လက်ချောင်းလေးတွေ ဘာလိုနာတာလဲ

လက်ချောင်းလေးတွေ ဘာလိုနာတာလဲ

ရောဂါသေးသေးမွှားမွှားလို့ ပြောမရပါ။ လက်ချောင်းကလေးများ နာကျင်ခြင်းသည် အဆစ်လှုပ်ရှားမှုကို ထိခိုက်ကာ နေ့စဉ်ပြုလုပ်မှုတိုင်းကိုလည်း ထိခိုက်စေပါတယ်။

လက်ချောင်းကလေးများ နာခြင်းဖြစ်စေသော အကြောင်းရင်းများမှာ

– ထိခိုက်ဒဏ်ရာရခြင်း
– ရောဂါပိုးကူးစက်ခြင်း
– အရွတ်ပြဿနာများ
– အဆစ်ရောင်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။

ထိခိုက်ဒဏ်ရာရခြင်း

လက်ချောင်းနာခြင်းရဲ့ အဓိကအများဆုံးဖြစ်ခြင်းသည် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပါတယ်။ အားကစားလုပ်ခြင်း၊ အလေးမခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် မလှုပ်ရှားနိုင်ခြင်းစသည်တို့ ခံစားရနိုင်ပါတယ်။

ကုသမှုများ

– ထိခိုက်ဒဏ်ရာရသော အခြေအနေပေါ်မူတည်၍ လက်ကို အနားပေးပါ။
– ဒဏ်ရာရသော လက်ကို ရေခဲကပ်ပေးပါ။ နာကျင်ခြင်းနှင့် ရောင်ရမ်းမှုကို သက်သာစေပါတယ်။
– ပတ်တီးစီးထားပေးပါ။
– လက်မြှောက်ထားပါ။ ရောင်ရမ်းမှုသက်သာစေနိုင်ပါတယ်။

ဆေးဝါးအနေဖြင့် အကိုက်အခဲပျောက်ဆေးများကို သောက်သုံးခြင်းဖြင့် နာကျင်ရောင်ရမ်းမှုကို သက်သာအောင်ပြုလုပ်နိုင်ပါတယ်။ လက်ကျိုးခြင်း လွဲခြင်းများကို သေချာအရိုးအထူးကုပြကုသပါ။

လက်တောင့်ခြင်း

အရွတ်ရောင်သောကြောင့် လက်တောင့်လျှင် လက်ချောင်းအခြေသည် တောင့်တင်းရောင်ရမ်းပြီး လက်ကွေးရန်ခက်ခဲခြင်း  ခံစားမှုမရှိဘဲ ထုံခြင်းစသည်တို့ ခံစားရပါတယ်။ ဆီးချိုနှင့် အဆစ်အမြစ်ရောင်ရောဂါများကြောင့် ဖြစ်နိုင်ပါတယ်။

အရွတ်ထဲသို့ ရောင်ရမ်းမှုသက်သာစေသော စတီးရွိုက်ထိုးထည့်ခြင်း စသည်ဖြင့် သက်သာအောင်ပြုလုပ်ပါ။ ပိုဆိုးရွားပါက အရွတ်ကို ခွဲစိတ်ခြင်းဖြင့် ဖြေလျော့ပါ။

Carpal Tunnel Syndrome

လက်ကောက်ဝတ် အကြောဖိမိခြင်းကြောင့် နာကျင်ခြင်း၊ ထုံကျင်ခြင်းစသည်တို့ကိုလက်ချောင်းကလေးများ ခံစားရနိုင်ပါတယ်။ လက္ခဏာသည် တဖြေးဖြေး ပိုဆိုးလာတတ်ပါတယ်။ လက်ချောင်းများအားနည်းခြင်း၊ စုပ်ကိုင်ရန် ခက်ခဲခြင်းစသည်တို့ ခံစားရပါတယ်။

ကုသမှုအနေဖြင့် လက်လှုပ်ရှားမှုနားခြင်း၊ စည်းထားခြင်း၊ အကိုက်အခဲပျောက်ဆေးသုံးခြင်းစသည်တို့ဖြင့်မသက်သာပါက ဖိခံရသော အာရုံကြောလွတ်အောင်ခွဲစိတ်မှုခံရပါတယ်။

အဆစ်များအကြား ရေအိတ်တည်ခြင်း

လက်ချောင်းအဆစ်များအကြားနှင့် အရွတ်များအကြား ရေအတ်တည်ခြင်းကြောင့် လက်ချောင်းနာကျင်တတ်ပါတယ်။ ကုသမှုအနေဖြင့် အရည်စုပ်ထုတ်ခြင်းနှင့် ခွဲစိတ်ဖယ်ရှားခြင်းများပြုလုပ်နိုင်ပါတယ်။

ပိုးဝင်ခြင်း

လက်တွင် ကွဲနာရှနာရှိပါက ပိုးဝင်ခြင်းကြောင့် နာကျင်နိုင်ပါတယ်။ နာကျင်ကိုက်ခဲခြင်း၊ ပြည်တည်ခြင်း၊ ကိုယ်ပူခြင်းစသည်တို့ ဖြစ်နိုင်ပါတယ်။ လက်ကို သေချာဆေးပါ။ သေချာကုသမှုခံယူမှ အနာပျောက်ကင်းနိုင်ပါတယ်။ လိုအပ်သော ပိုးသတ်ဆေးဖြင့် သေချာကုသပါ။

အရိုးနှင့် အဆစ်အမြစ်ရောင်ခြင်း

အဆစ်အမြစ်ရောင်ခြင်းကြောင့် လက်ချောင်းကလေးများ ပိုမိုနာကျင်တတ်ပါတယ်။ လိုအပ်သောဆေးဝါးကုသမှုများ ခံယူပါ။

မည်သည့်အကြောင်းကြောင့် လက်ချောင်းနာသည်ဖြစ်စေ မိမိကိုယ်တိုင်ပြုလုပ်နိုင်သောနည်းလမ်းများမှာ

– နာကျင်သော နေရာကို မိနစ် ၂၀ ခန့် ရေခဲကပ်ပါ။
– လက်ကို အနားပေးပါ။
– လက်ချောင်းလှုပ်ရှားမှုထိန်းရန် ပတ်တီးစည်းထားပါ။
– လက်ကို မြှောက်ထားပါ။
– နာကျင်မှုသက်သာစေသော အကိုက်အခဲပျောက်ဆေး သောက်ပါ။

Dr. Pyae Shin

ဆက်စပ် ဆောင်းပါးများ