fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 316 Total Cases
😥 6 Deaths
😇 245 Recovered

ဒုက္ခကိုယ်စီရှိကြသည်

လူရယ်လို့ဖြစ်လာပြီဆိုသည်နှင့် လောကဓံတရားရှစ်ပါးကို လွှဲရှောင်၍မရနိုင်သလို ဆင်းရဲသူရော၊ ချမ်းသာသူရော၊ ပညာနည်းသူရော၊ ပညာရှိသူရောအားလုံးသည် ထိုလောကဓံတရားများကို ရင်ဆိုင်ကြုံတွေ့ရ လျှက် ရှိကြပါသည်။ မိမိတစ်ဦးတည်း ထိုလောကဓံတရားများကို ရင်ဆိုင်ရသည် မဟုတ်ဘဲ လူတိုင်းကြုံတွေ့ရ လျှက် ရှိကြပါသည်။

မိမိတစ်ဦးတည်း ထိုလောကဓံတရားများကို ရင်ဆိုင်ရသည်မဟုတ်ဘဲ လူတိုင်းကြုံတွေ့ရသည်ကို မိမိသိမနေခြင်းကြောင့်သာ ငါသာလျှင် ခံစားနေရသည်ဟုသာ ထင်မြင် တတ်ကြပါသည်။ လူတိုင်းပင် ထိုလောကဓံတရားများကို ရှောင်လွှဲ၍မရနိုင်သလို ကြုံတွေ့ရပါသော်လည်း HIV ပိုး ကူးစက်ခံလာရပြီဆိုသည်နှင့် ထိုလောကဓံတရားများကို စဉ်ဆက်မပြတ် ထိတွေ့ရိုက်ခတ်ခံစား လာရပါတော့ သည်။ ထိုစဉ်အခါမျိုးတွင် သာမန်လူများထက် လောကဓံတရား၏ ဒုက္ခမျိုးစုံကို ရင်ဆိုင်ဖြေရှင်းကြရာတွင် ပိုမိုခက်ခဲတတ်ကြပါသည်။ မိမိတွင် HIV ပိုး ရှိနေသည်က မိမိဖြေရှင်းရမည့် ဒုက္ခမျိုးစုံကို အဖက်ဖက်မှ အဟန့်အတားတစ်ခုသဖွယ် ဖြစ်နေပါတော့သည်။ ကြုံတွေ့ဖြေရှင်းရမည်ဟု အားခဲလိုက်ပါသော်လည်း နောက်ကြောင်းပြန်လှည့်ကြည့်မိပါက ခံစားနေရသော HIV ပိုးက မိမိ၏ လောကဓံ၏ ဒုက္ခများကို ဖြေရှင်းနေသည့်သဖွယ် ဖြစ်နေတတ်ပါသည်။ သာမန်လူများ လောကဓံ၏ ဒုက္ခများကို ဖြေရှင်းမှုထက် HIV ရှိနေသူတို့၏ ဖြေရှင်းမှုထက် HIV ပိုးရှိသူ အချင်းချင်း ထိုဖြေရှင်းနည်းလမ်းများးကို နမူနာယူနိုင်ရန် မည်သူ့ထံတွင် ချဉ်းကပ်သင်ယူရမည်လည်း ဆိုသည်ကိုပါ ရှာဖွေရန်မလွယ်ကူလှပါ။ သို့သော် HIV ရှိနေသူ အခြားသူများသည်လည်း မိမိကဲ့သို့ ဒုက္ခများ ဖြေရှင်းကြမှာပဲဟုသာ တွေးမှတ်ထားသင့်ပါသည်။

အထူးသဖြင့် HIV ကူးစက်ခံနေရသူ အများစုသည် အခြေခံလူတန်းစားများ အများဆုံးဖြစ်နေတတ်သလို ငွေကြေးဓနအင်အားနည်းပါးခြင်း မိသားစုနှင့် သားသမီးများ ပိုမိုရှိနေတတ်ခြင်းက အများဆုံးဖြစ်သောကြောင့် ငွေကြေးနှင့် အလုပ်အကိုင်ပြဿနာများကို ကြုံတွေ့နေရသည့်ဒုက္ခက ပိုများ တတ်ကြပါသည်။ အချို့ချမ်းသာသူများ ကိုယ်ပိုင်အလုပ်အကိုင်ရှိသူများအနေဖြင့် HIV ကူးစက်ခံရပါက ထိုပြဿနာ များကို ဖြေရှင်းရမည့် ဒုက္ခနည်းပါးတတ်ကြပါသည်။ သို့သော် ထိုသူများတွင်လည်း ဒုက္ခများ ရှိနေ တတ်ရာ ထိုသူတို့ ရင်ဆိုင်နေရသည့် ဒုက္ခသည် စီးပွားရေးအရသော်လည်းကောင်း၊ သူတို့၏ ဂုဏ်သိက္ခာအရ သော်လည်းကောင်း Confidential ဟုခေါ်သည့်လျှို့ဝှက်မှု့ ဒုက္ခများ ရင်ဆိုင်ရတတ်ပါသည်။
ဆင်းရဲ၍ ပညာနည်း၍ HIV ၏ဒုက္ခကို မိမိသာခံစားရသည်မဟုတ်ဘဲ ချမ်းသာသောသူများ ပညာတတ်ဖြစ်သောသူများ လုပ်ငန်းကောင်းမွန်သောသူများသည်လည်း သူ့အတိုင်းအတာနှင့်သူ ဒုက္ခ အနည်းအများ ကြုံတွေ့နေရပါသည်။ အခြေခံလူတန်းစားများ HIV ကူးစက်ခံရပါက မိမိ၏ မိသားစုဝင်များနှင့် မိတ်ဆွေအချို့ကို ပြောပြအကူအညီတောင်းခံရန် အခက်အခဲများစွာ မရှိလှသော်လည်း အလွန်ပင် ချမ်းသာသောသူ ဂုဏ်အသိုင်းအဝိုင်းကြီးမားသော သူများတွင် HIV ကူးစက်ခံရပါက မိတ်ဆွေပတ်ဝန်းကျင် များကို ဖွင့်ဟပြောဆိုဖို့ပင်ဝေးစွ မိမိတို့၏ မိသားစုဝင်များကိုပါ ပြောပြတိုင်ပင်ရန် ဒုက္ခရောက်နေသည့်အပြင် ဆေးကုသ ခံယူရန်ပင် HIV သမားတော်များထံ သွားရောက်ရန်ပင် မလွယ်ကူသော ဒုက္ခကို တွေ့ကြုံတတ် ရပါသည်။
HIV ပိုးရှိသူများကို ကုသပေးသော အထူးကုသမားတော်များသည် မြန်မာနိုင်ငံ၌ လက်ချိုး ရေတွက်၍ပင် ရလောက်အောင် နည်းပါးကြပါသည်။ ထိုသမားတော်တို့သည်လည်း ပြင်ပပုဂ္ဂလိက ဆေးရုံ ဆေးခန်းများတွင် လှည့်ပတ်ထိုင်ပြီး ကုသလေ့ရှိရာ ထိုသမားတော်တို့သည် မည်သည့်ရောဂါကို ကုသပေးသည် ဆိုသော သတင်းအချက်အလက်တို့ကို ငွေကြေးချမ်းသာသူ အသိုင်းအဝိုင်းတွင် မသိသူရှားသလောက်ပင် ဖြစ်ပါသည်။ ထိုသမားတော်များသည်လည်း သာမန်အထွေထွေကု ဆရာဝန်များကဲ့သို့ လူနာ၏အိမ်သို့ လိုက်လံ ကုသပေးခြင်းမျိုးမဟုတ်ဘဲ သူတို့ကုသပေးသည့် ဆေးရုံဆေးခန်းများသို့ လူနာကိုယ်တိုင် သွားရောက်ပြသရခြင်းမျိုးဖြစ်ပါသည်။ ထို အခြေအနေမျိုးတွင် သမားတော်တို့နှင့် သွားရောက်ကုသရာတွင် မိမိတို့၏ မိတ်ဆွေအသိအကွျှမ်းများနျှင့် တွေ့ဆုံမိလေမည်လား မလွှဲသာ၍ တွေ့ဆုံမိပါက မိမိမှ ပြန်လည်ဖြေကြားရမည့်အဖြေစကား ရှိမနေခြင်းကြောင့် ထိုနေရာများသို့ သွားရောက်၍ ကုသမှုခံယူရန် ဒုက္ခများ ကြုံတွေ့ရပါသည်။ တစ်ခါတစ်ရံ မိမိပေးထားသည့်အမည်တုကိုပင် မေ့နေတတ်ကြပြီး လူနာအား သမားတော်နှင့် တွေ့ဆုံရန် လှမ်းခေါ်သည့်အခါ မိမိပေးထားသည့် နာမည်အတုသည်ပင် မိမိကို ဒုက္ခပေးခြင်း တွေ့ကြုံရတတ်ပါသည်။ ကျီးလန့်စာစား ကုသမှုခံနေရသော ငွေကြေးချမ်းသာသည့် HIV ပိုးရှိနေသူများ၏ ဒုက္ခများသည်လည်း ဖြေရှင်းရန် ခက်ခဲနေတတ်သော ဒုက္ခတစ်ဖုံဖြစ်နေရတတ်ပါသည်။

HIV ကူးစက်ခံရသူ အများစုသည် ငွေကြေးချို့တဲ့သော အခြေခံလူတန်းစားများ ဖြစ်နေတတ်သဖြင့် အချို့မြို့ငယ်လေးများတွင် ART ဆေးအခမဲ့ ပေနေသည်ဆိုသော်လည်း သွားရောက်ထုတ်ယူရန် အခက်အခဲ ဒုက္ခ ရှိနေတတ်ပါသည်။ အကြောင်းအရင်းမှာလည်း ထိုမြို့ငယ်လေးတွင် မိမိသည် လူတကာ သိနေသူ ဖြစ်၍လည်းကောင်း၊ အစားအသောက်ရောင်းနေသူဖြစ်နေ၍ လည်းကောင်း မိမိအား HIV ရှိသည်ဟု လူအများသိသွားပါက မိသားစုစားဝတ်နေရေးပါ ဒုက္ခရောက်သွားနိုင်သည့် အဖြစ်မျိုးကြုံတွေ့နေမှုလည်း ရှိတတ် ပါသည်။ ထို့အတွက်ကြောင့် ART ဆေးမိမိတို့မြို့တွင် အခမဲ့ပေးနေပါသော်လည်း အခြားဝေးလံရာမြို့များတွင် သွားရောက်ထုတ်ယူရသည့် ဒုက္ခများလည်း ရှိနေပါသည်။ အချို့သည်လည်း HIV နှင့်စတင်ထိတွေ့ချိန်တွင် ဝင်ငွေရှာသည့် အလုပ်ကို အလုပ်နိုင်တော့ဘဲ ကျန်းမာရေးချွတ်ခြုံကျသွားသည့် သူများလည်းရှိနေပါသည်။ ထိုစဉ်အခါ စားဝတ်နေရေးအတွက် အကြွေးအတင်ခံသူများ ပိုင်ဆိုင်သည့်ပစ္စည်းများကို ပေါင်နှံရောင်းချပြီး စားသောက်ကာ မိသားစုလိုအပ်ချက်များကို ဖြေရှင်းရတတ်ပါသည်။
သို့သော် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ဝင်ငွေရှာရမည့် လုပ်ငန်းများ လုပ်ကိုင် လိုပါသော်လည်း HIV ပိုးရှိနေခြင်းကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသည့် ဖြစ်စဉ်မတူညီမှုများလည်း ရှိနေကြပါ သေးသည်။ HIV ရှိနေသူ မိမိတစ်ဦးတည်း ဒုက္ခရင်ဆိုင်နေရသည်ဟု မထင်မှတ်ဘဲ HIV ရှိသူတိုင်း သာမန် လူများထက် ဒုက္ခမျိုးစုံ ရှိနေကြသည်ကို အစဉ်သတိပြုစေလိုပါသည်။ အဓိကမှာ HIV ပိုးရှိသူများ မည်သည့် ဒုက္ခများနှင့်ပင် ကြုံတွေ့နေရပါစေ အောင်မြင်စွာ ကျော်လွှားနိုင်မည့် နည်းလမ်းများကို ရှာဖွေအသုံုးပြုနိုင်ကြ စေရန် ရေးသားရခြင်းလည်း ဖြစ်ပါတော့သည်။

 

AUTHOR – လှိုင် (PEER)

Credit to Health Care Journal (Vol-7, No-27)

ဆက်စပ် ဆောင်းပါးများ