fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 236 Total Cases
😥 6 Deaths
😇 148 Recovered

ဂေါက် ဂေါက် ဂေါက်

ဒီတစ်ပတ် ကျွန်တော်ပြောပြမယ့်အကြောင်းက “အဲ့ဒီကောင် ဂေါက်သီး (ကြောင်တောင်တောင် ကောင်)” ဆိုတဲ့ အရပ်သုံး ဘန်းစကားအကြောင်းလည်း မဟုတ်သလို “ဂေါက်သီးရိုက် အားကစား (Golf)” အကြောင်းလည်း မဟုတ်ပါဘူး။ အင်္ဂလိပ်လို Gout လို့ခေါ်တဲ့ အဆစ်ရောင် ဂေါက်ရောဂါအကြောင်းကို ပြောပြမှာပါ။

ဒီဂေါက်ရောဂါက ကျွန်တော်တို့ရဲ့ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric Acid) လို့ခေါ်တဲ့ အက်ဆစ်ဓာတ် တစ်မျိုးက အဆမတန် များပြားလာပြီး (Hyperuricemia) အဆစ်တွေ၊ သွေးကြောမွှားတွေထဲမှာ စုပုံအနည် ထိုင်တာကြောင့် ဖြစ်လာတဲ့ အဆစ်ရောင်ရောဂါတစ်မျိုးပါ။ အဲ့ဒီယူရစ်အက်ဆစ်တွေ ဘာကြောင့် များရသလဲဆိုရင် –
(၁) ခန္ဓာကိုယ်ကနေ ထုတ်တာများလို့လည်းဖြစ်တယ်။
(၂) ကျောက်ကပ်ကနေ ရောဂါကြောင့်ဖြစ်ဖြစ်၊ တခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်ဖြစ် မစွန့်ထုတ်နိုင်လို့ လည်း ဖြစ်တယ်။ ကျောက်ကပ်ကနေ မစွန့်ထုတ်နိုင်လို့ဖြစ်တာ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ဆိုကြပါတယ်။
(၃) အစားအသောက်ကနေ ယူရစ်အက်ဆစ် အဖြစ်ပြိုကွဲမယ့် ပြူရင်း (Purine) ဓာတ်များတဲ့ အစားအစာတွေ၊ ဖရက်တို့ (Fractose) ဓာတ်များတဲ့ အချိုရည်တွေ အသောက်များလို့လည်း ဖြစ်တတ်ပါတယ်။ ဆီကြော်စာ၊ အဆင်သင့်စားနိုင်တဲ့ အမြန်စာတွေကြောင့် အဝလွန်၊ အဆီပိတ်လို့ ကျောက်ကပ်ကို သွေးစီးမှု အားနည်းတဲ့အခါ၊ ဆေးလိပ်သောက်လို့ သွေးကြော နံရံတွေ မာတောင့်ပြီး ကျောက်ကပ်ကို သွားတဲ့သွေးကြောတွေ ကျဉ်းတဲ့အခါ ယူရစ်အက်ဆစ်ကို ကောင်းကောင်းမစွန့် ထုတ်နိုင်တာကြောင့်လည်း များတတ်ပါတယ်။
(၄) ဘက်ထရီလုပ်ငန်းလိုမျိုး ခဲနဲ့ထိတွေ့ကိုင်တွယ်ခဲ့ရတာကြောင့် ခဲဆိပ်သင့်တာမျိုး ရှိခဲ့ရင်လည်း ဖြစ်တတ်ပါ တယ်။ ဝိုင်၊ ပုစွန်ခြောက်၊ ငါးခြောက် စတာတွေမှာ ပါလာတတ်တဲ့ ခဲဆိပ်ကြောင့် ကျောက်ကပ်က အက်ဆစ် ထုတ်တာနှောင့်ယှက် ခံရရင်လည်း များတတ်ပါတယ်။
(၅) မျိုးဗီဇကြောင့် ဖြစ်တတ်တယ်။
(၆) အဝလွန်တာကြောင့်လည်း ဖြစ်တတ်တယ်။
(၇) ဟော်မုန်းဓာတ်အပြောင်းအလဲ ကြောင့်လည်း ဖြစ်လာတတ်ပါတယ်။
(၈) ကင်ဆာရောဂါနဲ့ ဓာတ်ရောင်ခြည်ဒဏ်ကြောင့် ဆဲလ်တွေပြိုကွဲပြီး ယူရစ်အက်ဆစ်များတတ်ပါတယ်။
(၉) ဆီးချိုရောဂါ၊ သွေးတိုးရောဂါကြောင့် ကျောက်ကပ်မကောင်းတဲ့ အခါမှာလည်း များတတ်ပါတယ်။
(၁၀) သွေးဆုံးပြီး မိန်းမတွေမှာ အီစထရိုဂျင်ဟော်မုန်းဓာတ် နည်းသွားလို့ ကျောက်ကပ်က ယူရစ်အက်ဆစ် စွန့်ထုတ်တာ အားနည်းသွားတဲ့အတွက်လည်း များတတ်ပါတယ်။
(၁၁) သောက်နေတဲ့ဆေး (ဆီးဆေး၊ အက်စပရင် အကိုက်အခဲပျောက်ဆေး၊ နိုင်ယာစင် စသည်) တချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ယူရစ်အက်ဆစ်ဓာတ်တွေ များနေနိုင်ပါတယ်။ ဒီယူရစ်အက်ဆစ် များလွန်းလို့ ဖြစ်တဲ့ဂေါက် ရောဂါဟာ အသက် ၄၀ ကျော်တဲ့ သူတွေမှာ အဖြစ်များပြီး ယောကျ်ားက မိန်းမထက် ပိုဖြစ်တတ်ပါ တယ်။ မိန်းမတွေကတော့ သွေးဆုံးပြီးတဲ့အချိန်မှာ ပိုပြီး အဖြစ်များပါတယ်။
သူ့ရဲ့လက္ခဏာတွေက ညဘက်အိပ်နေတဲ့အချိန်မှာ ရုတ်တရက် မီးစနဲ့ ထိုးခံရသလို အဆစ်ကနေ ပြင်းပြင်းထန်ထန် နာကျဉ်တာမျိုးနဲ့ စလာပါတယ်။ အဲ့ဒီ ဂေါက်ဖြစ်နေတဲ့ အဆစ်က ပူနေ၊ နာနေ၊ ရောင်နေတတ် ပါတယ်။ အဲ့လိုနာတာက ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပြီး ပေါ်လာတဲ့အခါ အဆစ်က အထိမခံနိုင်လောက် အောင် နာပါတယ်။ ဂေါက်ရောဂါသည် တစ်ဝက်ကျော်က ခြေမမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဖနောင့်၊ ဒူးဆစ်၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်၊ ခါး၊ လက်ချောင်း တွေမှာ လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတလေ အဆစ်ရောင်တဲ့ အရှိန်နဲ့ ဖျားတတ်ပါသေးတယ်။
အဲ့လို မကြာခဏဖြစ်တာကြာရင် ခြေချောင်း လက်ချောင်းကွေးကောက်တာ၊ အဆစ်တွေ မကွေးမဆန့် နိုင်တာမျိုးအထိ ဖြစ်တတ်ပါတယ်။ ဂရုမစိုက် မကုသဘဲ ဒီအတိုင်းဆက်ပြီး မဆင်မခြင်နေလို့ ကြာလာရင် ကျောက်ကပ်မှာ ကျောက်တည်တာမျိုး၊ ကျောက်ကပ်ပြွန်လေးတွေ ပျက်စီးလာတာမျိုး၊ တော့ဖီ (Tophi) လို့ခေါ် တဲ့ အပ်ပုံစံ ယူရစ်အက်ဆစ်ပုံဆောင်ခဲလေးတွေက အဆစ်တွေထဲမှာ စုပုံအနည်ကျလို့ဖြစ်လာတဲ့ ဘုသီးလေး တွေဖြစ်လာတာမျိုး (ကာလကြာရှည်ဖြစ်ခဲ့ရင် ဟယ်ရစ်ဆင်ရောဂါ လက္ခဏာစု Harrison Syndrome လို့ခေါ်ပါ တယ်။) ဖြစ်တတ်တာမို့ ဂရုတစိုက်ကုသမှုခံယူရမယ့် ရောဂါတစ်ခုပါပဲ။ တော့ဖီဂေါက်ဖုကို တွေ့ရင်တော့ ဒါဂေါက်ရောဂါဆိုတာ အဖြေတန်းထုတ်လို့ရပါတယ်။
ဒါ့အပြင် ရောင်နေတဲ့ အရိုးအဆစ်ကို ဓာတ်မှန်ရိုက်တာမျိုး၊ အဆစ်ချောဆီ (Synovial fluid) ကို ဓာတ်ခွဲစစ်ဆေးတာမျိုး၊ သွေးထဲ၊ ဆီးထဲမှာပါဝင်တဲ့ ယူရစ်အက်ဆစ်ဓာတ်ပမာဏကို ဓာတ်ခွဲစစ်ဆေးတာမျိုး တွေနဲ့ ဂေါက်ရောဂါ ဟုတ်၊ မဟုတ် အဖြေထုတ်နိုင်ပါတယ်။
သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ် ပမာဏက ယောကျ်ားမှာ 420 umol/L (7.0 mg/dl) ၊ မိန်းမမှာ 360 umol/ L (6.0 mg/dl) ထက်ကျော်နေရင် ယူရစ်အက်ဆစ်ဓာတ်များတယ်လို့ ပြောလို့ရပါတယ်။ ဆီးထဲမှာတော့ 750 mg/ 24hr ကျော်ရင် များပါတယ်။
ဂေါက်ရောဂါကို Allopurinol ၊ Probenecid ၊ Colchicine စတဲ့ ဆေးဝါးတွေနဲ့ ကာကွယ်ကုသရမှာပါ။ ဒါ့အပြင် ကိုယ့်မှာ ဂေါက်ရောဂါဖြစ်နေပြီ ဆိုရင် အစားအသောက်နဲ့ပါ ထိန်းပြီး ကုမှထိရောက်မှာပါ။ ဂေါက်ရော ဂါမှာ မစားသင့်၊ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့ –
အဆီများလွန်းတဲ့ အစားအစာတွေ
Purine ဓာတ်များတဲ့ အစာတွေဖြစ်တဲ့ အရက်၊ ဘီယာ၊ ဝိုင်၊ အနီရောင်အသား (ဝက်၊ အမဲ၊ ဆိတ်၊ သိုး) ဝမ်းတွင်းသား၊ ကလီစာ (အသည်း၊ အူစုံ)၊ ငါးသလောက်၊ ငါးဥ၊ ငါးပါးနီ၊ ဆာဒင်းငါး၊ ငါးသေတ္တာ၊ ပင်လယ်စာ (ယောက်သွား၊ ဂုံးကောင်၊ ပြည်ကြီးငါး၊ ပုစွန်၊ ပုစွန်ထုပ် စသည်)၊ ဝက်ပေါင်ခြောက်၊ အသားစွပ်ပြုတ်၊ မှို၊ ကြွက်နားရွက်မှို၊ ပဲလုံး၊ ပဲတောင့်ရှည်၊ ပဲနီလေး၊ ကညွတ်၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီ၊ ငှက်သား၊ ကြက်ဆင်သား စတာတွေ၊ ဖွပ်ဆန်ဖြူ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး၊ ဂျယ်လီ၊ ချောကလက်၊ ရှာလကာရည်၊ အချိုရည်၊ ရေခဲမုန့်၊ ခရင်မ်ပါသော မုန့်များ၊ လက်ဘက်ရည်၊ ကော်ဖီသောက်စားတာမျိုးတွေ၊
အစေ့အဆံ၊ ခရမ်းချဉ်စေ့၊ စပျစ်သီးခြောက်၊ ပြောင်းဖူး၊ ပြောင်းဖူးပါတဲ့ အစားအစာတွေ၊
အဆီအနှစ်များ၊ အသားဟင်း အနှစ်တွေ၊ ဆား၊ ဆော်ဒါ စတာတွေကို ရှောင်ကြဉ်ရပါမယ်။

စားသင့်တဲ့ အစားအစာတွေက အမျှင်ဓာတ်များတဲ့ အစိမ်းရောင် အသီးအရွက်၊ ဘယ်ရီသီး၊ ချယ်ရီသီး၊ စတော်ဘယ်ရီ၊ နာနတ်သီး၊ ငှက်ပျောသီး၊ အာလူး၊ ပန်းသီး၊ ထောပတ်သီး၊ ရှောက်သီး၊ သံပုရာသီး၊ ဂေါ်ဖီစိမ်း၊ နနွင်း၊ သံလွင်ဆီ၊ တရုတ်နံနံ၊ တရုတ်နံနံစေ့၊ တို့ဟူး၊ အဆီနည်းတဲ့ နွားနို့၊ ဒိန်ချဉ်တွေကို စားလို့ ရပါတယ်။ နောက်ပြီးကိုယ်အလေးချိန် လျှော့ရပါမယ်။ ဒါပေမယ့် အစာလုံးဝမစားဘဲ လျှော့တာမျိုး မလုပ်ရ ပါဘူး။ အဲ့လိုဆိုရင် ရောဂါပိုဆိုးတတ်ပါတယ်။
ဆီးကောင်းကောင်းသွားနိုင်ဖို့ အတွက် ရေသန့် ၁လီတာဘူး နှစ်ဘူးကနေ ၃ဘူးအထိ နေ့စဉ်သောက်ပေး သင့်ပါတယ်။ နေ့စဉ် ဗိုက်တာမင်စီ ၅၀၀ မီလီဂရမ် သောက်ပေးရင်လည်း သွေးထဲမှာ ယူရစ်အက်ဆစ်များတာ ကို လျော့ကျစေတယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။
နောက်ထပ် သုတေသနတစ်ခုကတော့ လင်မယားအတူနေရင်လည်း ယူရစ်အက်ဆစ်ဓာတ်များတာကို လျော့ကျစေ တယ်လို့လည်း တွေ့ရှိထားပါသေးတယ်။ နေထိုင်မှုပုံစံအနေနဲ့ နေ့စဉ်ပုံမှန်လမ်းလျှောက် လေ့ကျင့် ခန်းလောက်သာ လုပ်သင့်ပြီး ခါးချိုးတာမျိုး၊ ခြေဆစ်၊ လက်ဆစ်ချိုးတာမျိုး မလုပ်သင့်ပါဘူးတဲ့။
အနှစ်ချုပ်အနေနဲ့ ပြောရရင် ဂေါက်ရောဂါဟာ မျိုးဗီဇအခံမှာ အစားအသောက်နဲ့ ရောဂါထပ်ပေါင်းလို့ ဖြစ်တတ်တယ်ဆို သော်ငြားလည်း အဓိက ကအစားအသောက်၊ အနေအထိုင် ဆင်ခြင်မယ်၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ညွှန်ကြား တဲ့ဆေးတွေကို ပုံမှန်သောက်မယ်ဆိုရင် သက်သာပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပြီး အဲ့လိုမဟုတ်ဘဲ ပေါ့တီးပေါ့ဆ နေမယ်ဆိုရင် အဆစ်တင်မက ကျောက်ကပ်ပါ ပျက်စီးပြီးတော့ သေတတ်တဲ့ ရောဂါတစ်ခုဖြစ်ကြောင်း အသိပေးပြောကြားရင်း ကျွန်တော်ရဲ့ “ဂေါက် ဂေါက် ဂေါက်” ဆောင်းပါးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေဗျာ။

AUTHOR – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)
(Vol- 7/ No- 26) Healthcare

ဆက်စပ် ဆောင်းပါးများ