ပျို့အန်ခြင်း

ပျို့အန်ခြင်း
မွေးကင်းစမှစ၍ အသက်အရွယ် ကြီးရင့်သူများအထိ အရွယ်သုံးပါးစလုံး ပျို့အန်ခြင်းဝေဒနာကို ခံစားဖူးကြမည်ဖြစ်သည်။ တခါတရံ ကျန်းမာနေလျက်နှင့်ပင် အကြောင်းမဲ့ ပျို့အန်ခြင်းများ ရှိသကဲ့သို့ ရောဂါတခုခု (သို့မဟုတ်) အကြောင်းအရာ တခုခုကြောင့် ပျို့အန်ခြင်းမျိုးလည်းရှိသည်။
ဘယ်လိုအချိန်တွေမှာ ပျို့အန်နိုင်သလဲ
သာမန်အားဖြင့် အစာမကြေလျှင် (သို့မဟုတ်) အစာကို လွန်ကဲစွာ စားမိလျှင် အစာအိမ် အတွင်း မအီမသာဖြစ်ရာမှ ပျို့အန်ခြင်း ဖြစ်နိုင်သလို ကားမူးတတ်သူများနှင့် ကိုယ်ဝန်ဆောင် မိခင်များ အနေနှင့်လည်း ကျန်းမာနေလျက်နှင့်ပင် ပျို့အန်ခြင်း ဖြစ်တတ်သည်။ တကြိမ်ထက်ပို၍ အန်နေလျှင် (သို့မဟုတ်) ဗိုက်အောင့်ခြင်း၊ ကိုယ်ပူခြင်း စသည့် ရောဂါလက္ခဏာများကိုပါ တွဲ၍ ခံစားနေရလျှင် ရောဂါတခုခု ကြောင့် အော့အန်ခြင်းဖြစ်နိုင်ကြောင်း အကြမ်းအားဖြင့် ယူဆနိုင်သည်။ အချို့သော ကလေးငယ်များတွင် ပုံမှန်စားနေကျမဟုတ်သည့် မုန့် (သို့မဟုတ်) စားစရာတမျိုးမျိုးကို စားလိုက်မိရုံဖြင့် ပျို့အန်ခြင်း ဖြစ်စေနိုင်သည်ကိုလည်း ဂရုပြုထားသင့်သည်။
ပျို့အန်ခြင်းဖြစ်စေနိုင်သော အကြောင်းအရင်းများ
ပျို့အန်ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းအရာများတွင် ရောဂါကြောင့် မဟုတ်သော ပျို့အန်ခြင်းနှင့် ရောဂါဝေဒနာ တမျိုးမျိုးကြောင့်ဖြစ်သော ပျို့အန်ခြင်း ဟူ၍လည်း ခွဲခြားနိုင်သည်။
ရောဂါဝေဒနာကြောင့်မဟုတ်သော ပျို့အန်ခြင်းများတွင်
– အစားအစာများကို သာမန်ထက်လွန်ကဲစွာ စားသုံးမိခြင်း
– အစာမကြေဖြစ်ခြင်း
– အရက်/ဘီယာများ လွန်ကဲစွာသောက်သုံးမိခြင်း
– အရသာ(သို့မဟုတ်)အနံ့တမျိုးမျိုးရ၍ဖြစ်သော ပျို့အန်ခြင်းနှင့်
– ကား/လှေ/သင်္ဘော စသည်တို့ မူးခြင်းကြောင့် ပျို့အန်ခြင်းများ ပါဝင်သည်။
ရောဂါဝေဒနာ တမျိုးမျိုးကြောင့်ဖြစ်သော ပျို့အန်ခြင်းတွင်မူ
– မသန့်ရှင်းသော အစားအစာများ စားသုံးမိခြင်းကြောင့် အစာအဆိပ်သင့်ခြင်း
– တွဲဖက်မစားသင့်သည့် အစာများကို တွဲ၍စားသုံးမိခြင်း
– ကိုယ်ဝန်ဆောင်ကာလ ဖြစ်တတ်သော ပျို့အန်ခြင်း
– ဖျားနာ/ကိုယ်ပူခြင်းကြောင့် ပျို့အန်ခြင်း
– ခေါင်းမူး/ခေါင်းကိုက် ရောဂါများကြောင့်ဖြစ်သော ပျို့အန်ခြင်း
– လတ်တလော အသုံးပြုနေသည့် ဆေးဝါးများကြောင့်ဖြစ်သော ပျို့အန်ခြင်း
– ခွဲစိတ်ရာတွင်အသုံးပြုသည့် မေ့ဆေး/ထုံဆေးများ၏ နောက်ဆက်တွဲကြောင့်ဖြစ်သော ပျို့အန်ခြင်း
– အစာအိမ်ရောင်ရမ်းခြင်း၊ အူရောင်ခြင်းကဲ့သို့ အစာခြေလမ်းကြောင်းနှင့်ဆိုင်သော ရောဂါတမျိုးမျိုး ကြောင့် ပျို့အန်ခြင်းဟူ၍ ရောဂါများကြောင့်ဖြစ်သော ပျို့အန်ခြင်းး အခြေအနေများလည်း ရှိသည်။
ပျို့အန်ခြင်းခံစားနေရလျှင်
ပျို့အန်ခြင်း ဖြစ်ပွားရသော အကြောင်းအရာနှင့် အကြိမ်အရေအတွက်ကို မူတည်၍ အလွယ်တကူူ သက်သာပျောက်ကင်းသွားနိုင်သည့် အခြေအနေများရှိသလို အမြန်ဆုံးကုသမှု ခံယူရန်လိုသည့် အခြေအနေများလည်းရှိသည်။
သာမန်အားဖြင့် ရောဂါကြောင့်မဟုတ်သော ပျို့အန်ခြင်းများ ခံစားနေရလျှင် ကိုယ်လက် လှုပ်ရှားမှုကို အတတ်နိုင်ဆုံး လျော့ချ၍ အိပ်စက်အနားယူပေးခြင်း၊ အစာအမာများ မစားပဲ ဆန်ပြုတ် ကျဲကျဲကို နည်းနည်းနှင့်မကြာမကြာသောက်ပေးခြင်းနှင့် ရေဓာတ်ဖြည့်တင်းပေးသည့် ဓာတ်ဆားရည် / အချိုရည်များ သောက်သုံးပေးခြင်း တို့ဖြင့် သက်သာနိုင် မည်ဖြစ်သည်။
ရောဂါကြောင့်ဖြစ်သော ပျို့အန်ခြင်းများခံစားနေရလျှင်မူ ဖြစ်ပွားစေသော အကြောင်းအရာ ကိုလိုက်၍ လိုအပ်သော ကုသမှု ခံယူမှသာ သက်သာသွားနိုင်မည် ဖြစ်သည်။ တရက်ထက်ပို၍ အန်နေခြင်း၊ အစာ/ရေ စားလိုက်တိုင်း ပြန်ပြန်အန်နေခြင်း၊ ဗိုက်အတွင်းမှ ရစ်၍နာနေခြင်း၊ ဝမ်းပျက် ဝမ်းလျောခြင်းပါ တွဲ၍ခံစားရခြင်း စသည့် အခြေအနေများရှိလျှင် နီးစပ်ရာ ဆရာဝန်နှင့် သွားရောက် တိုင်ပင်ပြသကာ ကုသမှု ခံယူသင့်သည်။
စိုးရိမ်ရသည့် အခြေအနေများ
အထူးသတိပြုရန်မှာ ပျို့အန်ခြင်းနှင့်အတူ စိုးရိမ်ရသည့် အခြေအနေများဖြစ်သည့်
– ဝမ်းဗိုက်တွင် မခံရပ်နိုင်အောင် အောင့်နေခြင်း
– ရင်ဘတ်တွင် စူး၍အောင့်ခြင်း
– အသက်ရှုမဝဖြစ်လာခြင်း
– ခေါင်းအလွန်မူးခြင်း
– မျက်စိများ ပြာဝေလာခြင်း
– သတိလစ်ခြင်း
– လတ်တလော ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရထားခြင်း
– ပျို့အန်ရာတွင် အစိမ်ရောင်အရည်များပါလာခြင်း
– သွေးစများပါလာခြင်း
– ကော်ဖီအနှစ်ကဲ့သို့ မဲမဲများပါလာခြင်း စသည့် အခြေအနေများရှိလျှင် နီးစပ်ရာ၊ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက်၍ လိုအပ်သော ကုသမှုကို ခံယူရမည် ဖြစ်သည်။
သတိပြုရန်
မည်သည့် အကြောင်းကြောင့်ဖြစ်သော ပျို့အန်ခြင်းဖြစ်စေကာမူ အကြိမ်ရေ များလာ သည်နှင့်အမျှ ရေနှင့် ဆားဓာတ်များ ဆုံးရှုံးခြင်းဖြစ်လာနိုင်သည်။ ဆုံးရှုံးသွား သော ပမာဏကိုလိုက်၍ ရေဓာတ်နှင့် ဆားဓာတ် လိုအပ်သလို ပြန်လည်ဖြည့်တင်းမှုနှင့် ပြုစုကုသမှု မခံယူလျှင် အသက် သေဆုံးသည်အထိ ဖြစ်စေနိုင်သည်ကို သတိပြုကြ သင့်သည်။
ထို့အပြင် အချို့သော အခြေအနေများ/အထူးသဖြင့် အမျိုးသမီးငယ်များတွင် နေရာ အနေအထားကိုလိုက်၍ ပျို့အန်မည်ကိုစိုး၍ ပါးစပ်ကို အတင်းပိတ်ထားခြင်းမျိုး ပြုလုပ်မိတတ် ကြသည်။ အကယ်၍ ထိုကဲ့သို့ ပြုလုပ်မိလျှင် အစာအိမ်အတွင်းမှ အရှိန်နှင့် ဆန်တက်လာသော အစာများနှင့် အစာအိမ်မှအက်ဆစ်အရည်များ အသက်ရှု လမ်းကြောင်းအတွင်း ဝင်သွားနိုင်ပြီး အသက် သေဆုံးသည်အထိ ဖြစ်စေနိုင်သည် ကိုလည်း သတိပြုသင့်သည်။ သို့ဖြစ်၍ မည်သည့် အခြေအနေတွင် ဖြစ်စေကာမူ ပျို့အန်ချင်လာလျှင် မအန်အောင် ပါးစပ်ကို အတင်းပိတ်ဆို့ ထားခြင်းမျိုးကို ဂရုပြု၍ ရှောင်ကျဉ်ကြရန်လိုကြောင်း အကြံပြု ပြောကြားလိုပါသည်။

 

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ