ခံတွင်းအနံ့ဆိုးမထွက်အောင် ဆောင်ရန် ရှောင်ရန်အချက်များ

ခံတွင်းအနံ့ဆိုးမထွက်အောင် ဆောင်ရန် ရှောင်ရန်အချက်များ

သင်းပျံ့တဲ့ ခံတွင်းအနံ့ကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။

သင်းပျံ့တဲ့ ခံတွင်းအနံ့မျိုးမပိုင်ဆိုင်ရရင်တောင်မှ အနံ့အသက်ဆိုးဝါးမှုကင်းတဲ့ ခံတွင်းနံ့မျိုးကိုပဲ လိုလားပိုင်ဆိုင်ချင်ကြပါတယ်။

ဘာလို့လဲဆိုတော့ ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ တခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သလို မိမိကိုယ်တိုင်အတွက်လည်း မိမိကိုယ်မိမိယုံကြည်မှုကို လျော့ကျစေပြီး ပြောဆိုဆက်ဆံမှု မအောင်မြင်တာ လုပ်ငန်းအဆင်မပြေတာတွေအထိ ဖြစ်နိုင်လို့ပါ။

ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ ခံတွင်းအနံ့ဆိုးမထွက်အောင်အတွက် ဆောင်ရန်ရှောင်ရန်အချက်တွေကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

၁။ သွားကို မနက်တကြိမ် ညတကြိမ် သေချာစနစ်တကျတိုက်ပေးပါ။

ကျွန်တော်တို့ နေ့စဉ်စားသောက်တဲ့ အစားအစာတွေရဲ့ အကြွင်းအကျန်အပိုင်းအစတွေဟာ ခံတွင်းထဲက သွားတွေကြားထဲ သွားဖုံးတွေကြားထဲနှင့် လျှာပေါ်မှာပါ ကပ်ကျန်နေတတ်ပါတယ်။

ဒီလိုကျန်ခဲ့တဲ့ အစားအစာအကြွင်းအကျန်တွေဟာ ဘက်တီးရီးယားပိုးတွေစုပုံမှု၊ ပေါက်ပွားမှုကိုဖြစ်စေပြီး ခံတွင်းအနံကို ဆိုးဝါးစေနိုင်ပါတယ်။

ဒါကြောင့် မနက်တခါ နဲ့ ညတခါ သွားသေချာတိုက်ဖို့ လိုပါတယ်။ သွားတိုက်ရာမှာလည်း သွားတိုက်နည်းအမှန်အတိုင်း စနစ်တကျ သေချာတိုက်ဖို့လိုပါတယ်။ တချို့ကကျ သွားတိုက်ပေမယ့် နည်းမမှန်တာ၊ တိုက်တယ်ဆိုရုံ မြန်မြန်တိုက်တာမျိုးတွေ ရှိပါတယ်။ အဲ့လိုနည်းလမ်းမမှန်ရင်ကျ သွားတိုက်ပေမယ့် ခံတွင်းအနံမကောင်းတာဖြစ်နိုင်ပါတယ်။

စနစ်တကျ သွားတိုက်နည်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ညာဘက်အခြမ်းမှာရှိသော သွားများကို တိုက်မည်ဆိုပါက သွားပွတ်တံကို ဘယ်လက်နဲ့ကိုင်ပါ။ ဘယ်လက်ကို အလေ့အကျင့်လုပ်ပေးထားပါ။

ထို့အတူ ဘယ်ဘက်အခြမ်းမှာရှိသော သွားများကို သွားတိုက်မည်ဆိုပါက သွားပွတ်တံကို ညာလက်နဲ့ ကိုင်ပါ။

သွားပွတ်တံကို သွားနဲ့ သွားဖုံးဆုံသည့်နေရာလောက်မှာ လေးဆယ့်ငါး ဒီဂရီစောင်းတင်ပါ။ ပြီးရင် အပေါ်အောက် နဲ့အောက်အပေါ် ဆွဲချပြီးတိုက်ပါ။ ဆိုလိုတာက အောက်သွားဆိုရင် အပေါ်ကို ဆွဲတင်ခြင်းဖြင့် သွားတိုက်ပါ။ အပေါ်သွားကို တိုက်မည်ဆိုလျှင် လေးဆယ့်ငါးဒီဂရီစောင်းထားတဲ့သွားပွတ်တံကို အောက်ကိုဆွဲချခြင်းဖြင့်သွားတိုက်ပါ။ တနေရာလျှင် ၁၀ခေါက်လောက်တိုက်ပါ။ နေရာအနှံ့တိုက်ပါ။ သွားရဲ့အတွင်းမျက်နှာပြင်တွေ၊ အစာဝါးတဲ့မျက်နှာပြင်တွေ ပါအောင်သေချာတိုက်ပါ။

ပြီးရင် လျှာကိုပါပွတ်ပါ။ သွားတိုက်ချိန်ဟာ အနည်းဆုံး ၂ မိနစ်လောက် ကြာသင့်ပါတယ်။

သွားတိုက်ပြီးလို့ သွားတိုက်တံသိမ်းတဲ့အခါကျရင် ခြောက်သွေ့ပြီးသန့်ရှင်းတဲ့နေရာမှာ သပ်သပ်သိမ်းပြီး သွားတိုက်တံအဖုံးရှိရင် ဖုံးထားသင့်ပါတယ်။

အိမ်တော်တော်များများမှာဆိုရင် သွားပွတ်တံတွေကို ခွက်တခု သို့မဟုတ် ခြင်းတခုထဲ တိုက်ပြီး စုထားတတ်ကြပါတယ်။ အဲ့ဒါမျိူးမလုပ်သင့်ပါ။

သွားတိုက်တံကို ၃လတကြိမ်လောက် အသစ်လဲပေးသင့်ပါတယ်။

၂။ ရေများများ မကြာခဏသောက်ပေးပါ။

ရေသောက်နည်းပြီး ခံတွင်းခြောက်သွေ့တဲ့အခါ ခံတွင်းကနေ အနံ့ဆိုးထွက်လာတတ်ပါတယ်။ ရေတနေ့ကို အနည်းဆုံး နှစ်လီတာသောက်ဖို့လိုပါတယ်။

၃။ ဝမ်းချုပ်မခံပါနဲ့။

ဝမ်းချုပ်တဲ့အခါ အပူအပုပ်တွေဟာ ခန္ဓာကိုယ်တွင်းမှာ အောင်းနေတာကြောင့် ခံတွင်းကနေ အနံ့ဆိုးထွက်နိုင်ပါတယ်။

ဒါကြောင့် ဝမ်းမချုပ်အောင် ဟင်းသီးဟင်းရွက်များများစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လိုပါတယ်။ အထိုင်မများပါစေနဲ့။

၄။ အနံ့ဆိုးထွက်စေမယ့် အစားစာတွေကို တတ်နိုင်သလောက်ရှောင်ပါ။

ကြက်သွန်ဖြူ၊ ဒညင်းသီး၊ ဒူရင်းသီး၊ ချောကလက် စတဲ့အစားစာတွေဟာ စားပြီးတဲ့အခါမှာ ခံတွင်းထဲမှာ အနံ့စွဲကျန်ရစ်ပြီး ခံတွင်းအနံ့ဆိုးကို ထွက်စေနိုင်ပါတယ်။

ဒါကြောင့် ခံတွင်းအနံ့ဆိုးထွက်မှာ ကြောက်သူများအနေနဲ့ ဒီလိုမျိုးအနံ့ပြင်းတဲ့ အစားစာတွေကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

၅။ ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းအနံ့ကို ဆိုးစေရုံသာမက ခံတွင်းကင်ဆာလိုမျိုး တခြားရောဂါကြီးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ခန္ဓာကျန်းမာရေးကောင်းဖို့နဲ့ ခံတွင်းအနံ့ဆိုးမထွက်ဖို့အတွက် ဆေးလိပ်ဖြတ်ဖို့လိုပါတယ်။

၆။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

စနစ်တကျသွားတိုက်ခြင်းနဲ့ လက်လှမ်းမမှီတဲ့ ကြားနေရာတွေမှာ ဘက်တီးရီးယားနဲ့ အစာကြွင်းကျန်တွေ ကပ်ကျန်ရှိနေနိုင်ပါတယ်။ ထိုကျန်ရှိနေတဲ့ ဘက်တီးရီးယားနဲ့ အစာကြွင်းကျန်တွေက ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်းဖြင့် ခံတွင်းထဲ ကျန်နေတဲ့ ဘက်တီးရီးယားနဲ့ အစာကြွင်းကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။

ပလုတ်ကျင်းဆေးရည်နဲ့ ကျင်းပေးနိုင်ရင် ပိုကောင်းပါတယ်။

၇။ အနည်းဆုံးခြောက်လတကြိမ် သို့မဟုတ် တနှစ်တကြိမ်လောက် သွားနဲ့ခံတွင်းစစ်ဆေးမှုခံယူပါ။

သွားမှာပိုးစားပြီးအပေါက်ဖြစ်နေတာ၊ သွားချေးတွေရှိနေတာ၊ သွားမှာကျောက်တည်နေတာစတဲ့ သွားနဲ့ခံတွင်းရောဂါတွေဖြစ်ရင်လည်း ခံတွင်းအနံ့ဆိုးထွက်တတ်ပါတယ်။

ဒါကြောင့် အနည်းဆုံးခြောက်လတကြိမ် သို့မဟုတ် တနှစ်တကြိမ်လောက် သွားနဲ့ခံတွင်းစစ်ဆေးမှုခံယူဖို့လိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ