ဘယ်လိုလက္ခဏာရှိရင် လည်ချောင်းနာခြင်းက စိုးရိမ်ရသလဲ

ဘယ်လိုလက္ခဏာရှိရင် လည်ချောင်းနာခြင်းက စိုးရိမ်ရသလဲ

လူတိုင်းနီးပါး ဘဝမှာ လည်ချောင်းနာခြင်းဝေဒနာကို အနည်းဆုံး တကြိမ်လောက်ခံစားကြဖူးမှာပါ။

လည်ချောင်းနာခြင်းဆိုတာဟာ လည်ချောင်းထဲမှာ ရှပြီးနာနေကာ လည်ချောင်းခြောက်သလို ယားသလိုတွေ ခံစားရခြင်းဖြစ်ပါတယ်။

အစာရေမျိုချတဲ့အခါ၊ တံတွေးမျိုချတဲ့အခါ၊ စကားပြောတဲ့အခါ ထိုဝေဒနာဟာ ပိုဆိုးတတ်ပါတယ်။

အတော်လေးလည်း နေရခက်ပြီး၊ စိတ်အနှောင့်အယှက်လည်းဖြစ်ရတဲ့ ဝေဒနာဖြစ်ပါတယ်။

ဆေးပညာအရတော့ လည်ချောင်းနာခြင်းကို Sore throat သို့မဟုတ် pharyngitis လို့ခေါ်ပါတယ်။

လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့အကြောင်းတွေအနေနဲ့ကတော့

– အအေးမိ၊ တုပ်ကွေး၊ ရေကျောက်၊ ဝက်သက်၊ ကြက်ညှာချောင်းဆိုး စတဲ့ရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်ကူးစက်ခံရတာ

– စထရက်တိုကောကပ် (Streptococcus) ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရတာ

– မိမိနဲ့ဓါတ်မတည့်တဲ့ အမှုန်အမွှားတွေကို ရှုမိတာ

– လေပူတွေကို ရှုမိတာ

– ညစ်ညမ်ပြီး သန့်စင်မှုမရှိတဲ့ လေကိုရှုမိတာ (ဥပမာ – ဆေးလိပ်မီးခိုး၊ အမှိုက်မီးခိုးတွေပါတဲ့ လေကိုရှုမိတာ)

– မရပ်မနားအချိန်အကြာကြီး အော်ပြောရတာ

– စားချဉ့်ပြန်ရောဂါ (Gastroesophageal reflux disease) ဖြစ်တာ

– အိတ်အိုင်ဗီ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်ခံရတာ

– လည်ချောင်း၊ လျှာ၊ အသံအိုးမှာ ကင်ဆာအလုံးအကျိတ်တွေ ဖြစ်တာ စသဖြင့် လည်ချောင်းနာစေနိုင်တဲ့အကြောင်းရင်းတွေများစွာရှိပါတယ်။

လည်ချောင်းနာခြင်းဟာ ကလေးငယ်တွေ၊ ကိုယ်ခံအားကျနေတဲ့သူတွေ၊ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ ရေရှည်အသံအားစိုက်ပြီး အသုံးပြုရတဲ့သူတွေ (ကျောင်းဆရာ၊ ကားစပယ်ယာ) မှာ ပိုဖြစ်နိုင်ခြေများပါတယ်။

လည်ချောင်းနာတဲ့အခါ အများအားဖြင့် လည်ချောင်းထဲရှတတ၊ အက်ကွဲကွဲဖြစ်ပြီးနာနေတာ

လည်ချောင်းယားသလို၊ ခြောက်သလိုဖြစ်တာတွေ ခံစားရပြီး အစာမျိုရေမျိုတံတွေးမျို၊ စကားပြောတဲ့အခါ နာကျင်မှုက ပိုဆိုးတတ်ပါတယ်။

ဒီလိုတွေခံစားရတာအပြင် ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး

ဖျားတာ၊ ချောင်းဆိုးနှာစေးတာ၊ အာသီးရောင်တာ၊ အာသီးဘေးမှာ အဖြူကွက် သို့မဟုတ် ပြည်တည်တာ၊ လည်ပင်းနဲ့ မေးရိုးနားတဝိုက် ပြန်ရည်အကျိတ်တွေ ရောင်တာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အသံသြလာတာ စတဲ့လက္ခဏာတွေကိုပါ တွဲခံစားရနိုင်ခြေရှိပါတယ်။

လည်ချောင်းနာခြင်းဟာ ယေဘုယျအားဖြင့် ရက်အနည်းငယ်ကြာပြီးနောက်မှာ သူ့ဘာသာသူ ပျောက်သွားတတ်လေ့ရှိပါတယ်။ တချို့ဆို တမနက်လောက်ပဲကြာပြီး ပျောက်သွားတာမျိုးလည်းရှိပါတယ်။

လည်ချောင်းနာတဲ့အခါ ငုံဆေးတွေငုံတာ၊ ဆားရည်နွေးနဲ့ ပလုတ်ကျင်းတာ၊ ရေခဲရေ၊ အအေးတွေရှောင်ပြီး ရေများများသောက်ပေးတာ အသံသိပ်မသုံးဘဲနားနားနေနေ နေတာ တွေလုပ်ပေးခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။

သို့သော် အောက်ဖော်ပြပါ လက္ခဏာတွေရှိရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းပြဖို့လိုပါတယ်။

ကလေးငယ်တွေမှာဆိုရင် အသက်ရှုရခက်လာတာ၊ ပါးစပ်ထဲက သွားရည်တွေကျလာတာ မျိုးတွေရှိပါက နီးစပ်ရာဆေးရုံဆေးခန်းချက်ချင်းပြပါ။

ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေမှာဆိုရင်

– လည်ချောင်းနာတာက တပတ်ကျော်လို့မှ မသက်သာရင် သို့မဟုတ် ပိုပိုဆိုးလာရင်

– ပါးစပ်ဟဖို့ခက်လာတာ

– အသက်ရှုရခက်လာတာ

– နားကိုက်လာတာ

– အဖျားက ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက် များလာတာ

– အနီကွက်တွေထလာတာ

– အရိုးအဆစ်တွေပါ ကိုက်ခဲလာတာ

– တံတွေးထဲ၊ သလိပ်ထဲမှာ သွေးပါတာ

– လည်ချောင်းမှာ အလုံးအကျိတ်ပေါ်လာရတာ

– အသံသြတာက နှစ်ပတ်ထက်ပိုကြာနေတာတွေရှိရင် မပေါ့ဆပဲ နီးစပ်ရာဆေးရုံဆေးခန်း ချက်ချင်းပြသဖို့လိုပါတယ်။

လည်ချောင်းနာခြင်း ခံစားရနိုင်ခြေနဲအောင်

– အငွေ့အမှုန်တွေကို ရှောင်နိုင်သလောက်ရှောင်ပါ။ အပြင်ထွက်ရင် လူထူဖုန်ထူ နေရာတွေကို ရှောင်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ပါက နှာခေါင်းစည်းတပ်ပါ။

– ရေများများသောက်ပေးပါ။

– ရေခဲရေ၊ အအေးတွေကို လျှော့နိုင်သလောက် လျှော့သောက်ပါ။

– လက်ခဏခဏဆေးပေးပါ။

– ဆေးလိပ်သောက်တာရှိရင် ဆေးလိပ်ဖြတ်ပါ။

– အစားအသောက်ခွက်ပန်းကန်တွေကို သူများနဲ့မျှမသုံးပါနဲ့။

– ချောင်းဆိုးနှာစေးဖြစ်နေသူများနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။

– ဗီတာမင်စီ ၅၀၀ မီလီဂရမ်ပါတဲ့ အားဆေးတမျိုးမျိုး (ဥပမာ Vitacee သို့မဟုတ် Vicee သို့မဟုတ် Enervon C) ကိုနေ့စဉ်တလုံးသောက်ပေးပါ လို့ အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ