်ပြခြင်း ခံရပါတယ်။

ဆံပင်ရှည်တာအပြင် အသက် ၈၀ ကျော်သည်အထိလည်း ဆံပင်ဖြူတာ မရှိကြပါဘူး။

ဒီလို ဆံသားတွေ ရှည်လျားသန်စွမ်းနက်မှောင်ရတဲ့ အကြောင်းရင်းကို မေးမြန်းကြည့်တဲ့အခါမှာ သူတို့ခေါင်းလျှော်တဲ့အခါ ဆန်ဆေးရည်သုံးပြီး ခေါင်းလျှော်တဲ့အတွက် ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။

ခုနောက်ပိုင်း လေ့လာချက်တွေအရလည်း ဆန်ဆေးရေထဲမှာ အလှအပအတွက်နဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ ဓါတ်တွေများစွာပါကြောင်း တွေ့ရပါတယ်။

ဆန်ဆေးရေမှာပါတဲ့ အင်နိုစီတော (Inositol) ဓါတ်ဟာ ဆံပင်ကျွတ်ခြင်းကို ကင်းဝေးစေပြီး ဆံပင်ကို သန်စွမ်းစေပါတယ်။ အမိုင်နိုအက်စစ်ဓါတ်ကလည်း ဦးရေပြားနဲ့ ဆံသားကိုအားဖြည့်ပေးကာ ဆံသားကို ထူထဲစေပါတယ်။

ဒါတွေအပြင် ဆန်ဆေးရေထဲမှာ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ သံဓါတ်၊ မဂ္ဂနီဆီယန်၊ ဆီလီနီယန်၊ ဖောစဖောရပ် စတဲ့ သတ္ထုဓါတ်များစွာနဲ့ အန်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေများစွာလည်း ပါဝင်ပါတယ်။

ဒီလိုဓါတ်တွေများစွာပါတဲ့အတွက် ဆန်ဆေးရေဟာ ဆံပင်ကျန်းမာရေးအတွက်သာမက အသားအရေအတွက်လည်း အထောက်အကူပြုပါတယ်။

အရေပြားမှာ ရောင်ရမ်းပြီး အနီစက်တွေထွက်ပါက ဆန်ဆေးရေကို သုတ်လိမ်းခြင်းဖြင့် သော်လည်းကောင်း ဖြစ်တဲ့အရေပြားနေရာပေါ်ကို ဆန်ဆေးရေထဲစိမ်ထားတဲ့ အဝတ်သန့် ဂွမ်းလေးကို တင်အုပ်ထားပေးခြင်းဖြင့်သော်လည်းကောင်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဆန်ဆေးရေဟာ အသားအရေအစိုဓါတ်ကို ထိန်းပေးနိုင်ပြီး သူ့မှာ အန်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေ များစွာပါတဲ့အတွက် အသားအရေခြောက်သွေ့တာ အရေးအကြောင်းဖြစ်တာတွေအတွက် များစွာ အထောက်အကူပြုပါတယ်။

မျက်နှာ အဆီပြန်လွယ်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်များအနေနဲ့လည်း ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးပါက မွှေးညှင်းပေါက်တွေကို ကျဉ်းမြှောင်းစေပြီး အဆီပြန်မှုကို လျှော့ချပေးတဲ့အတွက် ဝက်ခြံခဏခဏဖြစ်တာကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

ဆန်ဆေးရေ ပြုလုပ်နည်းအနေနဲ့ကတော့

ဆန်ကိုခွက်တဝက်စာ ရေကိုတခွက်စာယူပြီး ဇလုံတခုထဲလောင်းထည့်ကာ အသာအယာဆေးပါ။ အဲ့ဆေးလို့ရတဲ့ရေကို မယူပါနဲ့ဦး။ အညစ်အကြေးတွေ၊ ဆန်ပိုးကောင်တွေပါနိုင်တဲ့အတွက် သွန်လိုက်ပါ။

သွန်ပစ်ပြီးပါက အဲ့ဇလုံထဲကို ရေနှစ်ခွက်ထပ်လောင်းထည့်ပြီး ၁၅ မိနစ် မိနစ် ၂၀ နီးပါးစိမ်ထားပါ။ စိမ်ထားတဲ့အချိန်အတွင်း မွှေပေးပါ။

ထို့နောက် ရေစစ်နဲ့စစ်ပြီး ပုလင်း သို့မဟုတ် ဘူးထဲကို လောင်းထည့်ပါ။

ဒါဆို အသားအရေနဲ့ဆံပင်ကျန်းမာရေးအတွက် ထောက်ကူပေးရန်သုံးလို့ရတဲ့ ဆန်ဆေးရေ ရပါပြီ။

သုံးပုံသုံးနည်းအနေနဲ့ကတော့

ဆန်ဆေးရေနဲ့မျက်နှာသစ်မယ်ဆိုရင်

အဝတ်သန့် သို့မဟုတ် ဂွမ်းကို ဆန်ဆေးရေထဲစိမ်ပါ။ ပြီးရင် အဲ့ဒါနဲ့ မျက်နှာအနှံ့သုတ်လိမ်းပါ။ အရေပြားထဲစိမ့်ဝင်အောင် အသာအယာနှိပ်နှယ်ပေးပါ။ ပြီးရင်ခြောက်သွေ့အောင် ငါးမိနစ်လောက် လေသလပ်ခံပါ။ ထို့နောက် ရိုးရိုးရေနဲ့ မျက်နှာသစ်ချလိုက်ပါ။

ဆန်ဆေးရေနဲ့ ခေါင်းလျှော်မယ်ဆိုရင်

ဦးစွာ ဆံပင်ကိုခေါင်းလျှော်ရည်နဲ့လျှော်ပါ။ ထို့နောက်မှာမှ ဆန်ဆေးရေနဲ့လောင်းပြီး တခေါင်းလုံးကို ငါးမိနစ်ခန့်ညင်သာစွာနှိပ်ပေးပါ။ ထို့နောက် ရေနဲ့ပြန်လောင်းချလိုက်ပါ။

ဆန်ဆေးရေနဲ့ မျက်နှာသစ်တာကတော့ နေ့တိုင်း မနက် သို့မဟုတ် ညတကြိမ်လုပ်ပေးပါ။

ခေါင်းလျှော်တာကတော့ တပတ်မှာ တကြိမ် သို့မဟုတ် နှစ်ကြိမ် လျှော်ပေးပါ။

ဒီလိုပုံမှန်လုပ်ပေးမယ်ဆိုရင် တလ နှစ်လလောက်အတွင်းမှာ သိသိသာသာထူးခြားလာမှာဖြစ်ပါတယ်။

Dr သီတာနွယ် (အမရပူရ)

ဆက်စပ် ဆောင်းပါးများ