ရေဖျဉ်းအကြောင်း
အသောက်သမားတယောက် ဗိုက်ကြီးဖောင်းလာပြီဆိုရင် မင်းတော့ ရေဖျဉ်းစွဲနေပြီထင်တယ် အသည်းခြောက်မခြောက်စစ်ကြည့်အုံးဆိုပြီး ဘော်ဒါတွေအချင်းချင်း ပြောလေ့ရှိတတ်ကြပါတယ်။
ဗိုက်ဖောင်းလာတိုင်း ရေဖျဉ်းလို့ ယတိပြတ်ပြောမရပါ။ ဘီယာအသောက်များ အဆီအဆိမ့်အစားများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အတွက် ဗိုက်မှာအဆီတွေစုလာပြီး ဗိုက်ပူလာတာလည်းဖြစ်နိုင်ပါတယ်။
ရေဖျဉ်းဆိုတာကတော့ ဗိုက်မှာ အဆီစုတာမဟုတ်ဘဲ ဝမ်းတွင်းခေါင်းအမြှေးလွှာ (Peritoneum) နဲ့ ဝမ်းတွင်းခေါင်းအင်္ဂါတွေကြားထဲမှာ အကြောင်းကြောင်းကြောင့် အရည်တွေလာစုတာပါ။ ရေဖျဉ်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေအများရှိတဲ့ထဲက အဖြစ်များဆုံးအကြောင်းကတော့ အသည်းခြောက်ခြင်းပါ။
အရက်သောက်လို့ အသည်းခြောက်တာအပြင်၊ ဘီပိုး၊ စီပိုးဝင်ရောက်ကူးစက်ခံရတာ၊ ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ အသည်းရောဂါ (Autoimmune Liver Disease) ဖြစ်တာတွေကြောင့်လည်း အသည်းခြောက်တတ်ပါတယ်။
အသည်းခြောက်တဲ့အခါ အသည်းမှ သွေးကြောထဲက အရည်ဓါတ်ကိုထိန်းတဲ့ ပရိုတင်းတွေ
(Plasma Proteins) ကို ထုတ်နိုင်တာကြောင့်နဲ့ Portal vein ထဲမှာဖိအားတက်လာတာကြောင့် သွေးကြောထဲက အရည်တွေက ဝမ်းဗိုက်အတွင်းမှာ စုလာရခြင်းဖြစ်ပါတယ်။ အသည်းခြောက်တာအပြင် နာတာရှည်ကျောက်ကပ်ရောင်ရောဂါ (Nephrotic Syndrome)၊ ရေရှည်ကျောက်ကပ်အားနည်းရောဂါ (Chronic renal failure)၊ နှလုံးအားနည်းရောဂါ၊ အူတီဘီရောဂါ၊ မုန့်ချိုအိတ်ရောင်ရမ်းတဲ့ရောဂါ၊ သိုင်းရွက်ဟော်မုန်းအားနည်းတဲ့ရောဂါတွေမှာလည်း ရေဖျဉ်းစွဲတာတွေဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အာဟာရဓါတ်ချို့တဲ့တာ (Malnutrition) ကြောင့်လည်း ရေဖျဉ်းစွဲနိုင်သလို အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ စတဲ့ကင်ဆာတွေဖြစ်ပြီး ဝမ်းဗိုက်ခေါင်းထဲကင်ဆာဆဲလ်ပျံ့နှံ့တဲ့အခါမှာလည်း ရေဖျဉ်းဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး ရေဖျဉ်းစွဲတဲ့ အရည်ပမာဏ အနည်းအများရှိနိုင်ပါတယ်။ ရေဖျဉ်းစွဲတဲ့အခါမှာ ဗိုက်ကြီးဖောင်းလာတာ၊ ရုတ်တရက် ကိုယ်အလေးချိန်တိုးလာတာ၊ ပက်လက်လှဲအိပ်တဲ့အခါ အသက်ရှုရခက်တာ၊ အစားသောက်ပျက်တာ၊ ဗိုက်နာတ၊ လေပွတာ၊ ရင်ပူတာ၊ ပျို့အန်တာ စသဖြင့်ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ဖြစ်ရတဲ့အကြောင်းရင်း ရောဂါရဲ့လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထက်မှာဖော်ပြတဲ့လက္ခဏာတွေ ခံစားရပြီဆိုရင်တော့ ရေဖျဉ်းစွဲတာဟုတ်မဟုတ်၊ ရေဖျဉ်းစွဲတာဟုတ်ခဲ့ရင်လည်း ဘာအကြောင်းကြောင့် စွဲရတယ်ဆိုတာကို သေချာသိအောင် နီးစပ်ရာဆေးခန်းပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။
စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ ဆီးစစ်တာ၊ သွေးစစ်တာ၊ အီးစီဂျီဆွဲတာ၊ ကျောက်ကပ်က အသားစယူစစ်တာ၊ အာထရာဆောင်းရိုက်တာ၊ ဓါတ်မှန်ရိုက်တာ စသဖြင့် ဆရာဝန်က စမ်းသပ်ပြီးနောက် ညွန်ကြားတဲ့အတိုင်း လိုအပ်သလိုလုပ်ရနိုင်ပါတယ်။
ကုသမှုအနေနဲ့ကတော့ ဝမ်းတွင်းခေါင်းထဲစုနေတဲ့ ရေပမာဏအနည်းအများအပေါ် မူတည်ပြီး ဆီးဆေးတွေသောက်ရတာ၊ ထိုးရတာရှိသလို ဗိုက်မှာအပ်စိုက်ပြီး စနစ်တကျ ဖောက်ထုတ်ရတာမျိုးလည်းရှိပါတယ်။ ဖောက်ထုတ်လို့ရလာတဲ့ အရည်တွေကို ဓါတ်ခွဲခန်းပို့ စစ်ဆေးဖို့လည်းလိုပါတယ်။
ရေဖျဉ်းကိုကုတာအပြင် ရေဖျဉ်းဖြစ်ရတဲ့အကြောင်းရင်းကိုလည်း ကုသဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အကြောင်းရင်းကို ရှာမကုရင်ကျ ရေဖျဉ်းက ဆီးဆေးသောက်တုန်းထိုးတုန်း
သို့မဟုတ် ဖောက်ထုတ်တုန်းခဏပဲ သက်သာပြီး ပြန်ဖြစ်လာနိုင်လို့ပါ။ ရေဖျဉ်းစွဲနေသူများအနေနဲ့ ရေဖျဉ်းစွဲနေစဉ်မှာ အငန်ဓါတ်နဲ့ ရေသောက်တာကို ဆရာဝန်က ညွန်ကြားတဲ့အတိုင်းပဲ စားသောက်သင့်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ အရပ်ထဲမှာ တချို့လူကြီးတွေက ထမင်းစားပြီးရေချက်ချင်းမချိုးနဲ့။ ချိုးရင်ရေဖျဉ်းစွဲတတ်တယ်ဆိုပြီး ပြောနေတာမျိုးရှိကာ တချို့သူတွေအနေနဲ့လည်း ထိုအပြောကို ယုံကြည်နေကြတာမျိုးရှိပါတယ်။ ဒါဟာမမှန်ပါဘူး။ အစာစားပြီးပြီးချင်း ရေချိုးတာကြောင့် ရေဖျဉ်းလုံးဝမဖြစ်နိုင်ပါဘူး။ အစာစားပြီးပြီးချင်း ရေချိုးတဲ့အခါ ခြေလက်အရေပြားစတဲ့နေရာတွေ ဆီသွေးရောက်တာများပြီး အစာအိမ်ဆီရောက်တဲ့ သွေးပမာဏနဲသွားတဲ့အတွက် အစာမကြေတာ၊ ဗိုက်ပွတာ မျိုးတွေပဲဖြစ်စေနိုင်တာပါ။
Dr 528