အရွယ်ရောက်သူများ၏ ၁ရာခိုင်နှုန်းနှင့် ကလေးငယ် ၅ရာခိုင်နှုန်းတွင် ခန္ဓာကိုယ်၏ခုခံအားပေးစနစ်မှ တုန့်ပြန်မှုကြောင့်ဖြစ်ရသော အမှန်တကယ်ဓာတ်မတည့်ခြင်းများ ရှိကြပါသည်။
အမှန်တကယ်အစားအသောက်နှင့် ဓာတ်မတည့်ခြင်းကြောင့် ပြင်းထန်သော လက္ခဏာများဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် အစားအစာတစ်ခုခုကို မိမိနှင့်မတည့်ပါက အမြဲတမ်းပြသနေသော ဆရာဝန်နှင့်တိုင်ပင်ပြသရပါမည်။
အစားအသောက်ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေရှိသူများ
မိသားစုအတွင်း ရင်ကျပ်ပန်းနာရှိသူများ၊ အင်ပျဉ်ကဲ့သို့ အနီပြင်များထတတ်သူများနှင့် နှင်းခူကဲ့သို့ နာတာရှည်အရေပြား ရောဂါရှိသူများသည် အစားအသောက်ဓာတ်မတည့်ခြင်းဖြစ်နိုင်ခြေ အန္တရာယ်ရှိသူများဖြစ်ပါသည်။
ဖြစ်တတ်သော အသက်အရွယ်
ကလေးငယ်များနှင့် လမ်းလျောက်တတ်စအရွယ်များတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။ အသက်အရွယ်ရလာသည်နှင့်အမျှ အစာခြေလမ်းကြောင်းကောင်းစွာ ဖွံ့ဖြိုးလာခြင်းကြောင့် ဓာတ်မတည့်မှုဖြစ်စေနိုင်သည့် အစာများစုပ်ယူမှုနည်းသွား၍ အဆိပ်သင့်ခြင်းနည်းပါးတတ်ပါသည်။ ကလေးငယ်များသည် ငယ်စဉ်က နို့၊ ဂျုံနှင့် ဥအမျိုးမျိုး ဓာတ်မတည့်တတ်သော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ကြီးလာပါက ပြန်ကောင်းသွားတတ်ကြပါသည်။ သို့ရာတွင် အခွံအမာအသီးစေ့များနှင့် ပင်လယ်စာ တချို့ဓာတ်မတည့်ခြင်းသည် တစ်သက်လုံးဖြစ်သွားတတ်ပါသည်။
ရောဂါဖြစ်စေသော အကြောင်းအရင်း
အစားအသောက်နဲ့ပတ်သတ်ပြီး ဓာတ်မတည့်ခြင်းဖြစ်ရသော အကြောင်းအရင်းများမှာ အဆိပ်သင့်စေသော အစာများ (ဥပမာ – မှိုအချို့နှင့် မလတ်ဆတ်သော ဆီသွတ်ဘူးများ) ကို စားသုံးမိခြင်း၊ အူများတွင် ခံနိုင်ရည်မရှိခြင်းနှင့် စားလိုက်သော အစာကိုချေဖျက်ထုတ်ရန် ခန္ဓာကိုယ်မှ ဓာတ်တိုး၊ ဓာတ်ကူပစ္စည်းအင်ဇိုင်းထုတ်ပေးသည့် ပမာဏနည်းခြင်း (သို့မဟုတ်) လုံးဝမထုတ်ခြင်းတို့ဖြစ်ပါသည်။ အစားအသောက်မတည့်ခြင်းအဖြစ်များသော အကြောင်းအရင်းမှာ ဥအမျိုးမျိုး၊ မြေပဲဆီ၊ ငါး၊ ပင်လယ်စာ ဖြစ်သော ပုစွန်အမျိုးမျိုး၊ ဂဏန်းနှင့် အခွံမာသီးမှ ထွက်သော စေ့အဆန်များပါဝင်သော ပရိုတင်းဓာတ်မတည့်ခြင်းပင်ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
အစားအသောက်ဓာတ်မတည့်ခြင်း၏ ရောဂါလက္ခဏာအများစုသည် အစာစားပြီး နာရီပိုင်းအတွင်း ဖြစ်တတ်ပါသည်။ အဖြစ်များသော လက္ခဏာများမှာ ယားယံခြင်း၊ အနီပြင်ကွက်များထွက်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ပျို့အန်မူးဝေခြင်း၊ ဝမ်းသွားခြင်း၊ မူးဝေခြင်း၊ ခေါင်းမကြည်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်းနှင့် လည်ချောင်းများ ရောင်ရမ်းလာခြင်း၊ အသက်ရှူမဝခြင်းနှင့် ပိတ်ခြင်းတို့ဖြစ်ပါသည်။
အထက်ပါလက္ခဏာများထက် ပြင်းထန်ပါက လေပြွန်များရောင်ရမ်း၍ ကျဉ်းမြောင်းကာ လည်မျိုတွင်ရောင်ရမ်းလာပြီး အသက်ရှူရခက်လာခြင်း၊ သွေးပေါင်အလွန်ကျ၍ သွေးလန့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးဝေခြင်းနှင့် သတိလစ်ခြင်းများ ခံစားရနိုင်ပါသည်။ မလတ်ဆတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်တချို့နှင့် ဝတ်မှုန်များကြောင့် ခံတွင်းတစ်ဝိုက်တွင် ထုံကျဉ်ခြင်း၊ ယားယံခြင်းများ ဖြစ်တတ်ပါသည်။
ရောဂါဆန်းစစ်ခြင်း
အမှန်တကယ်ဓာတ်မတည့်ခြင်းဖြစ်ပါက စားသောအစာ၊ ပမာဏ၊ မိသားစုတွင်း ရာဇဝင်ရှိမှုနှင့် လက္ခဏာများကို ဆရာဝန်ကိုပြောပြရပါမည်။ စားသောအစာများကို မှတ်သားထားရပါမည်။ သံသယဖြစ်ဖွယ် အစာများကို ဖော်ထုတ်နိုင်ရန် ဆေးစစ်ရပါမည်။ လိုအပ်ပါက အရေပြားတွင် စမ်းသပ်မှုပြုလုပ်ရပါမည်။ သွေးဖောက်စစ်ဆေးခြင်းများလည်း ပြုလုပ်ရပါမည်။
ကာကွယ်ခြင်း
ကလေးငယ်များတွင် ဓာတ်မတည့်မှုလျော့ကျစေရန် မိခင်နို့တစ်မျိုးတည်းကိုသာ မွေးစမှ ခြောက်လထိတိုက်ကျွေးခြင်း၊ ဖြည့်စွက်စာ အထူးသဖြင့် အစာများကို စောစီးစွာ မကျွေးခြင်း၊ ဓာတ်မတည့်မှုဖြစ်စေတတ်သော အစာများကို ကလေးအသက်တစ်နှစ်အောက်တွင် မကျွေးခြင်း၊ အသက်သုံးနှစ်မကျော်မီ အခွံမာစေ့များနှင့် ပင်လယ်စာများ မကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ် ဓာတ်မတည့်မှုဖြစ်စေတတ်သော အစာများကို ရှောင်ရှားခြင်းများပြုလုပ်ရပါမည်။
အကြံပြုချက်
မိမိစားသောအစားအစာ၊ သော်သော အရည်တိုင်းတွင် ပါဝင်မှုကို သိရှိနိုင်ရန် အညွှန်းကိုသေချာဖတ်ရပါမည်။ တစ်ခါဓာတ်မတည့်မှုဖြစ်ဖူးပါက မိမိနှင့်အတူ ရောဂါမှတ်တမ်းကို မကွာထားရပါမည်။ အရေးပေါ်အခြေအနေတွင် သုံးရန်ဆေးများကို မိမိဆရာဝန်ကိုမေးထားပြီး အမြဲဆောင်ထားရပါမည်။ ရင်ကျပ်သူဖြစ်ပါက စားသောက်ဆိုင်များတွင် စားသောက်စဉ် ဆာလ်ဖာ(ကန့်) ဒြပ်ပေါင်းပါဝင်မှု၊ အစားအသောက်ဝယ်ယူစဉ်ပါဝင်မှုကို စစ်ဆေးရပါမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။
AUTHOR – ဒေါက်တာကောင်းစံ
#Health Care Journal(အတွဲ(၇)၊ အမှတ်(၂၁))