သွေးချိုဆီးချိုရောဂါဖြစ်ပွားရခြင်း၏ ဇာစ်မြစ်အတိအကျကိုမသိနိုင်သဖြင့် ကာကွယ်နည်းအပြည့်အစုံကို ဖော်ပြပေး နိုင်မည်မဟုတ်ပါ။ မျိုးရိုးဗီဇနှင့်သက်ဆိုင်သော အန္တရာယ်ကိုကာကွယ်ဖို့လွယ်ကူမည်မဟုတ်ပေ။ သို့သော်ဆီးချိုသွေးချိုရောဂါ ၏အချို့သော အန္တရာယ်များကိုကာကွယ်ပေးနိုင်ပါက အရှုပ်အထွေးပြဿနာကင်းစွာ သက်တမ်းစေ့နေထိုင်သွားကြမည်ဖြစ်သည်။
သွေးချိုဆီးချိုရောဂါအတွက် ဖြစ်မှကုသခြင်းထက်ကာကွယ်မှုက ပို၍ကုန်ကျစားရိတ်သက်သာစေပြီး လူတစ်ဦးခြင်းစီ အတွက်ဖြစ်စေ၊ တိုင်းပြည်အတွက်ဖြစ်စေ ဝန်ထုပ်ဝန်ပိုးပေါ့ပါးစေမည်ဖြစ်သည်။ မူလကမျိုးရိုးဗီဇဆက်နွယ်မှုရှိသူတစ်ဦးသည် အစားအသောက်ကိုအလွန်အကျွံစားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုလည်းနည်းမည်ဆိုပါလျှင် သွေးချိုဆီးချိုရောဂါဖြစ်ရန်အခွင့် အလမ်းမှာ အမြင့်မားဆုံးအခြေအနေသို့ရောက်ရှိသွားပေလိမ့်မည်။
သွေးချိုဆီးချိုရောဂါကာကွယ်ရာတွင် ကျမ်းမာရေးပညာပေးခြင်းသည် အရေးကြီးသောကဏ္ဍမှပါဝင်သည်။ မိမိ၌သွေးချို ဆီးချိုရောဂါဖြစ်ရန်အန္တရာယ် ရှိမရှိကိုလည်း သိရှိနားလည်ထားသင့်သည်။ ရောဂါဖြစ်ရန်အန္တရာယ်ရှိမရှိကိုလည်း သိရှိနားလည် ထားသင့်သည်။ မိမိဆွေမျိုးမိသားစုတွင် သွေးချိုဆီးချိုရောဂါလူနာရှိမရှိ သိထားဖို့လိုသည်။ မိမိစားသုံးသောအစားအစာသည် ကျမ်းမာရေးနှင့်ညီညွတ်ခြင်းရှိမရှိကိုလည်း သိရှိနိုင်ရမည်ဖြစ်၏။ ဖွဲခွံစင်ကြယ်အောင်ဖွပ်ထားသော ကောက်ပဲသီးနှံများစားသုံးခြင်း ပြည့်ဝဆီများပါသောအစားအစာများစားသုံးခြင်း၊ ကိုယ်အလေးချိန်လွန်ကဲခြင်း (အဝလွန်ကဲခြင်း)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ (ထိုင်လျှက်လုပ်ငန်းလုပ်ကိုင်သူများ) ဖြစ်ပါက ဆီးချိုသွေးချိုဖြစ်ရန် အန္တရာယ်အလွန်များပေလိမ့်မည်။
ထို့ကြောင့် သွေးချိုဆီးချိုရောဂါမှကာကွယ်ရန်-
- မိမိသည်သွေးချိုဆီးချိုရောဂါဖြစ်ရန် အန္တရာယ်ရှိသူဟုတ်မဟုတ် သိထားရမည်။
- အစားအစာကို ကျမ်းမာရေးနှင့် ညီညွတ်အောင်စားသုံးရမည်။
- ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်သင့်သည်။တက်တက်ကြွကြွနေသင့်သည်။
- ကိုယ်အလေးချိန်မှန်ကန်အောင် ထိန်းသိမ်းထားရမည်။
AUTHOR – Dr. အေးကျော်(ဇီဝကမ္မဗေဒ)