သွားဆေးခန်းကို မကြောက်ဘဲ သွားနိုင်ဖို့

သွားဆေးခန်းကို မကြောက်ဘဲ သွားနိုင်ဖို့

ဆေးခန်းတကာ့ဆေးခန်းတွေထဲမှာ ဘယ်ဆေးခန်းကို အကြောက်ဆုံးလဲလို့ စာရေးသူကို မေးလာရင်တော့ သွားဆေးခန်းလို့ ဖြေရပါလိ်မ့်မယ်။

အထူးသဖြင့် သွားနှုတ်ရတော့မယ် ဆိုရင်ပေါ့။ လူနာအိပ်ရမဲ့ ဆုံလည်ကုတင်ခုံကြီး ၊ နှာခေါင်းစည်းအစိမ်းရောင်နောက်က သွားဆရာဝန်ရဲ့ ဘာမှန်းမသိရလောက်အောင် ကြောက်ဖို့ကောင်းတဲ့ အပြုံး၊ စတီးရောင်တလက်လက်ထနေတဲ့ သွားနှုတ်ကိရိယာတွေ။ အိုး…ပြန်တွေးကြည့်ရင်းတောင် ကျောချမ်းမိသလိုလို။

ဒါပေမယ့်လည်း သွားကိုက်တဲ့ဒဏ်ကို မခံနိုင်တာရော ၊ မိဘတွေကို ကြောက်ရတာရောကြောင့် သွားဆေးခန်းကိုရောက်ခဲ့ သွားတွေနှုတ်ခဲ့ရပါတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ပဲပေါ့။ အခု အရွယ်ရတဲ့အခါမှာတော့ ကိုယ်ငယ်ငယ်က ထိတ်လန့်ခဲ့ရတဲ့ သွားဆေးခန်းအိပ်မက်ဆိုးကြီးကနေ လွတ်မြောက်ခဲ့ပါပြီ။ ဒါကြောင့် စာဖတ်သူတွေကိုလည်း သွားဆေးခန်းသွားရမှာကို မကြောက်စေမဲ့ နည်းလမ်းကောင်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

၁။ သွားဆရာဝန်ကို ကိုယ်ကြောက်တဲ့အချက်တွေကို သေချာပြောပြပါ။ ပလာယာကြီးနဲ့ ဆွဲနှုတ်လို့နာမှာကို ကြောက်တာလား။ သွားဖုံးပေါ်ကို ထုံဆေးထိုးမှာ ကြောက်တာလား။ သွားနှုတ်ပြီးရင် အစားကောင်းကောင်း စားမရမှာကို စိုးရိမ်တာလား စသဖြင့်ပေါ့။ ဒီလို ပြောပြမှ ဆရာဝန်က ကိုယ်အကြောက်လွန်နေတဲ့ကိစ္စဟာ ထင်သလောက် ကြောက်စရာမကောင်းကြောင်း သေချာရှင်းပြနိ်ုင်မှာပဲ ဖြစ်ပါတယ်။

၂။ စိ်တ်အပြောင်းအလဲ ဖြစ်စေဖို့ သီချင်းနားထောင်တာ၊ ဗွီဒီယိုကြည့်တာ နဲ့ စာအုပ်ဖတ်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဟာ ကြောက်နေတဲ့စိတ်ကို လမ်းကြောင်းပြောင်းပေးတဲ့နေရာမှာ အတော်လေး အသုံးဝင်တာတွေ့ရပါတယ်။ စာရေးသူဆိုရင်တော့ သီချင်း ခပ်မိုက်မိုက် ခပ်မြူးမြူးလေးတွေ နားထောင်နေလိုက်တာပါပဲ။

၃။ နောက်တစ်ချက်က ဒီနေ့ခေတ် အသုံးပြုနေတဲ့ သွားနှုတ်တာ သွားစိုက်တာအပြင် သွားနဲ့ပတ်သက်တဲ့ procedure တွေဟာ နာကျင်မှု သိပ်မခံစားရတော့ပါဘူး။ ထုံဆေးတွေကလည်း အပ်နဲ့ထိုးစရာ မလိုတော့ဘဲ ဖျန်းရုံ ဖျန်းလို့ရနေပါပြီ။ စာရေးသူ အကြောက်ဆုံးက သွားဖုံးကို အပ်နဲ့ထိုးတာပဲဆိုတော့ ခုသုံးနေတဲ့ဖျန်းရတဲ့ ထုံဆေးတွေနဲ့ဆို အဆင်ပြေတာပေါ့။

၄။ တကယ်လို့ ကိုယ်က စိတ်လှုပ်ရှားတတ်လွန်းသူ ၊ ကြောက်စိတ်အရမ်းကြီးတဲ့သူမျိုးဆိုရင်တော့ ဆရာဝန်ကို ပြောပြပြီး စိတ်ငြိမ်ဆေးလိုဆေးမျိုးတွေ တောင်းနိုင်ပါတယ်။

၅။ သွားနှုတ်နေတဲ့အချိန် အရမ်းနာကျင်တဲ့အခါ စကားပြောမရတာနဲ့ပဲ ကြိတ်မှိတ်ပြီး ခံတာမျိုး မလုပ်ပါနဲ့။ အဆင်ပြေရင် လက်မထောင်ပြတာ ၊ မခံနိုင်ရင် လက်ဝါးကာပြတာမျိုးတွေ လုပ်ပါ။ ဒီလိုလုပ်မှ ဆရာဝန်က ဘယ်အချိန် ရပ်ရမလဲ ၊ ဆက်လုပ်ရမလဲ သေချာသိနိုင်ပါလိမ့်မယ်။

၆။ အသက် ခပ်ပြင်းပြင်း ရှုပါ။ နာမှာတွေးပြီး ကြောက်တိုင်း အသက်သာ ခပ်ပြင်းပြင်း ရှုပါ။ သင့်ကို ပြန်လည်တည်ငြိမ်စေပါလိမ့်မယ်။

ကဲ ဒီနည်းလမ်းလေးတွေ သုံးပြီး သွားဆေးခန်းသွားရမှာကြောက်တဲ့စိတ်ကို အနိုင်ယူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Dr.KG

ဆက်စပ် ဆောင်းပါးများ