နေဝင်ချိန်တွေ အမြဲလှပနေစေဖို့

နေဝင်ချိန်တွေ အမြဲလှပနေစေဖို့

ဘေး အိမ်က ဒေါ်ရီ တို့ လင်မယားကို ကြည့်ပြီး ဒေါ် အုန်းတင် တစ်ယောက် တစ်ခါ တစ်လေ  အား ကျ သည်။ တစ်ခါတစ်လေ  သနားသည်။ သို့သော် အားကျသည့်အချိန်က ပိုများမည်ဟု ထင်သည်။

လင်မယား နှစ်ယောက် ထဲ  နေသည်။ သားတွေ သမီးတွေ မြေးတွေက ကိုယ့် အိမ် ကိုယ့်ယာနှင့် မို့ အဘိုးကြီး အဘွားကြီး နှစ်ယောက်ထဲ။ အသက်ကလည်း ကိုယ်တွေ နှင့် ရွယ်တူဆိုတော့ ၈၅ နှစ်ကျော်နေပြီ။

မနက်ဆိုလျှင် ဈေးသို့ လင်မယားနှစ်ယောက် အတူတူ။ ဈေးကအပြန် ထမင်း ဟင်းချက်။ အဝတ်အစားဆိုလျှင်လည်း ကိုယ့်ဖာသာ လျှော်။ မီးပူတိုက်နှင့် ပင်ပန်းလှသည်ဟု ထင်သည်။ တစ်ပတ်တစ်ခါ မြေးများလာလျှင် တော့ အိမ်ရှင်းပေးကြသည်။ ဒီလိုဆိုတော့လည်း သူတို့လင်မယားကို သနားသလိုလို။

ကိုယ်ကတော့ သမီး နှင့် အတူနေသည်မို့ သမီးချက်ကျွေးတာကို အခံသင့် လက်ဆေးစားရုံ။ သို့ပေမဲ့လည်း တစ်ခါတစ်လေ ကိုယ့်စိတ်တိုင်းကျ မဟုတ်။ ဒေါ်ရီကို မြင်ရသည်မှာ စိတ်ချမ်းသာသည်။ မနက် ဈေးကနေ သူကိုယ်တိုင် စိတ်တိုင်းကျ ဝယ်ထားသည်များကို ချက်ပြုတ်သည်။ ကိုယ်တွေကတော့ မီးဖိုချောင် မဝင်ရသည်မှာ ဘယ်လောက်ကြာပြီလဲ။ လိုချင်တာကိုလည်း ဈေးကို မှာလိုက်လို့ရသည်။ စားချင်တာကိုလည်းချက်ခိုင်းလို့ ရပါသည်။ သို့သော်လည်း သက်ကြီးရွယ်အို တစ်ယောက်အနေနှင့်  အိမ်တွင် အရေးပါကြောင်းကိုလည်းပြချင်သည်။ မီးဖိုချောင်သို့ဝင်ကာ စီမံ ခန့်ခွဲ ချင်သည်။ ကန်စွန်းရွက်လေး ချဉ်ပေါင်ရွက်လေး တော့ ဝင်ပြီး သင်ချင်သည်။ သမီးက အမေ ပင်ပန်းမယ်ဟုဆိုကာ ပေးမဝင်။ ဟိုဟာ မလုပ်နှင့် ချော်လဲမည်။ ဒီဟာ မလုပ်နှင့် ချော်လဲ မည်ဟု ဝင်ဝင်တားကြသည်။ တစ်နေ့ တစ်နေ့ ဘုရားခန်းဝင် တီဗီကြည့်နေရသည်။ ဈေးက အပြန် ဟင်းသီးဟင်းရွက်တွေ ကူသင် မည် ဆိုကလည်း သမီးက အမေ ပင်ပန်း မည်ဆိုကာ မလုပ်ခိုင်း။ တံမြတ်စည်း လှဲမည်ဆိုကလည်း ပင်ပန်းသည် အမေ မလုပ်နဲ့ဟု တားမြစ်ပြန်သည်။ ဒါကြောင့်မို့လညး မသိ ဒေါ် အုန်းတစ်ယောက် အခုတစ်လော မေ့လာသည်။ နာမည်များ မေ့လာသည်။ ပြောမိသော စကားများ မေ့လာသည်။

ဒေါ်အုန်း တစ်ယောက် ဒေါ်ရီ တို့အိမ်သို့ နေ့လည်ဖက် တစ်ခါ တစ်လေ ရောက် တတ်သည်။ သက်တူရွယ်တူချင်းမို့ စကားပြောဖော်လည်း ရသည်။ အယူအဆချင်းလည်း တူသူများမို့ ပြောသမျှ အကြောင်းအရာတွေနဲ့ အပျင်းပြေလှသည်။

” ဒေါ်ရီ ဘာတွေလုပ်နေတာလဲ ”

” ဒီမှာလေ မြေးမ အငယ်ဆုံး အိမ်အတွက် ကြက်သွန်နီ ကြက်သွန်ဖြူတွေ ခွာပေးနေရတာ။ သူ့မှာ အိမ်ထောင်တာဝန် တစ်ဖက်နဲ့ ဘွဲ့လွန်တတ်နေတဲ့သူဆိုတော့ ထမင်းဟင်းချက်ချိန်တောင် မရပါဘူး။ ဒါကြောင့် သူ့အတွက် ခွာပေးနေရတာ။ တစ်ပတ် တစ်ကြိမ် ကျောင်းက အပြန် ဝင်ယူတာပေါ့  ”

“ဟိုတစ်လောက မင်္ဂလာဆောင်သွားတဲ့ ကလေးလား   ”

” ဟုတ်ပ။ ဘွဲ့လွန် မဟာတန်း တက်နေတာလေ။   ”

” ဒေါ်ရီတို့များ မအားရပါလား  ”

“မအားရပါဘူး ဒေါ်အုန်းရေ။ တစ်နေ့တစ်နေ့ သူ့ အလုပ်နဲ့သူ လည်ပတ်နေတာပဲ။ ဘုရားရှိခိုး အိမ်အလုပ်လုပ်။   ”

” မြေးတွေရော အိမ်လာလည်ရဲ့လား။   ”

” အမြဲတော့ ဘယ်လာနိုင်မလဲ။ သူတို့အားတဲ့အချိန်လေးတွေတော့ လာကြပါတယ်။ မုန့်တွေ ဘာတွေတော့ ပို့ကြပါတယ်။ တယ်လီဖုန်း ပြောပေါ့။ ဒါပါပဲ  ”

” ကျုပ်ကတော့ကျုပ်တို့အိမ်မှာ မြေးတွေနဲ့။ တစ်ခါတစ်လေကျရင် ဒေါ်ရီတို့လင်မယားကို အားကျတယ်။ ဒီအိမ်မှာ ဆို နားအေး ပါးအေးနဲ့နော်။   ” ဒေါ်အုန်းတင် တစ်ယောက် အားကျကြောင်း စကားထဲ ထည့်ပြောမိသည်။

” ကျုပ်တို့ကတော့ ကိုယ်လုပ်နိုင်သလောက် လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ သူများကို အားကိုးရင် အားလျော့သွားတတ်တယ်။ ကျုပ်တို့လင်မယား ကျန်းမာတယ်။ ဈေးသွားနိုင်တယ်။ ချက်နိုင်တယ်။ စားနိုင်တယ်။ ကျုပ်တို့ လင်မယား စားချင်တာ ဝယ်စားတယ်။ ဘုရားသွားတာလည်းကိုယ်သွားချင်တဲ့အချိန် သွားလို့ရတယ်။ ကျုပ်တို့က လွတ်လွတ်လပ်လပ်ပဲ ကြိုက်တယ်။ ကျုပ်တို့ကိုချုပ်ချယ်တာ မကြိုက်ဘူး။ တစ်ချို့ သားသမီးတွေ နဲ့ နေတဲ့အခါ သားသမီးက မိဘတွေကို ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ တားမြစ်တတ်ကြတယ်။ သားသမီးတွေက တော့ စေတနာနဲ့ပါ ။ မိဘကို မပင်ပန်းစေချင်တာ သက်တောင့် သက်သာ စေချင်တာပေါ့။ ဒါပေမဲ့ ကျူပ်တို့လို အသက်ကြီးလာရင်လည်း ကိုယ်လက်လှုပ်ရှားတာတွေ အပြင် ကျူပ်တို့ဟာ မိသားစုမှာ သိပ်အသုံးဝင်တယ်ဆိုတဲ့စိတ်မျိုးလည်း ရှိဖို့လိုတယ်  ”

ဒေါ်ရီက သူ့ခံစားချက်ကို ရှင်းပြသည်။

“ဟုတ်တယ်။ ကျုပ် ပြောချင်တာ အဲ့ဒါပဲ   ” ဒေါ်အုန်းတင် ထောက်ခံလိုက်သည်။

”   ကျုပ်ကတော့ ကျုပ် ဆီ သားသမီးတွေ အလည် လာကြတယ်။ ကျုပ်မြေးတွေ လာကြတယ်။ လာတဲ့အချိန် စကာားတွေဘာတွေ ပြောပေါ့။ သူတို့အိမ်လိုက်နေဖို့လည်း ကျုုပ်ကို ခေါ်ကြတာပဲလေ။ ကျုုပ် အသက် ၈၅ နှစ်ကျော်ပြီ။ ကျုပ် အကုန်လုပ်နိုင်သေးတယ်။ ကိုယ်လုပ်နိုင် နေသေးတဲ့အတွက်ကို ကျုပ်က ဘယ်သူ့အိမ်မှ လိုက်မနေဘူး။ ကိုယ့်အိမ် မှာ ကိုယ့်စိတ်တိုင်းကျပဲ နေမယ်။ ကျုပ် သားသမီးတွေ မျက်နှာ ကို ကြည့်ပြီးမနေချင်ဘူး။ မြေးတွေနဲ့လည်း တီဗီ လုနေရတာမျိုး မဖြစ်ချင်ဘူး။ ဘုရား ကိုလည်း အေးအေးဆေးဆေး ရှိခိုးချင်တယ်။ ဒါကြောင့် သူတို့နဲ့ အတူ မနေတာပေါ့။ သူတို့နဲ့ အတူနေရင် အမြင်မတော်သာ ရှိရင်လည်း ပြောမိဆိုမိမယ်။ ဒါဆို သူတို့နဲ့လည်း မတည့်တာမျိုးဖြစ်မယ်။ အခုဆိုရင် သူတို့ကို မမြင်ရတော့ မပြောမိ မဆိုမိတော့ဘူးပေါ့။ သူတို့တွေ ဘာတွေ လုပ်နေလုပ်နေ ကျူပ်တို့လည်း မမြင်ရတော့ ဘူး”

ဒေါ်ရီက လက်က အလုပ်လုပ်ရင်း စကားကို အေးအေး ဆေးဆေး ပြောနေသည်။

”  ဒါကြောင့် ကျုပ်က ဒေါ်ရီတို့လင်မယားကို သိပ်အားကျတာပေါ့။ အိမ်မှာ တီဗီတောင် သူတို့နဲ့လုကြည့်နေရတယ်။ တစ်နေ့ တစ်နေ့ အိမ်မှာ လူပိုကြီးတစ်ယောက်လိုပဲ။ ဘာအလုပ်မှလည်း မရှိဘူး ”  ဒေါ်အုန်းတင် သူ့ခံစားချက်ကို ရင်ဖွင့်လိုက်သည်။

” ကျုပ်ကတော့ ကျုပ်နေမကောင်းမှသာ ကျုပ်မြေးအိမ်လိုက်နေမယ်။ အခုလို နေကောင်းနေတဲ့အချိန်ထိတော့ ကိုယ့်ဖာသာ လင်မယားနှစ်ယောက်တည်းနေဦးမှာ။ အသက်ကြီးရင် စိတ်ချမ်းသာဖို့ သိပ်အရေးကြီးတယ်။ ကိုယ့် ယုံကြည်မှုတွေကလည်း သိပ်အရေးပါတယ်။   ”

ဒေါ်အုန်းတစ်ယောက် ဒေါ်ရီကိုကြည့်၍ အားကျနေမိတော့သည်။ သက်ကြီးရွယ်အိုတစ်ယောက်တွင် ရှိနေသော မာန်များကို မြင်ရသည်မှာ ဒေါ်အုန်းအတွက် အားတက် စရာ။ ကိုယ့်တွင်လည်း ဒီလိုမျိုး မာန်မျိုးရှိစေချင်သည်။

အသက်ကြီးရင် ကိုယ့်ခြေ ကိုယ့်လက်နှင့် နေရသော သူမျျားကံကောင်းသည်ဟုပင် ဒေါ်အုန်းထင်ပါသည်။

“ဒေါ်ရီတို့ သိပ်ကံကောင်းတာပဲနော်။  ”

”  အကောင်းအဆိုးကတော့ လွန်ဆွဲနေကြတာပေါ့။ တစ်ချို့ကတော့ ကျုပ်သားသမီးတွေ မြေးတွေကို မလိမ္မာဘူးလို့ ပြောကြတာပေါ့။ အဘိုးကြီး အဘွားကြီး လင်မယားကို ပစ်ထားတယ်လို့ စကား ဆို ချင်ကြတာပေါ့။ ကျုပ်တို့ မိသားစုကတော့ သူများ အပြောကို ဂရုစိုက်မနေပါဘူး။ ကျုပ်တို့တွေ အားလုံးက တစ်ရပ်ကွက်ထဲမှာ နေနေ ကြတာပဲလေ။ ကျုပ်အိမ်ကိုလည်း သူတို့တွေ လာ လာ လည်နေကြတာပဲလေ။ အကြာကြီးမဟုတ်တောင် သူတို့တွေ တစ်ပတ်တစ်ခါတော့ လာကြတာပဲလေ။ ကျုပ်တို့ အသက်ကြီးလာပေမဲ့လည်း ကျုပ်တို့လင်မယား အခုချိန်ထိ သန်မာနေတုန်းပဲလေ။ ကိုယ့်အားကို အားကိုးရမယ်ဆိုတာလည်း ကျုပ်တို့လင်မယား ခံယူထားတယ်။ အခုဆိုရင် အိမ်အလုပ်တွေ လုပ်နေရတော့ ကျန်းမာရေး လုပ်ပြီးသားလည်း ဖြစ်တယ်။ ဒါကတော့ကိုယ်ခန္ဓာ ကြံ့ခိုင်မှုပေါ့။ နောက်တစ်ချက် က ကိုယ့်ကို ယုံကြည်မှုပေါ့။ ဒီလောကကြီးမှာ ကိုယ်တွေဟာ လူပိုတစ်ယောက်ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးလည်း မရှိတော့ဘူး။ ကျုပ်မြေးတွေ ကျုပ်ဆီလာပြီး သူတို့ အကြောင်းတွေပြောရင်လည်း ကျုပ်တို့ကနားထောင်ပေးလိုက်တာပဲ။ သူတို့တိုင်ပင်တာတွေလည်း ကျုပ်တို့တွေ ကူညီဖြေရှင်းပေးလိုက်တာပဲ။ ”

” ရှင်မှာက မြေးမိန်းကလေးတွေ များတော့ ရှင်နဲ့ အစေးကပ်တာပေါ့။ ကျုပ်မှာက မြေးတွေ ကယောကျားလေးတွေ။ သူတို့က သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတာ။ ကျုပ်ကိုစကားပြောဖို့တောင် အချိန်မရှိဘူး ” ဒေါ်အုန်းတင်တစ်ယောက် ဒေါ်ရီ မြေးမလေးများကို ကျိတ်ပြီး အားကျမိသည်။ သူလိုမျိုး င့ါမှာလည်း မြေးမလေးတွေ ရှိရင်လည်း ကောင်းမှာပဲလို့တွေးမိသည်။

” ရှင် အဲဒီလိုတော့ မတွေးနဲ့လေ။ ရှင်မှာက သမီးတွေ ရှိတယ်။ ကျုပ်မှာက သားတွေပဲ ရှိတာ။ တစ်ယောက်နဲ့ တစ်ယောက် ဘဝပေးအခြေအနေတော့ ဘယ်တူမလဲ။ ရှင်က သမီးနဲ့အတူနေ နေရတာပဲလေ။ ရှင့်သမီးကလည်း ရှင့်ကို ဂရုစိုက်ပါတယ်။ အမေကိုလည်းဂရုစိုက်နေတာပဲလေ။ ”

” ဒါပေမဲ့ ကျုပ်က အိမ်မှာ လူပိုတစ်ယောက်လို့ ခံစားရလို့ပါ ” ဒေါ်အုန်းတင် ရင်ထဲ ခံစားချက်ကို ဖွင့်ချမိသည်။

“ဘာမှ စိတ်ဓာတ်မကျနဲ့။ ကျုပ်တို့အရွယ်က တရားနာ တရားအားထုပ်ရမဲ့ အရွယ်ရောက်နေပြီ။ တရားလေး ဘာလေးနာပြီးရင် ကျုပ်အိမ်ဖက်သာ ကူးလာခဲ့။  အသက်ကြီးရင် ကိုယ်နဲ့ သက်တူရွယ်တူချင်း စကားလေး ဘားလေး ပြောပေးရတယ်။ ” ဒေါ်ရီ တစ်ယောက် ဒေါ်အုန်းတင်ကို အိမ်သို့ အမြဲလာရန် စကားကန်းလန်းလိုက်သည်။

ဒေါ်အုန်းတစ်ယောက် ဒေါ်ရီတို့လင်မယားကို အားကျလိုက်သည့် အဖြစ်။ အခုအချိန်ထိ ကျန်းမာနေတုန်း ဖျတ်လတ်နေတုန်း ဖြစ်သော ဒေါ်ရီကို ကြည့်ကာ အားရသည်။ သူတို့လို လူကြီးတွေ အနေနှင့် စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာ ကြံ့ခိုင်ဖို့ လိုနေမှန်း သမီးတွေ မြေးတွေ သိရင် ကောင်းမှာပဲ ဟု ဆုတောင်းကာ အိမ်သို့ ပြန်လာခဲ့သည်။ နောက်ကို ဒေါ်ရီတို့ အိမ် နေ့တိုင်းသွားမည်ဟု တွေးတောလျှက်။

 

ဆက်စပ် ဆောင်းပါးများ