အိပ်နေတုန်း သွားမကြိတ်အောင် ဘယ်လိုလုပ်မလဲ

အိပ်နေတုန်း သွားမကြိတ်အောင် ဘယ်လိုလုပ်မလဲ

သွားကျိတ်တယ်ဆိုတာဟာ အပေါ်သွားတွေနဲ့အောက်သွားတွေကို တင်းတင်းဖိကြိတ်တာ(အပေါ်မေးရိုးနဲ့အောက်မေးရိုးကို တင်းတင်းဖိကြိတ်ပြီး လှုပ်ရှားတာ)မျိုးကိုဆိုလိုတာပါ။အံကျိတ်တယ်လို့လည်းခေါ်ကြပါတယ်။ဆေးပညာအရတော့ Bruxism လို့ခေါ်ပါတယ်။အများစုကသွားကျိတ်တာကို အိပ်တဲ့အချိန်မှာပဲ ဖြစ်တယ်လို့ထင်ကြပါတယ်။ဒါပေမယ့် လေ့လာချက်တွေအရ သွားကျိတ်ခြင်းဟာ နိုးနေတဲ့အချိန်တွေမှာလည်းဖြစ်ပါတယ်။

ဘာလို့ သွားကျိတ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ တိကျသေချာစွာပြောဖို့မလွယ်ပါ။သို့သော် သုတေသနတွေအရ စိတ်ဖိစီးစရာများတဲ့သူတွေ
စိတ်တိုလွယ်တတ်တဲ့သူတွေ၊သူများနဲ့ပြိုင်ချင်စိတ်ပြင်းပြတတ်တဲ့သူတွေသွားစပေါက်တဲ့အရွယ်၊မေးရိုးဖွံ့ဖြိုးတဲ့အရွယ်မှာရောက်နေတဲ့ကလေးတွေ၊အရက်ဆေးလိပ်သောက်တဲ့သူတွေ၊ကဖင်းဓါတ်ပါတဲ့အစားသောက်တွေစားသောက်များတဲ့သူတွေ၊စိတ်ဆေးတွေသောက်နေရတဲ့သူတွေ၊မိသားစုမျိုးရိုးထဲမှာသွားကျိတ်တတ်တဲ့သူရှိတဲ့သူတွေ၊ပါကင်ဆန်ရောဂါ၊သတိမေ့ရောဂါ၊အတက်ရောဂါစတဲ့ရောဂါအခံတခုခုရှိတဲ့သူတွေ အိပ်ပျော်နေစဉ်မှာ အိပ်မက်ဆိုးတွေမက်လေ့ရှိသူတွေ၊တအားဟောက်တဲ့သူတွေမှာဆိုရင် သွားကျိတ်ခြင်းဟာ ပိုဖြစ်နိုင်ပါတယ်။

သွားကျိတ်ခြင်းကြောင့် ဘေးမှာအိပ်တဲ့သူကို အိပ်ရေးပျက်စေနိုင်ပါတယ်။သွားကျိတ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွားကြွေလွှာတွေထိခိုက်ပျက်စီးပြီး သွားတွေတိုလာတာ၊ပြားလာတာ၊ကျိုးပဲ့လွယ်တာ၊ သွားတွေကျင်တာ၊မေးရိုးကြွက်သားတွေပါတင်းပြီးနာကျင်တာ၊နားထင်ကိုက်တာတွေဖြစ်နိုင်ပါတယ်။
သွားခဏခဏကျိတ်ခြင်းကြောင့်တချို့သွားတွေဟာ သွေးသလိုဖြစ်ပြီး ချွန်ထက်လာတတ်ပါတယ်။ထိုချွန်ထက်တဲ့သွားတွေကြောင့် ပါးစောင်အတွင်းတွေ၊လျှာတွေမှာခိုက်မိပြီး အနာခဏခဏဖြစ်တာ၊ကြာလာရင် ခံတွင်းကင်ဆာဖြစ်တာတွေပါဖြစ်နိုင်ပါတယ်။ဒါတွေအပြင် သွားကျိတ်ခြင်းဟာ နှစ်ပေါင်းများစွာကြာလာပါက မေးရိုးအဆစ်ခိုင်သွားပြီး ပါးစပ်ဟရခက်တာတွေလည်းဖြစ်လာနိုင်ပါတယ်။ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေခံစားရပြီဆိုရင်တော့ ဆေးခန်းပြသပြီး ကုသမှုခံယူဖို့လိုပါတယ်။

သွားကျိတ်ခြင်းဖြစ်နိုင်ခြေနည်းအောင်
စိတ်ဖိစီးမှု လျှော့ပါ
ကော်ဖီ လက်ဖက်ရည် အားဖြည့်အချိုရည်ဘူးတွေ သောက်တာရှောင်ပါ
အရက်ရှောင်ပါ။ဆေးလိပ်ရှောင်ပါ။
ပီကေခဏခဏဝါးတာ ကွမ်းခဏခဏဝါးတာရှောင်ပါ။
အမှတ်မထင် လက်ထဲက အရာတခုခုကို ကိုက်မိနေတာမျိုး မဖြစ်အောင် သတိထားပါ – စာသင်ချိန် ခဲတံကိုကိုက်ထားတာမျိုး စသဖြင့် ရှောင်ပါ
နိုးနေချိန်မှာလည်း အံကြိတ်မိတာမျိုး မဖြစ်အောင် လေ့ကျင့်ပါ။
ပါး ပါးစပ်လေ့ကျင့်ခန်း ဖောင်းလိုက်ပိန်လိုက်လုပ်တာ /လေချွန်လေ့ကျင့်ခန်း/ပါးစပ်ဟပြီး အကြောပြေလေ့ကျင့်ခန်းတွေ လုပ်ပေးပါ
အိပ်ခါနီး ပါးပေါ်ကို ရေနွေးဝတ်မပူတာလေး ကပ်ပေးပါ။
Dr 528

ဆက်စပ် ဆောင်းပါးများ