fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

20 – Confirmed
1 – Death
0 – Recovered

အစာအိမ်အချဉ်ပေါက်ခြင်း

 

အစာအိမ်ဆိုတာဟာ နေ့စဉ်နေ့တိုင်းကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေကို ချေဖျက်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရင်ညွန့်အောက်အပိုင်း (epigastrium)နဲ့ ဝမ်းဗိုက် ဘယ်ဘက်အပေါ်ခြမ်းအပိုင်း (Left hypochondrium) တို့မှာ တည်ရှိပါတယ်။ အစာချေအဖွဲ့အစည်း(Digestive System)မှာ အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။

ကျွန်တော်တို့ အစားအသောက်တွေ စားသောက်တဲ့အခါမှာ အရင်ဆုံး ပါးစပ်ထဲမှာ ကြေညက်အောင်သွားတွေက ဝါးပေးပါတယ်။ အဲ့အခါမှာ ပါးစပ်ထဲက တံတွေးနဲ့ အစားတွေနဲ့ ရောသွားပြီး အစာလုံးအသေးလေးတွေအနေနဲ့ ပထမအဆင့် အစာကြေညက်ခြင်း ဖြစ်ပါတယ်။

ထိုတံတွေးနဲ့ အစာတွေနဲ့ ရောထားတဲ့ အစာလုံးအသေးတွေဟာ အစာရေမျိုပြွန်(Oesophagus) ကနေတဆင့် အစာအိမ်ထဲကို ရောက်လာပါတယ်။ အဲ့အခါမှာ အစာအိမ်နံရံတွေကနေ ထိုအစာလုံးတွေကို ချေဖျက်ဖို့အတွက် ဟိုက်ဒရိုကလိုရစ်အက်စစ် ထွက်လာပါတယ်။

အစာအိမ်ကနေ အစာချေဖျက်ဖို့ တစ်နေ့တစ်နေ့ထုတ်တဲ့ ဟိုက်ဒရိုကလိုရစ်အက်စစ်ဟာ ဆန်းကစ် ၊စပရိုက်စ် စတဲ့သံဗူး အချိုရည်တွေရဲ့ သံဗူးခွံကို အရည်ပျော်အောင် လုပ်နိုင်တဲ့အထိ ပြင်းပါတယ်။ ဒါကြောင့် သဘာဝက အစာအိမ်အတွင်းက ထွက်လာတဲ့ အက်စစ်ဓာတ်က မိမိအစာအိမ်ကို ပြန်လောင်ကျွမ်းတာမျိုး မဖြစ်ဖို့အတွက် အကာအကွယ် အလွှာနဲ့ အုပ်ထားပါတယ်။

အကြမ်းအားဖြင့် အစာအိမ်ရောဂါ ဖြစ်ရခြင်း အကြောင်းရင်း နှစ်ခု ရှိပါတယ်။

နံပါတ် ၁ အကြောင်းကတော့

-ရောဂါတစ်ခုခု (H pylori ပိုးဝင်ခြင်း၊ အစာအိမ်ကင်ဆာဖြစ်ခြင်း)
-အကြောင်းတစ်ခုခု (ဥပမာ စိတ်ဖိစီးမှုများခြင်း၊ ဒေါသထွက်ခြင်း၊ ဆီကြော်တွေ အစားများခြင်း၊ အပူအစပ်တွေ အစာများခြင်း၊ အကိုက်အခဲပျောက်ဆေးတွေကိုဆရာဝန်ညွန်ကြားမှုမရှိဘဲ မိမိဘာသာရေရှည်အလွန်အကျွံ့ စွဲသောက်ခြင်း သို့မဟုတ် ခဏခဏသောက်ခြင်း)ကြောင့် အက်စစ်ဓာတ်ထွက်တာလွန်ကဲလာပြီးအစာအိမ်ရောဂါ ဖြစ်တာပါ။

ဦးနှောက်ကိုအသုံးချရတာများပြီး စိတ်ဖိစီးမှုများတဲ့ ကျောင်းသားကျောင်းသူတွေ၊ တာဝန်ကြီးကြီးယူထားရတဲ့ အကြီးအကဲအရာရှိတွေ၊ စိတ်ပူပန်တတ်တဲ့သူတွေ၊ ငွေပမာဏ များများရင်းထားပြီး လုပ်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ၊ မနာလိုစိတ် များတဲ့သူတွေ၊ ဒေါသတအားကြီးသူတွေမှာဆိုရင် အာရုံကြောတွေ လှုံဆော်မှု တအားများပြီး အာရုံကြောတွေက တအား လှုပ်ရှားမှုများပါတယ်။ အဲ့အခါမှာ အစာအိမ်အတွင်းက အက်စစ်ထုတ်လုပ်တဲ့နေရာတွေကို ပိုမိုအလုပ်လုပ်လာစေပြီး အက်စစ်ဓာတ်က ရှိသင့်တာထက် ပိုထွက်လာပြီး အစာအိမ်ရောဂါ ဖြစ်လာပါတယ်။

နံပါတ် ၂ ကတော့

အစာအိမ်ကို ဖုံးအုပ်ထားတဲ့ အကာအကွယ်အလွှာ ပါးလာပြီး အစာအိမ်ရောဂါ ဖြစ်တာပါ။

ဆေးလိပ်အရက်သောက်သုံးခြင်း၊ အစားစာချိန်မမှန်ခြင်း၊ H pylori ပိုးဝင်ခြင်း၊ အစာအိမ်ကို ထောက်ပံ့တဲ့ သွေးကြောကျဉ်းပြီး အစာအိမ်သို့ သွေးရောက်နည်းခြင်း၊ နံပါတ်၁မှာ ဖော်ပြခဲ့သလိုအစာအိမ်အတွင်း အက်စစ်ဓာတ်က ရှိသင့်တာထက် အကြောင်းတစ်ခုခုကြောင့် ပိုများနေခြင်း တွေဖြစ်တဲ့အခါမှာ ကြာလာရင် အစာအိမ်ကို အကာကွယ်ပေးတဲ့ အလွှာပျက်စီးလာပြီး အစာအိမ်ရောဂါ ဖြစ်လာပါတယ်။

အစာအိမ်ရောဂါကို တချို့က ရင်ပူ လေထိုးလေအောင့် ရောဂါလို့လည်းခေါ်သလို တချို့ကလည်း လေတက်တဲ့အခါမှာ ပါးစပ်အတွင်းကို အချဉ်ဓာတ်ပါလာခြင်းကြောင့် အစာအိမ်အချဉ်ပေါက်တာ၊အစာအိမ်ရောင်တာလို့လည်း ခေါ်ကြပါတယ်။

အစာအိမ်ရောဂါရဲ့ လက္ခဏာတွေကတော့

ရင်ညွန့် ၊ ဝမ်းဗိုက်အပေါ်ပိုင်းတစ်ဝိုက်တွင် ပူလောင်နေခြင်း၊ (ရင်ပူခြင်း) ဗိုက်အောင့်ခြင်း၊ အစာမကျေသကဲ့သို့ ခံစားရခြင်း၊ မူးဝေ ၊ ပျို့အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လေအန်ခြင်း ၊ လေချဉ်တက်ခြင်း စသဖြင့်ပါ။

အစာအိမ်ရောဂါ ပိုမိုးဆိုးရွားတဲ့ အဆင့်မှာဆိုရင်တော့ မခံမရပ်နိုင်အောင် ဗိုက်နာတာ၊ သွေးအန်တာ၊ကတ္တရာလိုမျိုး ဝမ်းမည်းမည်းသွားတာမျိုးတွေထိပါ ဖြစ်နိုင်တယ်။ ဒီအခြေအနေဆိုရင်တော့ ဆေးရုံကို ချက်ချင်းပြသပြီး သေချာကုသမှု ခံယူသင့်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ အစာအိမ်ရောဂါဟာ အများအားဖြင့် အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် ဆရာဝန်တွေအနေနဲ့ အက်စစ်ဓာတ်လျော့နည်းအောင် Anti acid (အန်တီအက်စစ်) ဆေးတွေကို ပေးလေ့ရှိပါတယ်။

သို့သော် အစာအိမ်ရောဂါ ဆိုတာဟာ ဆေးတစ်ခုတည်းကိုပဲ အားကိုးလို့ မရပါဘူး။ လူနာကိုယ်တိုင်ကလည်း အစားအသောက် အနေအထိုင် ဆင်ခြင်ဖို့ လိုပါတယ်။ အဲ့လိုမဟုတ်ပါက ရောဂါမပျောက်ဘဲ ပိုဆိုးတာ၊ သို့မဟုတ် ခဏခဏ ပြန်ပြန်ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောဂါ ဖြစ်ဖူးသူများအနေနဲ့ အစားသောက်တွေကို အချိန်မှန်မှန်စားဖို့ အကျင့်လုပ်ထားသင့်ပါတယ်။ အစာစားရာမှာလည်း ကြေညက်စွာဝါးပြီးမှ မျိုချသင့်ပါတယ်။ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲစားသင့်ပါတယ်။

အစာအိမ်ရောဂါ သက်သာနေချိန်မှာ အပူအစပ်၊ အချဉ်တွေကိုလည်း အလွန်အမင်း စားတာမျိုးကိုလည်း ရှောင်ပါ။ စိတ်ဖိစီးမှု နည်းအောင် နေပါ။ စိတ်ကို ငြိမ်းချမ်းအောင် ထားပါ လို့ အကြံပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။

Author : Dr. 528

 

 

 

ဆက်စပ် ဆောင်းပါးများ