တိုက်ဖွိုက်ရောဂါကို ပေါ့ပေါ့မတွေးပါနှင့်
ဒီလအတွက် ဒေါက်တာရဲအောင်တစ်ယောက် ပြင်ပလူနာဌာနမှာတာဝန်ကျတယ်။ ပြင်ပလူနာဌာနမှာ တာဝန်ကျတဲ့ဆရာဝန်တွေကအရမ်းပင်ပန်းလေ့ရှိတယ်လေ။သာမန်ဖျားရုံနာရုံလူနာလောက်ဆိုစမ်းသပ် ဆေးစာလေးရေးပေးပြီးနောက်တစ်ရက်ပြန်ချိန်း။ ဆေးရုံတက်ရမယ့် လူနာမျိုးဆိုရင်တော့ လိုအပ်တဲ့ စာရွက် စာတမ်းတွေကအစဆေးရုံတက်ဖို့ အကုန်ပြင်ဆင်ပေးရတယ်။
တစ်နေ့ကညနေပိုင်းလောက် အမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်နဲ့ တွဲပြီး ဆေးရုံ လာပြတယ်။ လူနာအမျိုးသားကဖျားနေတာလေးငါးရက်လောက်ရှိပြီ။ ဗိုက်လည်းအောင့်တယ်၊ အန်လည်း အန်ချင်နေတာ တစ်ချိန်လုံးပဲ။ အစာစားလို့လည်းမရ ပြန်ပြန်အန်နေတယ်။ လူနာကလည်း နုံးနေတယ်။ ဒါနဲ့ လူနာကိုစမ်းကြည့်တော့ အဖျားတက်နေတဲ့အပြင် သွေးခုန်နှုန်းနည်းနေတယ်။
ရင်ဘတ်ပေါ်မှာလည်း အနီစက် လေးတွေ တွေ့ရတယ်။ပါးစပ်ဟခိုင်းကြည့်တော့လျှာကထူနေတယ်။တိုက်ဖွိုက်ပေါ့။ သေချာပါတယ်။ ဝမ်းချုပ် သလားမေးတော့ ဘာမှမစားတော့ ဝမ်းလည်းမသွားဖြစ်ဖူးတဲ့။ အသည်းနဲ့ ဘေလုံးစမ်းကြည့်တော့ ကြီး နေတယ်. တိုက်ဖွိုက်ဆိုတာသေချာအောင် သွေးစစ်ကြည့်တယ်။ ထင်တဲ့အတိုင်းဟုတ်ပါတယ်။အူရောင်ငန်းဖျားလို့ မြန်မာနာမည်ပေးထားတဲ့တိုက်ဖွိုက်ဟာတိုက်ဖွိုက်ရောဂါပိုးပါတဲ့အစာနဲ့ ရေတွေကို သောက်သုံးမိတာကစပါတယ်။အဲ့ဒီနောက်တော့ ရောဂါပိုးဟာအစာနဲ့အတူတူအူလမ်းကြောင်းထဲကိုရောက်၊ ပြီးတာနဲ့ အူလမ်းကြောင်းမှာရှိတဲ့ lymph nodes တွေမှာ နေပြီး ပွားများလာတယ်။ ဒါပြီးတော့ မစင်ကတဆင့် အပြင်ကို စွန့်ထုတ်ပါတယ်။
အဲ့ဒီလိုစွန့်ထုတ်လိုက်တဲ့ အခါ မသန့်ရှင်းတဲ့အိမ်သာတွေထဲကတစ်ဆင့် ဖြစ်ဖြစ်လူတွေ သောက်ရေသုံးရေကန်တွေထဲရောက်သွားတတ်တယ်။ အဲ့ဒီမှာမသန့်ရှင်းတဲ့ ရေတွေ အဲ့ဒီလိုရေတွေနဲ့ ဆေးထားတဲ့ အစားအစာတွေ အဲ့ဒီအထဲတွေရောက်၊ ပြီးတော့ သံသရာလည်တာပါပဲ။ အဆိုပါ တိုက်ဖွိုက်ရောဂါပိုးကြောင့် အူနံရံတွေမှာအနာတွေ အများကြီးဖြစ်လာပါတယ်။ အစာမာမာ စားရင် အနာတွေကနေသွေးထွက်ပါတယ်။
ဒီထက်ဆိုးရင် အနာနေရာကနေအူတွေပေါက်ရင် အန္တရာယ် အရမ်းများပါတယ်။ အဲ့ဒီအတွက်ကြောင့် တိုက်ဖွိုက်ဆိုရင် ထမင်းရည်ကျဲကျဲနဲ့ နွားနို့ပဲသောက်ရပါမယ်။ ပိုးသတ်ဆေးလည်းသောက်ရပါမယ် ။ အထက်ပါလူနာကိုလည်းရှောင်ရဆောင်ရမယ့် အချက်တွေ သေချာ ရှင်းပြပြီးတော့ နောက်နှစ်ရက်အကွာကိုပြန်ချိန်းလိုက်ပါတယ်။ အလုပ်တွေကများတော့ လူနာတစ်ယောက်ချင်းကိုဒေါက်တာလေးလိုက်မမှတ်နိုင်ဘူးပေါ့။
ငါးရက် လောက်နေတော့မှ ပြူးပြူးပြဲပြဲနဲ့ လူနာလင်မယား ပြန်ရောက်လာတယ်။ လူနာက ဝမ်းမည်းမည်းတွေ သွားနေတယ်။ ဗိုက်တပြင်လုံးလဲနာနေတာထိလို့တောင်မရဘူး။ ဒါဟာတကယ်တော့ အစာမာမာ မစားနဲ့ ဆိုတာကို စားမိလိုက်တာသေချာနေပါပြီ။ ဂရုဏာဒေါသောနဲ့ အစာဘာလို့စားတာလည်းလို့ ပြောတော့ လူနာက ဆေးသောက်ပြီး နှစ်ရက်လောက်နေတော့အဖျားကျသွားတယ် နေကောင်းသွားတယ် ထင်လို့ပါတဲ့။
အစာကိစ္စက ဂရုစိုက်ရတဲ့ အထဲမှာအရေးကြီးပါတယ်။ ဝမ်းမည်းမည်းသွားတယ်ဆိုတာက အူလမ်းကြောင်း တလျှောက် အနာတွေပေါက်သွားပြီးသွေးထွက်တဲ့ လက္ခဏာပါ။ တစ်နေရာထဲမဟုတ်ပါဘူး။ နေရာ တော်တော်များများမှာပေါက်တာပါ။အခုတော့အရေးပေါ်ခွဲခန်းထဲထည့်ပေးရတော့မယ်။ခွဲစိတ်ပြီးသွားရင်တောင်မှ နောက်ဆက်တွဲcomplication တွေကိုဂရုအရမ်းစိုက်ရတော့မှာပါ။ အသက်တောင် အခန့် မသင့်ရင် ဆုံးရှုံးနိုင်ခြေရှိပါတယ်။ နောက်တနေ့ ဂျူတီမဝင်ခင် မနက်စောစောခွဲစိတ်ဆောင်ဘက် လှမ်းပြီးလူနာရဲ့ အခြေအနေကို စနည်း နာကြည့်ပါတယ်။
တာဝန်ကျ ဆရာဝန်သူငယ်ချင်း ပြောတဲ့အတိုင်း ဆိုရင်တော့ တော်တော် အခြေအနေဆိုးတဲ့ အထဲမှာပါပါတယ်။ ဗိုက်ခွဲလိုက်တော့အူလမ်းကြောင်းတလျှောက ်ပေါက်သွားတဲ့ နေရာတွေကအများကြီး။ သွေးထွက်တဲ့နေရာတွေလည်းအများကြီးပေါ့။အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ပြန်ဖာတာပါပဲ။ခွဲတဲ့အချိန်ကြာ တော့ သွေးကလည်းသွင်းရသေးတယ်။ဒါ့အပြင် ရောဂါပိုးကဗိုက်ထဲမှာတင်မဟုတ်ဘူး။ သွေးထဲကို တောင် ရောက်နေတယ်။ ပိုးသတ်ဆေးတွေလည်းသွင်းထားတာမနည်းမနော။ ကံနဲ့ပဲဆိုင်တော့တယ်ဆိုလို့ စိတ်အရမ်း ပူသွားရတယ်။
နောက်သုံးရက်လောက်နေတော့ လူနာဆုံးပါတယ်။ အမျိုးသမီးကတော့ ယူကျုံးမရ။ တခါတလေလူနာတွေကဆရာဝန်တွေစကားကိုလျစ်လျူရှုတတ်ကြတယ်။ဒီဥပမာဟာအထင်ရှားဆုံးပဲ။ ဖြစ်နိုင်လျှင် ဆရာဝန်တွေကိုနားလည်မှု ယုံကြည်မှုတွေပေးပြီး ညွှန်ကြားချက်တွေကိုလိုက်နာသင့်ပါတယ်။ ဆရာဝန်တွေဘက်ကလည်းကိုယ့်ဝမ်းစာကိုယ် ပြည့်အောင်ဖြည့်ဖို့၊ စေတနာထားဖို့လိုပါကြောင်း။
မေတ္တာဖြင့်။
AUTHOR – ဒေါက်တာအေးချမ်းမိုး