ပြုံးလိုက်တိုင်းသွားတွေလှဖို့

ပြုံးလိုက်တိုင်းသွားတွေလှဖို့

အပြုံးတစ်ပွင့်သည် လူသားအချင်းချင်းရင်းနှီးမှုကို တိုးပွားစေပါ သည်။ လှပသောအပြုံးတစ်ခုကိုဖန်တီးရာတွင် သွားလေးများကျန်းမာလှပနေရန်မှာလွန်စွာအရေးကြီးပေသည်။

ထိုမျှမက သွားများသည် ကျွန်တော်တို့ဘဝတစ်လျှောက်လုံးတွင် တစ်ကြိမ်သာပြန်လည်ရရှိနိုင်သောအရာလည်းဖြစ်သည်။

ထို့ကြောင့် သွားများကျန်းမာကောင်းမွန်နေစေရန်  ကြိုတင်ကာကွယ်ခြင်းသည် ကုသ ခြင်းထက် ပို၍ထိရောက်ပါလိမ့်မည်။

သွားများက ဘာကြောင့်အရေးကြီးပါသလဲ

သွားများသည်ပုံစံအမျိုးမျိုး၊အရွယ်အစားအမျိုးမျိုးဖြင့် ကွဲပြားခြားနားစွာ ကျွန်တော်တို့ပါးစပ်ထဲတွင်တည်ရှိနေကြသည်။

ထိုသို့ပုံသဏ္ဍာန်အရွယ်အစားကွဲပြားသည့်အတိုင်းသွားများ၏လုပ်ဆောင်ချက်သည်လည်းကွဲပြားသွားကြသည်။ သွားများသည် အစားအစာများကို ကြေညက်စွာဝါးသည့်လုပ်ဆောင်ချက်ကို အဓိကလုပ်ဆောင်ပါသည်။စကားပြောရန်နှင့် စကားသံပီပြင်စွာထွက်ပေါ်လာရန်လည်းအကူအညီပေးပါသည်။

ထို့ပြင် မျက်နှာ ပုံစံဖြစ်ပေါ်လာစေသည့် အရာများတွင်လည်း သွားသည် တစ်ခုအပါ အဝင်ဖြစ်ပါသေးသည်။ ထိုမျှမက သွားများသည် လှပသောအပြုံးကိုလည်းဖန်တီးပေးသည့် လွန်စွာတန်ဖိုးရှိသော အရာများလည်း ဖြစ်ပါသည်။

ထိုသို့ အလွန်အရေးပါသောအရာတစ်ခုဖြစ်သည့် အလျောက် ကျွန်တော်တို့သည် သွားကျန်းမာရေးကိုအထူးဂရုစိုက် သင့်ပါသည်။

သွားများပျက်စီးယိုယွင်းလာရင် ဘာတွေဖြစ်တတ်လဲ

သွားများပျက်စီးယိုယွင်းခြင်းသည်နာကျင်မှုဝေဒနာကိုခံစားရပြီးနောက်ပိုင်းတွင် သွားများကျိုးပဲ့ပျက်စီးကာသွားများနုတ် ပစ်ရခြင်း၊ သွားပြန်စိုက်ရခြင်းများကို ပြုလုပ်ရတတ်သည်။ သွားများ ပျက်စီးယိုယွင်းနေသည်ကိုဂရုမစိုက်ဘဲပစ်ထားပါက သွားနှင့်ချိတ်ဆက်တည်ရှိနေသာနာ့ဗ်ကြောများ၊သွေးကြောများနှင့် ဆက်စပ်တည်ရှိနေသောသွားပတ်ဝန်းကျင်တစ်သျူးများတွင် ပိုးဝင်၍ ရောင်ရမ်းခြင်း၊သွားပြည်တည်ခြင်းများဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်ပါက Root Canal Treamentကဲ့သို့သော ကုသမှုများခံယူရပြီး သွားများကိုမနုတ်ပစ်ရစေရန်ခက်ခက်ခဲခဲကုသမှုခံယူရတတ်ပါ သည်။အကယ်၍ကုသမှုမအောင်မြင်ပါက သွားများကိုနုတ်ပစ်ရသည်အထိ ဆုံးရှံးမှုကြီးမားနိုင်ပေသည်။ ထို့ကြောင့် သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုတစိုက် ပုံမှန်ထိန်းသိမ်းစောင့်ရှောက် မှုပြုလုပ်ရန်အရေးကြီးပါသည်။ သွားဖုံးရောဂါသည်လူတိုင်းတွင် ဖြစ်လေ့ ရှိသောရောဂါဖြစ်ပြီး အချိန်မီမကုသပါက သွားပတ်လည်ရှိသွားဖုံးရိုးများပျက်စီးသွားတတ်ပါသည်။

သွားနှင့်သွားဖုံးရောဂါများသည် ကြိုတင်ကာကွယ်၍ရသောရောဂါများဖြစ်သည့်အလျောက် မိမိတို့၏သွားနှင့်သွားဖုံးကို နေ့စဉ်ဂရုတစိုက်သန့်ရှင်းပေးခြင်း၊စစ်ဆေးပေးခြင်း ဖြင့် နောင်ဖြစ်လာမည့်သွားနှင့်သွားဖုံးရောဂါများကိုကာကွယ် ပေးနိုင်ပါလိမ့်မည်။
အကယ်၍သွားများကျိုးပဲ့သွားပါကထိုသို့ကျိုးပဲ့သွားသောနေရာတွင်သွားစိုက်ခြင်း၊သို့မဟုတ်အံကပ်ဖြင့်ဖြည့်ထားခြင်းများကို ပြုလုပ်သင့်ပါသည်။

သွားနှင့် သွားဖုံးကျန်းမာအောင် ဘယ်လိုလုပ်မလဲ

ကျွန်တော်တို့၏သွား၊သွားဖုံးနှင့် ခံတွင်းကို သန့်ရှင်းပြီးကျန်းမာအောင်ပြုလုပ်ရန်မှာ လွယ်ကူပါသည်။ အောက်ဖော်ပြပါအချက်များကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခြင်းဖြင့် သွားများပျက်စီးယိုယွင်းခြင်းကို အကောင်းဆုံးကာကွယ်နိုင်ပါသည်။

– ဖလိုရိုက်ဓာတ်ပါသောသွားတိုက်ဆေးဖြင့် ညအိပ်ရာမဝင်မှီတစ်ကြိမ်နှင့်မနက်စာစားပြီးတစ်ကြိမ် တစ်နေ့ ၂ကြိမ်သွားတိုက်ခြင်း။

– တစ်ပတ်လျှင်အနည်းဆုံးတစ်ကြိမ် သွားကြားရှင်းကြိုး (Dental Floss)ဖြင့်သွားကြားများကိုသန့်ရှင်းရေးပြုလုပ်ပေးခြင်း

– ကောင်းမွန်သောစားသောက်ခြင်း အလေ့အထကိုသာပြုလုပ်ခြင်း (ဥပမာ- အချိုများသောအစားစာ များ၊ အချိုရည်များကို နည်းနိုင်သမျှနည်းအောင်စားသောက်ခြင်း)

– သွားကို (၆)လတစ်ကြိမ် သွားဆရာဝန်နှင့်ပြသ၍ပုံမှန်စစ်ဆေးခြင်းတို့ကို ပြုလုပ်ခြင်း ဖြင့် သွားများပျက်စီးခြင်းမှကာကွယ်နိုင်ပါသည်။

အပြုံးတိုင်းမှာ သွားတွေလှကြပါစေ

ဒေါက်တာထက်ဝေ

ဆက်စပ် ဆောင်းပါးများ