fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

20 – Confirmed
1 – Death
0 – Recovered

ခြေချင်းဝတ်လည်ခြင်း

ခြေချင်းဝတ်လည်ခြင်း

ခြေချင်းဝတ်လည်ခြင်းဟာ နေ့စဉ်ဘဝမှာ အတွေ့များ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာ အခြေအနေ တစ်ခု ဖြစ်တယ်။
ရုတ်တရက် ခြေထောက် ခေါက်၍လဲခြင်း၊ ခြေထောက်လိမ်သွားခြင်းကြောင့် ဖြစ်တယ်။
ခြေမျက်စိအတွင်းဘက်သို့ ခြေခေါက်လဲသွားလျှင် ခြေချင်းဝတ်အတွင်းဘက်ရှိ အရွတ်များကို ထိခိုက် ဒဏ်ဖြစ်စေပါတယ်။
ခြေမျက်စိ အပြင်ဘက်သို့ ခြေခေါက်လဲသွားလျှင် ခြေချင်းဝတ်အပြင် တစ်ဝိုက်ရှိ အရွတ်များကို ထိခိုက်စေပါတယ်။
အရွတ်ပြဲခြင်း၊ အရွတ်ဒဏ်ဖြစ်ခြင်း ဖြစ်စေပါတယ်။

 အရွတ်ဆိုတာ ဘာလဲ?

အရွတ်ဆိုတာ အရိုးတွေကို ငြိမ်အောင်၊ သန်မာအောင် တွယ်ဆက်ပေးထားသော သန် မာတဲ့ တစ်သျှူးများဖြစ်တယ်။
ခြေချင်းဝတ်အရိုး နှင့် ခြေသလုံးရိုးကို ဆိုင်းကျိုးများအနေနဲ့ တွယ်ဆက်ပေးပါတယ်။
အရွတ်များ ဒဏ်ဖြစ်ခြင်း၊ ပြဲခြင်း၊ ဆွဲဆန့်မိခြင်း၊ အခြေအနေမျိုးဖြစ်တဲ့အခါ ခြေချင်း ဝတလည်ခြင်း ဖြစ်ပေါ်ပါတယ်။
ခြေချင်းဝတ်လည်ခြင်း လက္ခဏာများ
ခြေချင်းဝတ်ရောင်ခြင်း
ခြေချင်းဝတ်နာခြင်း
ခြေထောက် ထောက်မရခြင်း
ခြေချင်းဝတ် မမြဲခြင်း
ထိခိုက်မိသော အချိန်တွင် အဆစ်ပြုတ်သံမည်ခြင်း
အညိုမဲစွဲခြင်း
လှုပ်ရှားမှု ကောင်းကောင်းမလုပ်နိုင်ခြင်း

ဘယ်လိုလူတွေ ပိုဖြစ်နိုင်သလဲ?

အားကစားသမားများ
ပြင်မညီသော ကြမ်းပြင်တွင် လမ်းလျှောက်သူများ
ခြေခေါက်လဲသည့်အခါ
ခုန်ပြီးအကျတွင် ခြေခေါက်သူများ
ခြေချင်းဝတ် ဒဏ်ဖြစ်ဖူးသူများ
မိမိနှင့် အရွယ်အစား မတော်သော ဖိနပ်စီးသူများ
ဖိနပ်အမြင့် စီးသူများ

 ပြန်ကောင်းရန် ကြာချိန်

– အရွတ်ဒဏ်ဖြစ်လျှင် အတိမ်အနက်ပေါ်မူတည်ပြီး ကြာနိုင်ပါတယ်။
– အများစုမှာ(၂)ပတ်အကြာတွင် သက်သာလာလေ့ရှိတယ်။
– (၈) ပတ်အထိ ပြင်းပြင်းထန်ထန် လှုပ်ရှားမှု မလုပ်ရပါ။
– ပြင်းထန်စွာ ဒဏ်ဖြစ်လျှင် လနှင့် ချီ၍ ကြာနိုင်ပါတယ်။

ခြေချင်းဝတ်လည်သွားလျှင် သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ?

၁။ အနားယူပါ။
ဖြစ်ခါစ ၁ ရက် ၂ရက် လုံး၀ နားရန် လိုအပ်ပါတယ်။
သို့သော် ၂ ရက်ကျော်လျှင် ညင်သာသော အပျော့စား ခြေချင်းဝတ် လေ့ကျင့်ခန်း စလုပ်နိုင်ပါတယ်။
ညင်သာသော အပျော့စား ခြေချင်းဝတ် လေ့ကျင့်ခန်း လုပ်ခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်း စေသောကြောင့် ပို၍ မြန်မြန် ဒဏ်ရာကို သက်သာစေတယ်လို့ ဆိုပါတယ်။
၄ ပတ် နီးပါး လှုပ်ရှားမှု လုံးဝ မလုပ်ပဲ နားနေခြင်းက ပို၍ ဆိုးရွားစေပါတယ်။
၂။ ရေနွေးကပ်မှာလား ? ရေခဲကပ်မှာလား?
ရေခဲ ကပ်ရပါမယ်။
ပထမ ၇၂ နာရီအတွင်း ၂ နာရီခြား (သို့မဟုတ်) ၃ နာရီခြား တစ်ခါ ၁၅ မိနစ်မှ ၂ဝ မိနစ် အထိ ရေခဲကပ်ပါ။
သို့သော် မိနစ် ၂ဝ ထက် ကြာအောင် ရေခဲမကပ်ပါနှင့်။
၃။ ဖိထားပါ။
ခြေချင်းဝတ်နေရာကို ဖိထားခြင်းသည် ရောင်ယမ်းမှုနှင့် နာကြဉ်မှုကို သက်သာစေပါတယ်။
ဆွဲသားပါသော ပတ်တီးကို ခြေချင်းဝတ်တစ်ဝိုက် မလျော့မကြမ်း အနေအထားဖြင့် ပတ်ထား ပေးပါ။
၄၈ နာရီမှ ၇၂ နာရီအထိ ထားပါ။
၄။ ခြေထောက်ကို မြှောက်ထားပါ။
ခြေချင်းဝတ်လည်သွားသော ခြေထောက်ကို ခါးအထက် (သို့မဟုတ်) နှလုံးအထက် မြှောက်ထားပါ။
ရောင်ရမ်းမှုကို သက်သာစေပါတယ်။
၅။ ဆေးဝါးများ
အကိုက်အခဲပျောက်ဆေး ၊ အရောင်ကျဆေး သောက်သင့်ပါတယ်။
၄၈ နာရီအတွင်း သောက်လျှင်ပိုထိရောက်ပါတယ်။
ဆရာဝန် ညွှန်ကြားချက်မလိုပဲ ဝယ်၍ သောက်နိုင်သော ဆေးကို သောက်နိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေး (လိမ်ဆေး/ဖျန်းဆေး) များ သုံးနိုင်ပါတယ်။
၆။ ခြေချင်းဝတ်လေ့ကျင့်ခန်း လုပ်ခြင်း
ခြေမျက်စိတစ်ဝိုက် အရွတ်နှင့် ခြေသလုံး ကြွက်သားများကို သန်မာအားဖြစ်စေသော လေ့ကျင့် ခန်း အပျော့စားလေးများက ခြေချင်းဝတ်လည်ခြင်းကို ကောင်းမွန်အောင် အထောက်အပံ့ ပေးပါတယ်။
လေ့ကျင့်ခန်းအတွက် နားလည်တတ်ကျွမ်းသော ဆရာဝန် သို့မဟုတ် ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်သူများ (Physiotherapist) များနှင့် ဆွေးနွေး၍ လုပ်သင့်ပါတယ်။

ဘယ်အချိန်ဆရာဝန် နှင့် ပြသင့်သလဲ?

အလွန်အမင်း နာကြဉ်လျှင်
အရမ်းရောင်နေလျှင်
ခြေလှမ်းအနည်းငယ်တောင် လှမ်း၍ မရလျှင်
ဖျားလျှင်
မသက်သာလျှင်

Reference
Dr.Yin Yin Win
M.B.B.S (Ygn)
Dip.Med.Sc (Family Medicine)

ဆက်စပ် ဆောင်းပါးများ