fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 316 Total Cases
😥 6 Deaths
😇 245 Recovered

မျက်နှာပေါ်က အန္တရာယ်အရှိဆုံးနေရာ (Triangle of Death)

မျက်နှာပေါ်က အန္တရာယ်အရှိဆုံးနေရာ (Triangle of Death)

မျက်နှာမှာ ဝက်ခြံတွေပေါက် အဖုတွေပေါက်တဲ့အခါ  ညှစ်ပစ်လိုက်ချင်စိတ် ဖောက်ပစ်လိုက်ချင်စိတ်တွေ  ဝင်တတ်ကြပါတယ်။ အဲဒီလို လုပ်ပစ်လိုက်ရမှ စိတ်ထဲမယ် ကျေနပ်သလိုလို အားရသလိုလို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးကို ပြီးအောင်ဖတ်လိုက်ရင်တော့ အဲ့ဒီအလေ့အထဟာ သိပ်ကို အန္တရာယ်ကြီးမှန်း  သိသွားပါလိမ့်မယ်။

အမှန်ပါပဲ။ အမှုမဲ့အမှတ်မဲ့ ညှစ်လိုက်မိ ဖောက်လိုက်မိတဲ့ ဝက်ခြံ ဒါမှမဟုတ် မျက်နှာပေါ်က အဖုလေးတစ်ဖုကနေ  သင့်ကို ဦးနှောက်အမြှေးရောင်၊ လေဖြတ်ခြင်းစတဲ့ ဆိုးဆိုးဝါးဝါး ဝေဒနာတွေဖြစ်သွားစေနိုင်သလို  အခန့်မသင့်ရင် မျက်စိကွယ်တဲ့အထိပါ ဖြစ်သွားစေနိုင်ပါတယ်။ မယုံမရှိလိုက်ပါနဲ့။ ဒါဟာ လက်ရှိကမ္ဘာ့ထိပ်တန်း အရေပြားဆရာဝန်တွေကိုယ်တိုင်က သတိပေးထားတဲ့ အချက်တစ်ချက်ပါ။

လူတွေဟာ မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေ အဖုအထစ်တွေနဲ့ ပတ်သက်ပြီး အတော်အသင့် သိထားကြပါတယ်။ ဥပမာ  ညှစ်လိုက်တဲ့အနားတဝိုက်မှာ ရောင်ရမ်းနေမယ်၊ အမည်းကွက်တွေ အပေါက်တွေ  အမာရွတ်တွေ ကျန်ခဲ့မယ် စသဖြင့်ပေါ့။ ဒါပေမဲ့ တော်တော်များများ မသိကြတာက မျက်နှာမှာ သိပ်ကို အန္တရာယ်ပေးနိုင်တဲ့ ဧရိယာတစ်ခုရှိတယ်ဆိုတာပါပဲ။

မျက်ခုံးနှစ်ခုကြား နှာခေါင်းအပေါ်ပိုင်း အမှတ်တစ်ခုရယ်  နှုတ်ခမ်းရဲ့  ထောင့်စွန်းမှတ်နှစ်ခုရယ်ကို ဆက်ပြီးဆွဲထားတဲ့ ဒီတြိဂံပုံစံဧရိယာဟာ ဘယ်လောက်တောင် အန္တရာယ်ကြီးသလဲဆို ” သေမင်းတမာန်တြိဂံ” (Triangle of Death) လို့တောင် ခေါ်တဲ့အထိပါပဲ။ ဒီဧရိယာထဲမှာ ဝက်ခြံညှစ်တာ အဖုညှစ်တာတွေဟာ အခန့်များမသင့်ခဲ့ရင် သင့်ကို သေတောင်သေသွားစေနိုင်ပါသတဲ့။

အဲဒီ ဧရိယာကို အထောက်အပံ့ပေးထားတဲ့ သွေးကြောလေးတွေဟာ ဦးနှောက်ထဲကိုလည်း စီးဆင်းကြပါတယ်။ ဒီတော့ ဝက်ခြံညှစ်အဖုညှစ်တဲ့အခါ ကိုယ့်လက်ထဲက မမြင်နိုင်တဲ့ အညစ်အကြေးတွေ ပိုးမွှားတွေ၊ လေထုထဲက ပိုးမွှားအညစ်အကြေးတွေဟာ အဲဒီညှစ်ထားလို့သွေးထွက်ဘာထွက်ဖြစ်နေတဲ့ အနာကတစ်ဆင့် ဦးနှောက်ထဲအထိ တိုက်ရိုက်ရောက်ရှိသွားနိုင်ပါတယ်။

အဲဒီလို ပိုးတွေ ဝင်ရောက်တဲ့အခါ ဦးနှောက်ထဲမှာ သွေးခဲလေးတွေဖြစ်စေပြီး ကိုယ်တခြမ်းသေတာ တကိုယ်လုံးလေဖြတ်တာတွေ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလို ဝက်ခြံညှစ်တဲ့အနာကနေ ပိုးဝင်တာကို မကုပဲထားလိုက်မယ်ဆိုရင် မျက်စိကွယ်တာ ဦးနှောက်အမြှေးရောင်တာ  ဦးနှောက်ထဲမှာပြည်တည်တာတွေအထိ
ခံစားရနိုင်ပါတယ်။ တခါတလေ အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။

ခုလို ဝက်ခြံညှစ်တဲ့အနာကနေ ဦးနှောက်ထဲအထိ ပိုးဝင်တယ်ဆိုတာ ဖြစ်တော့ဖြစ်ခဲပါတယ်။ဒါပေမဲ့ ဖြစ်လာခဲ့ပြီဆိုရင်တော့ လူ ၁၀၀ မှာ ၃၀ လောက် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေပါတယ်။ အမေရိကန်အခြေစိုက် ဆရာဝန်ကြီးတစ်ယောက်ကတော့ ဝက်ခြံညှစ်တာသာမက နှာခေါင်းထဲက အမွှေးတွေ နှုတ်တာကလည်း ခုပြောခဲ့တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ပြောပါတယ်။

အဆုံးသတ်ရရင် ခုကိစ္စဟာ “မဖြစ်ရင်တော့ မဖြစ်ဘူး၊ ဖြစ်ရင်တော့ မလွယ်ဘူး ” ဆိုတဲ့ကိစ္စမျိုးမှန်း သိသာပါတယ်။ ဒါကြောင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဒီတြိဂံဧရိယာအပြင် မျက်နှာအသားအရေကို တတ်နိုင်သလောက် ထိန်းသိမ်းဖို့ လိုအပ်ပါမယ်။ ဝက်ခြံတွေအဖုတွေပေါက်လာခဲ့ရင်လည်း အတတ်နိုင်ဆုံး  မညှစ်ပဲ မဖောက်ပဲ ထားနိုင်အောင် ကြိုးစားဖို့ လိုကြောင်း သတိပေးလိုက်ရပါတယ်။

Dr.လန်း

ဆက်စပ် ဆောင်းပါးများ