အာသီးဆိုသည်မှာ လည်ချောင်းအတွင်းဘက်ရှိ တစ်ဖက်ဆီတွင်ရှိသော အဖုလေးနှစ်ဖုဖြစ်သည်။ ၎င်းတို့သည် ရောဂါများကို ခုခံကာကွယ်မှုပြုလုပ်ပေးပြီး ခန္ဓာကိုယ်သို့ ရောဂါပိုးများမဝင်ရောက်နိုင်အောင် ကူညီပေးသည်။
အာသီးကလေးများ ရောဂါပိုးကူးစက်ခံရပါက အာသီးကလေးများနီရဲရောင်ရမ်းလာကာ ထိုအခြေအနေကို အာသီးရောင်ခြင်းဟုခေါ်သည်။
အာသီးရောင်ခြင်းသည် မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပြီး အဓိကအားဖြင့် ကလေးငယ်များ တွင်အများဆုံး တွေ့ရတတ်ပါသည်။ ၄နှစ်မှ ၁၂နှစ်အရွယ်ကလေးများတွင် အာသီးရောင်ခြင်းအများဆုံးဖြစ် သည်။ ကူးစက်တတ်သောရောဂါဖြစ်ပြီး အဓိကအားဖြင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတတ်ကာ Strep ဘက်တီးရီးယားမှာ အဖြစ်များဆုံးဖြစ်သည်။ ရောဂါရှာဖွေရလွယ်ကူပြီး လက္ခဏာများမှာ ၇ ရက်မှ ၁၀ရက်အတွင်း ပျောက်ကင်းသက်သာလေ့ရှိသည်။
ဖြစ်ပွားစေသောအကြောင်းအရင်း
အာသီးသည် နေမကောင်းမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ သွေးဖြူဥများကို ထုတ်လုပ်ပေးပြီး ရောဂါပိုးများအား တိုက်ထုတ်ပေးသည်။ ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး Strep ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော အာသီးရောင်ခြင်းမှာ အမေရိကန်နိုင်ငံ မိသားစုသမားတော်များ အကယ်ဒမီ (AAFP) ၏အဆိုအရ ၁၅ မှ ၃၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ဗိုင်းရပ်စ်များသည် အာသီးရောင်ခြင်း၏အဓိက တရားခံဖြစ်သည်။ Epstein Barr ဗိုင်းရပ်စ်သည် အာသီးရောင်းခြင်းဖြစ်စေကာ အဖျားနှင့်ဆက်စပ်၍ သွေးထဲတွင်ပုံမှန်မဟုတ်သော သွေးဖြူဥများစေသော ရောဂါကို နောက်ဆက်တွဲအဖြစ် ခံစားရနိုင်ပါသည်။
ကလေးငယ်များသည်ကျောင်းတွင် တစ်ယောက်နှင့်တစ်ယောက် ဆော့ကစားထိတွေ့သဖြင့် ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများ ထိတွေ့နိုင်သည်။ ထိုမှတဆင့် ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများကူး စက်ကာအာသီးရောင်ခြင်းကို ဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာများ
အာသီးရောင်ခြင်းအမျိုးအစားများစွာရှိပါသည်။ ထိုအထဲမှအများဆုံးတွေ့ရတတ်သောလက္ခဏာများမှာ ပြင်းထန်စွာလည်ချောင်းနာခြင်း၊ မျိုချရာတွင်ခက်ခဲခြင်း၊ နာကျင်ခြင်း၊ စကားပြောရာတွင် အက်ကွဲကွဲအသံဖြစ် ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ လည်ပင်း တောင့်တင်းခြင်း၊ အကျိတ်အဖုများရောင်ရမ်းခြင်းကြောင့် မေးရိုးနှင့်လည်ပင်းနာခြင်း၊ အာသီးရောင်ခြင်း၊ နီရဲခြင်း၊ အာသီးတွင်အဖြူ (သို့မဟုတ်) အဝါရောင်အစက်ကလေးများ တွေ့ရခြင်းစသည်တို့ အများဆုံးတွေ့ရ တတ်သည်။ အလွန်ငယ်ရွယ်သော ကလေးများတွင် ဂနာမငြိမ်ဖြစ်ခြင်း၊ အစားအသောက်နည်းသွားခြင်းနှင့် ပါးစပ်မှ အလွန်အကျွံသွားရည်ကျခြင်းများ တွေ့ရပါက အာသီးရောင်ခြင်းဖြစ်နိုင်ကြောင်း သတိထားသင့်သည်။
အဓိကအားဖြင့် အာသီးရောင်ခြင်းနှစ်မျိုးရှိသည်။ မကြာခဏဖြစ်တတ်သော အာသီးရောင်ခြင်းနှင့် နာတာရှည်အာသီးရောင်ခြင်းတို့ ဖြစ်သည်။ မကြာခဏဖြစ်တတ်သော အာသီးရောင်ခြင်းမှာ တစ်နှစ်အတွင်း ရုတ်တရက်အာသီးရောင်ခြင်း အနည်းဆုံးသုံးကြိမ်ဖြစ်တတ်သည်။ နာတာရှည်အာသီးရောင်ခြင်းမှာ ရုတ်တရက် အာသီးရောင်ခြင်းထက် အချိန်ကြာမြင့်စွာ ဖြစ်တတ်ပြီး နာတာရှည် လည်ချောင်းနာခြင်း၊ အသက်ရှုခက်ခဲခြင်းနှင့် လည်ပင်းတွင် နာစေနိုင်သော အကျိတ်ကို တွေ့ရတတ်သည်။
အာသီးရောင်ခြင်းကိုရောဂါရှာဖွေခြင်း
အာသီးရောင်ခြင်းသည် အဓိကအားဖြင့် ဆရာဝန်၏စမ်းသပ်မှုအရ သိရှိနိုင်သည်။ လည်ချောင်းမှ နမူနာရယူနိုင်ပြီး ဓာတ်ခွဲခန်းပို့ကာ မည်သည့်ပိုးကြောင့် ဖြစ်ကြောင်းသိရှိကာ ကုသနိုင်ပါသည်။
AUTHOR – ဟိန်းဇာနည် (ဆေး – ၂)
Health Care Journal (Vol: – 7, No – 17)