ခံရသိပ်ခက်တဲ့ မိတ်တွေ မြန်မြန်သက်သာ ပျောက်ကင်းစေဖို့

ခံရသိပ်ခက်တဲ့ မိတ်တွေ မြန်မြန်သက်သာ ပျောက်ကင်းစေဖို့

အပူပိုင်းဒေသမှာနေတဲ့ လူအတော်များများအနေနဲ့ မိတ်ထွက်ခြင်းကိုခံစားဖူးကြမှာပါ။

အခုလို ပူအိုက်တဲ့နွေရာသီမှာဆိုရင် မိတ်ထွက်ခြင်းဟာ ပိုပြီးအဖြစ်များတတ်ပါတယ်။

ကလေး၊လူကြီး ကျားမမရွေးမိတ်ထွက်ခြင်းကိုခံစားရနိုင်ပါတယ်။

မိတ်ထွက်တာကို ဆေးပညာအရ Miliaria သို့မဟုတ် Heat rash သို့မဟုတ် Prickly heat လို့ခေါ်ပါတယ်။

မိတ်ထွက်တယ်ဆိုတာဟာ အရေပြားပေါ်မှာ အဖြူရောင်အရည်ကြည်ဖုလေးများ သို့မဟုတ် အနီရောင်အဖုလေးများ အနီရောင်ဗြင်ကွက်များ ပေါ်လာတာဖြစ်ပါတယ်။

ချိုင်းကြား၊ပေါင်ကြား၊ကျောကုန်း၊ရင်ဘတ်၊လည်ပင်း နေရာတွေမှာ အဖြစ်များလေ့ရှိပါတယ်။

အရပ်ခေါ်အနေနဲ့ အဖြူရောင်အရည်ကြည်ဖုလေးတွေကို မိတ်သေးလို့ ခေါ်လေ့ရှိပြီး အနီရောင်အဖု အနီရောင်ဗြင်ကွက်တွေကိုတော့ မိတ်ကြီးလို့ခေါ်လေ့ရှိပါတယ်။

မိတ်သေးထွက်တဲ့အခါ ယားတာ၊နာတာမရှိတတ်ပေမယ့် မိတ်ကြီးထွက်တဲ့အခါ ယားတာ၊ဆစ်ခနဲ ဆစ်ခနဲ နာသလိုဖြစ်တာ (မိတ်ကိုက်တာ)၊စပ်တာ တွေပါ ခံစားရတတ်ပါတယ်။

မိတ်ထွက်ရတာဟာ အရေပြားမှာရှိတဲ့ ချွေးဂလင်းအပေါက်လေးတွေ ပိတ်ဆို့လို့ပါ။

ဘာဖြစ်လို့ ပိတ်ဆို့ရလဲဆိုတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

ဒါပေမယ့် မိတ်ထွက်ခြင်းဟာ

ကလေးတွေ

ပူတဲ့အချိန်မှာ ထူပိန်းတဲ့အဝတ်အစားဝတ်သူတွေ၊ပြင်းပြင်းထန်ထန်ဖျားတဲ့သူတွေ

လိမ်းဆေးအဆီတမျိုးမျိုး ပျစ်တဲ့အဆီတမျိုးမျိုး သို့မဟုတ် နေရောင်ကာခရင်မ်ကို ထူထဲစွာလိမ်းတဲ့သူတွေ

ချွေးထွက်များတဲ့သူတွေ

ကိုယ်လက်လှုပ်ရှားမှုတအားများတဲ့သူတွေ

အိပ်ရာထဲအမြဲလှဲနေတဲ့သူတွေ

ဝတဲ့သူတွေ

ရေခဲရေတအားသောက်တဲ့သူတွေ မှာ အဖြစ်များတတ်ကြောင်း လေ့လာမှုတွေအရ သိရပါတယ်။

မိတ်ထွက်တာဟာ အများအားဖြင့်တော့ ဆေးခန်းပြဖို့ လိုလေ့ မရှိတတ်ဘဲ သူ့ဘာသာသူပျောက်နိုင်ပါတယ်။

မိတ်ထွက်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေ သက်သာအောင် အရိပ်ရအေးမြတဲ့နေရာမှာ နားနားနေနေ နေပါ။

တတ်နိုင်ရင် အဲယားကွန်းအခန်းထဲမှာ နေတာပိုကောင်းပါတယ်။

အဲယားကွန်းအပူချိန်ကို ၂၅ ဒီဂရီစင်တီဂရိတ်မှာပဲထားပါ။အဲ့ထက်တအားအေးရင်ကျ မကောင်းပါ။

အဲယားကွန်းမရှိလည်း သစ်ပင်အောက် သို့မဟုတ် လေဝင်လေထွက်ကောင်းတဲ့နေရာ လေတိုက်တဲ့နေရာတွေမှာနေလို့ရပါတယ်။

ချွေးထွက်တဲ့အခါ သဘာဝရေအေးအေးလေးနဲ့ မကြာခဏ ရေဖတ်တိုက်ပေးပါ။(ရေခဲရေမသုံးပါနဲ့)

ယားယံတာ၊မိတ်ကိုက်တာ သက်သာအောင် Caladyl lotion သို့မဟုတ် Calamine lotion လိမ်းနိုင်ပါတယ်။အဲ့ဒါတွေဝယ်ရခက်ပါက ခရေပန်းခြောက်နဲ့သနပ်ခါးရောပြီးသွေးကာ လိမ်းနိုင်ပါတယ်။

တအားယားပါက Cetrine သို့မဟုတ် Burmeton ညတပြားသောက်နိုင်ပါတယ။်

ပွတဲ့ချည်သား အဝတ်အစားတွေကိုဝတ်ဆင်ပါ။

ကျပ်ထုတ်နေတဲ့အဝတ်အစားတွေ လေဝင်လေထွက်မကောင်းတဲ့အဝတ်အစားတွေမဝတ်ပါနဲ့။

ပူတဲ့ရာသီဥတုမှာ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ပါနဲ့။

တကယ်လို့ ဒီလိုတွေလုပ်လို့မှမသက်သာဘူးဆိုရင်၊အနီဖု အနီကွက်တွေပိုဆိုးလာပြီး အရေပြားရောင်ရမ်းတာ ပိုဆိုးလာရင်၊မိတ်ဖုတွေမှာပြည်တည်လာရင်၊ဖျားတာတွေဖြစ်လာရင်တော့ နီးစပ်ရာဆေးခန်း၊ဆေးရုံပြသဖို့လိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ