ကျွန်တော် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ငှက်ဖျားရောဂါ ပညာပေးတီဗီအစီအစဉ်လေး မြန်မာ့အသံ မှာတောင် မလာတာ တော်တော်ကြာနေပြီပဲ။
ကိုယ်ကိုယ်တိုင် ငှက်ဖျားတိုက်ဖျက်ရေး ဌာနမှာ အလုပ်လုပ်မှပဲ ငယ်ငယ်က ကြည့်ခဲ့ရသည့် အစီအစဉ်လေးကို သတိရနေသေးတယ။ တီဗီထဲမှာ ဦးကင်းကောင်ကအဖျားတွေတက်ပြီးတကိုယ်လုံးချမ်းတုန်နေတယ်။အဖျားအရမ်းကြီးပြီး မေ့မြောသွားတယ်။ဒီလိုနဲ့ငရဲပြည်ကိုရောက်သွားရော။ငရဲမင်းကြီးကကိုယ်အရမ်းသဘောကျတဲ့ဦးမိုးဒီ။ ဘေးနားမှာငရဲသားတွေနဲ့ပေါ့။ငရဲမင်းကြီးကဦးကင်းကောင်ကို“ မောင်မင်းကိုမေးခွန်းလေးတွေ မေးမယ်…….အားလုံးဖြေနိုင်ရင် မောင်မင်းအသက်ရှင်ခွင့်ရမယ်။ ပထမဆုံးငှက်ဖျားဘာလို့ဖြစ်တာလဲ” လို့ စမေးတယ်။ ဦးကင်းကောင်က ဖြေတာ စမ်းရေသောက်လို့ ငှက်ပျော်သီးစားလို့ နောက်ဆုံးမှ ခြင်ကိုက်လို့ အဖြေမှန် သွားတယ်။ငှက်ဖျားမဖြစ်အောင်ဘာလုပ်ရမလဲ။ ခြင်မကိုက်အောင် နေရမယ်။ ဆေးစိမ်ခြင်ထောင်, ထောင်ရမယ်။ အဖြေမှန်သွားတယ်။ ဦးကင်းကောင် သတိပြန်ရလာတယ်။ အစီအစဉ်လေးက ကောင်းလွန်းတော့ ကျွန်တော် အခုအချိန်ထိ မမေ့သေးဘူး။ နယ်တွေဆင်းပြီး ငှက်ဖျားရောဂါအကြောင်း ရှင်းပြပေးပြီး ပညာပေးဟောပြောပွဲတွေလုပ်တိုင်း ဒီအစီအစဉ်လေးအကြောင်း အမြဲ ပြန်ပြောပြတယ်။ လူကြီးတွေနဲ့လူလတ်ပိုင်းတွေက ကြည့်ဖူးကြပေမဲ့လူငယ်ငယ်တော်တော်များများက မကြည့်ဖူးကြဘူး။ တစ်ချို့ဒေသတွေဆိုရင် တီဗီကြည့်လေ့မရှိတဲ့အတွက် ဒီအစီအစဉ်ကိုမသိကြဘူး။ ငှက်ဖျားဆိုတာ Plasmodium species ဆိုတဲ့ရောဂါပိုးအုပ်စုထဲမှာပါတဲ့ ပိုးတစ်မျိုးမျိုးကြောင့် ဖြစ်တာ ပါ။ ဒီရောဂါပိုးကိုသယ်ဆောင်တာကတော့ Anopheles ဆိုတဲ့ခြင်ပါ။ သိကြတဲ့အတိုင်း ခြင်တွေဟာ လူ့သွေး စုပ်ပါတယ်။ဒါပေမယ့် ခြင်ထီးနဲ့ ခြင်မဆိုပြီးနှစ်မျိုးရှိတဲ့အထဲမှာ ခြင်မကသာသွေးစုပ်တာပါ။ဘာကြောင့်လဲ ဆိုတာ ခြင်မတွေရဲ့ဝမ်းဗိုက်ထဲ မှာရှိတဲ့သန္ဓေ သားလောင်းတွေ ကြီးထွားဖို့သွေးလိုလို့ပါ။ ခြင်ထီးတွေ ကတော့လူရဲ့သွေးကိုမစုပ်ပါဘူး။ သစ်သီးသစ်ဥတွေက အရည်ကိုပဲ အဟာရအတွက် စုပ်ကြပါတယ်။ Anopheles ခြင်တွေဟာဘယ်အချိန်မှာကိုကတတ်သလဲဆိုရင် နေဝင်မိုးချုပ် အချိန်တွေမှာ ကိုက်တာ အများဆုံးပါပဲ။ နေ့လည်နေ့ခင်းဆိုရင် တောထဲ (သို့မဟုတ်) တောစပ်ရှိချုံပုတ် ထူထပ်သော နေရာများမှာ ခိုအောင်းနေတတ်ပါတယ်။ညပိုင်း နေဝင်ချိန်မှာတော့ တောထဲမှထွက်လာပြီးလူတွေရဲ့အနားကို ရောက်လာကာ သွေးကိုစုပ်ယူပါတယ်။စုပ်ယူအပြီးအိမ်နံရံတွေပေါ်မှာခဏနားကာ ခြုံပုတ်၊ တောစပ်သို့ ပြန်ဝင်သွား တတ်ပါတယ်။ တစ်ချို့လူများက စိမ့်စမ်းရေသောက်သုံးခြင်းကြောင့် ငှက်ဖျားရောဂါဖြစ်သည်ဟု ထင်ကြတယ်။ အမှန်က မဟုတ်ပါဘူး။ လူတွေဟာ တောထဲသို့သွားပြီးသစ်ခုတ်ကြတယ်။ ဝါးခုတ်ရတယ်။ မျှစ်ချိုးရတယ်။ ဒီလိုလူမျိုးတွေဟာ ရေဆာတဲ့အချိန် နီးစပ်ရာစိမ့်စမ်းရေများကို သောက်သုံးကြရတယ်။ ငှက်ဖျားပိုးသယ်ဆောင်ထားသောAnopheles ခြင်မကတောထဲမှာရှိနေတယ်။လူတွေက ခြင်ကိုက်တာကို သတိမထားမိပဲ စမ်းရေသောက်လို့ စမ်းရေနှင့် ရေချိုးလို့ပဲ ထင်တယ်။ တစ်ချို့က ငှက်ပျောသီးစားလို့ မျှစ်စားလို့ဖြစ်တယ်လို့ထင်တယ်။လုံးဝမဟုတ်ပါဘူး။ငှက်ဖျားရောဂါဟာခြင်ကိုက်သောနည်းတစ်မျိုးတည်းနှင့်ကူးစက်တာတော့ မဟုတ်ပဲ ငှက်ဖျားပိုး ရှိသော သွေးကိုသွင်းမိရင်လည်း ငှက်ဖျားပိုးကူးစက်နိုင်ပါတယ်။ ထို့အပြင်ကိုယ်ဝန်ဆောင်မိခင်ငှက်ဖျား ရောဂါရှိနေရင်လည်းဗိုက်ထဲတွင်ရှိသောသန္ဓေသားကိုကူးစက်နိုင်ပါတယ်။ငှက်ဖျားရောဂါကိုကာကွယ်ဖို့အတွက်တော့ ခြင်မကိုက်အောင်ကာကွယ်ခြင်းသာအထိရောက်ဆုံး ဖြစ်ပါတယ်။ ခြင်မကိုက်အောင် အဝတ်အစားထူထူ ရှည်ရှည် များ (အင်္ကျ ီလက်ရှည် ဘောင်းဘီရှည်) ကို ဝတ်ဆင်ရပါမယ်။ ခြင်အကိုက်မခံရအောင် လိမ်းရသောလိမ်းဆေးများလည်း ပေါ်နေပါပြီ။ ဒါ့အပြင် ယပ်တောင်နှင့် ယပ်ခပ်ခြင်း ၊ ခြင်ဆေးခွေထွန်းခြင်းကလည်း ခြင်မကိုက်အောင် ကာကွယ်ခြင်းတွင် အဓိက ကျပါတယ်။ ခြင်ဆေးခွေထွန်းခြင်းနှင့် မီးခိုးမှိုင်းတိုက်ခြင်းများက ခြင်နှိမ်နှင်းရေးတွင် ထိရောက်သော်လည်း အိမ်တွင် ရင်ကျပ်ရောဂါရှိသူများနှင့် အဆုတ်မကောင်းသူများရှိလျှင် အဆင်မပြေပါဘူး။ဒါ့ကြောင့်မို့လို့အိပ်စက်အနားယူတဲ့အခါ ခြင်ဆေးခွေမထွန်းပဲဆေးစိမ်ခြင်ထောင်များဖြင့်သာအိပ်သင့်ပါတယ်။ ဆေးစိမ်ခြင်ထောင်ဆိုတာရိုးရိုးခြင်ထောင်ကို ဆေးပြားကို ရေမှာဖျော်ထားတဲ့ ဆေးရည်နဲ့စိမ်ပြီးအခြောက်လှန်းထားတာကို ပြောတာပါ။ ဆေးစိမ်ခြင်ထောင်တွေကိုလည်းတစ်နိုင်ငံလုံးအနှံ့ ဖြန့်ဝေပြီးဖြစ်ပါတယ်။ အိမ်နံရံတွင် နားတတ်သော ခြင်မ၏ အလေ့အထရှိသောကြောင့် အိမ်နံရံတွင် ပိုးသတ်ဆေးဖြန်းထားပါကလာနားသော ခြင်၏ ခြေထောက်မှတဆင့်ပိုးသတ်ဆေးများ ခြင်ထဲသို့ ရောက်ရှိသွားပြီးရက်များ မကြာမီ ခြင်များသေဆုံးသွားသောနည်းလမ်းကိုလည်း သုံးနိင်ပါတယ်။ ယခုအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာန၏ဦးစီးဦးဆောင်မှုနဲ့အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ကြိုးပမ်းမှုကြောင့် မြန်မာနိင်ငံတွင်ငှက်ဖျားရောဂါဖြစ်ပွားနှုန်းသိသိသာသာကျဆင်းသွားပြီးဖြစ်ပါတယ်။ဒါပေမယ့်လည်း ဆေးယဉ်ပါး(သို့မဟုတ်) ဆေးမတိုးသောငှက်ဖျားပိုးကိုထပ်မံတွေ့ရှိထားပြီး ဖြစ်သော ကြောင့်ငှက်ဖျားရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းသည်သာ အထိရောက်ဆုံး ဖြစ်ပါတယ်။
AUTHOR – ဒေါက်တာအေးချမ်းမိုး