fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 233 Total Cases
😥 6 Deaths
😇 145 Recovered

ဝက်သက်ဆိုတာ ဂျိုနဲ့လား

ကြီးမှ ဝက်သက်ပေါက်ချင်နေတယ် ဆိုတဲ့စကားကတော့ မြန်မာဘန်းစကားတစ်ခုဖြစ်ပြီး အသက်ကြီးမှ ရည်းစားသညာလိုချင်နေတယ်၊ မိန်းမလိုချင်နေတယ်လို့ ပြောတာဖြစ်ပေမယ့် ကျနော်အခုပြောမယ့် ဝက်သက် အကြောင်းကတော့ အဲ့ဒီဘန်းစကားနဲ့ လားလားမှ မဆိုင်တဲ့ ဝက်သက်ရောဂါအကြောင်းပဲဖြစ်ပါတယ်…

ဝက်သက်ရောဂါဟာ လူအမြောက်အများကို အချိန်တိုအတွင်းမှာ ကူးစက်ပျံ့ပွားနိုင်တဲ့ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျား မ မရွေးဖြစ်ပွားနိုင်ပြီး အသက် ၅ နှစ်အောက် ကလေးတွေမှာတော့ ကူးစက်ခံရရင် သေဆုံးမှုနှုန်းမြင့်မားပါတယ်…

ကျနော်တို့မြန်မာနိုင်ငံမှာတော့ ဝက်သက်ရောဂါကာကွယ်ဆေးကို အသက် ၉ လမှာတစ်ကြိမ်၊ အသက် တစ်နှစ်ခွဲမှာ တစ်ကြိမ် ထိုးနှံပေးပါတယ်… ဝက်သက်ရောဂါကာကွယ်ဆေးမပေါ်ခင်က ဒီ ဝက်သက်ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ လူသေဆုံးမှုနှုန်း အလွန်မြင့်မားခဲ့ပါတယ်…

ဝက်သက်ကာကွယ်ဆေးထိုးနှံပြီးမှ တစ်နှစ်ပြီးတစ်နှစ် သေဆုံးမှုနှုန်းလျော့ကျလာခဲ့တာဖြစ်ပါတယ်…

ဒီကြောက်စရာကောင်းတဲ့ ဝက်သက်ရောဂါဟာ ဝက်သက်ဗိုင်းရပ်စ်ပိုး (Measles Virus) ကြောင့်ဖြစ်ပွားတာဖြစ်ပြီး နိုဘယ်ဆုရှင် John F. Enders နဲ့ Thomas Peebles တို့က ၁၉၅၄ ခုနှစ်မှာ ပထမဆုံးခွဲခြားပြခဲ့တာဖြစ်ပါတယ်… သူကလည်း RNA ဗီဇရှိတဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်ပြီး သိပ္ပံအခေါ်နဲ့ Rubeola လို့ ခေါ်ကြပါတယ်… ဒါကို ဂျိုက်သိုး (Rubella or German Measles)  နဲ့ မှားယွင်းတတ်ကြပါတယ်… တကယ်တော့ Rubella ဆိုတာကလည်း German Measles ရဲ့ သိပ္ပံနာမည် (Scientific Name) ပါ… ဝက်သက်ဗိုင်းရပ်စ်ပိုးက Paramyxoviridae မိသားစုဝင် Morbillivirus မျိုးစိတ်ဖြစ်ပြီး ဂျိုက်သိုးဗိုင်းရပ်စ်ပိုးကတော့ Togavirus မျိုးစိတ်ဖြစ်ပါတယ်… ဒီနှစ်မျိုးကို မကြာခဏမှားယွင်းတတ်ကြပေမယ့် ဗိုင်းရပ်စ်ပိုးတွေက တခြားစီဖြစ်ပါတယ်…

ဝက်သက်ဗိုင်းရပ်စ်ပိုးကလည်း လူအချင်းချင်းကပဲ ကူးစက်ပါတယ်… ခြင်၊ ယင်၊ တိရစ္ဆာန်တွေကတဆင့် မကူးစက်တတ်ပါဘူး… ဝက်သက်ဗိုင်းရပ်စ်ပိုးရှိသူက နှာချေရင်၊ ချောင်းဆိုးရင် အဲ့ဒီ ရောဂါပိုးပါတဲ့လေကို နောက်တစ်ယောက်ကရှူသွင်းမိရင်ပဲဖြစ်ဖြစ်၊ ရောဂါပိုးရှိသူရဲ့ တံတွေး၊ သလိပ်၊ သုက်ရည်၊ နှာရည်တွေနဲ့ ထိတွေ့မိရင်ပဲဖြစ်ဖြစ် ကူးစက်ပျံ့ပွားစေတတ်ပါတယ်…  အင်ပြင်တွေမထွက်ခင်ကထဲက တစ်ယောက်ကို တစ်ယောက် ကူးစက်ပျံ့ပွားစေနိုင်တာမို့ ပျံ့ပွားနှုန်း အလွန်မြန်ပါတယ်…

ရောဂါပိုးကူးစက်ခံရပြီး ၁၀ရက်ကနေ ၁၂ရက်အကြာမှာ ရောဂါလက္ခဏာတွေ စပေါ်လာတတ်ပြီး တစ်ပတ် ဆယ်ရက်လောက်အထိ ဝေဒနာ ခံစားရပါတယ်… ရောဂါလက္ခဏာတွေကတော့ ၄ရက်လောက် အဖျားဆက်တိုက်ကြီးတတ်ပြီး အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်အထိ မြင့်တက်နေတတ်ပါတယ်… ဖျားတာနဲ့အတူ အင်ပြင်တွေထွက်တတ်ပြီး ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ နှာရည်ယိုတာ၊ မျက်စိနာတာ ( 3 Cs, Cough, Coryza, Conjunctivitis) တွေ ရှိပါတယ်… ဝက်သက်မှာပေါ်လာတဲ့အင်ပြင်က ယားယံတဲ့ အနီရောင်အကွက်ပုံစံဖြစ်ပြီး ဖျားပြီး ရက်အတန်ကြာမှာ ပေါ်လာတတ်ပါတယ်… အင်ပြင်တွေက အရင်ဆုံး နားရွက်အနောက်ဘက်မှာ အရင်ပေါ်လာတတ်ပြီး နာရီအနည်းငယ်အကြာမှာ ခေါင်းနဲ့ လည်ပင်းကတဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပါတယ်…  နောက်ပြီး ပါးစောင်မှာ အဖြူစက်တွေ တွေ့ရရင် ကော့ပလစ်အစက် (Koplik’s spots)တွေလို့ ခေါ်ပြီး ဒီရောဂါဟာ ဝက်သက်ရောဂါဖြစ်ကြောင်း လုံးဝသေချာစေတဲ့ လက္ခဏာတစ်ခုပါ… ဒါပေမယ့် အဲ့ဒီအစက်တွေက ခဏသာပေါ်လာပြီး ပြန်ပျောက်သွားတတ်တာမို့ အတွေ့ရနည်းပါတယ်…

ဒီ ဝက်သက်ရောဂါဖြစ်ပွားပြီဆိုရင် ကုသဖို့ ဆေးမရှိပါဘူး… ဓာတ်ဆားရည်လေး၊ အဖျားကျဆေးလေးတိုက်၊ အာဟာရပြည့်ဝတဲ့ အစာလေးစားခိုင်းပြီး စောင့်ကြည့်ရုံပဲရပါတယ်… နောက်ပြီး ဝက်သက်အပြင် အဆုတ်ရောင်ရောဂါပါ ကူးစက်ခံရပြီဆိုရင်တော့ ပဋိဇီဝ ပိုးသတ်ဆေးတွေပါ ထည့်သောက်ရမှာဖြစ်ပါတယ်… ဖွံဖြိုးပြီးနိုင်ငံတွေမှာတော့ ဗီတာမင် အေ ကိုပါ ဖြည့်စွက်တိုက်ကျွေးကြပါတယ်… ဒါကြောင့်မို့ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ ပိုပြီး သက်သာစေမှာ ဖြစ်ပါတယ်… တစ်ခါဖြစ်ပြီး ပျောက်သွားရင်တော့ တစ်သက်လုံးပြန်မဖြစ်တော့ပါဘူး…

ဝက်သက်ရောဂါဖြစ်ပွားသူတွေရဲ့ ၃၀ ရာနှုန်း မှာတော့ ဝမ်းလျှောတာ၊ မျက်စိကွယ်တာ၊ နားထိုင်းတာ၊ ဦးဏှောက်ရောင်တာ၊ အဆုတ်ရောင်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေခံစားကြရပြီး အဲ့ဒီ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လည်း သေဆုံးမှုနှုန်း များပါတယ်… အထူးသဖြင့် ကိုယ်ခံအားကျဆင်းနေတဲ့ အေအိုင်ဒီအက်စ်ရောဂါသည်၊ ကင်ဆာရောဂါသည်တွေ၊ အာဟာရချို့တဲ့ တဲ့ သူတွေ၊ ကိုယ်ဝန်သည်တွေ၊ ဗီတာမင် အေ ဓာတ်ချို့တဲ့ တဲ့သူတွေမှာ ပိုပြီး ဖြစ်ပွားတတ်ကြပါတယ်…

ဒါကြောင့်မို့ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဝက်သက်ရောဂါ ကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့ အချိန်မှာ မပျက်မကွက် ထိုးနှံကြရမှာဖြစ်ပါတယ်… နောက်ပြီး ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေအနေနဲ့ ရောဂါ မဖြစ်ခင်မှာပဲဖြစ်ဖြစ်၊ ရောဂါဖြစ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် အစားရှောင်တာမျိုးမလုပ်ဘဲနဲ့ အစာအာဟာရ ပြည့်ဝအောင် စားဖို့လိုအပ်ပါတယ်…

နိဂုံးချုပ်အနေနဲ့ ပြောရရင် ဝက်သက်ရောဂါအကြောင်း၊ ကူးစက်နိုင်ပုံအကြောင်း၊ ဖြစ်ပွားပုံအကြောင်း၊ ကာကွယ်နိုင်ပုံအကြောင်းနားလည်သဘောပေါက်ပြီဆိုရင်တော့ ကျနော့်ရဲ့ မိတ်ဆွေများအနေနဲ့ ကိုယ့်သားသမီးကို ဝက်သက်ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် မပျက်မကွက်ထိုးနှံပေးရင်း ဝက်သက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ကြမယ်ဆိုရင် ‘ဝက်သက်ဆိုတာ ဂျိုနဲ့လား’ လို့ မေးရတော့မှာဖြစ်ပါကြောင်း ပြောကြားလိုက်ပါရစေဗျာ…။

 

Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

ဆက်စပ် ဆောင်းပါးများ