ရင်ကွဲနာကျတယ်ဆိုတာ တကယ်ရှိလို့လား (Broken Heart Syndrome)

ရင်ကွဲနာကျတယ်ဆိုတာ တကယ်ရှိလို့လား (Broken Heart Syndrome)

လူတွေမှာ စိတ်ထိခိုက်စရာ တစ်ခုခုကြုံတဲ့အခါမှာ ရင်ဘတ်အောင့်တာမျိုးကို ခံစားရတတ်ကြပါတယ် တစ်ချို့တွေက စိတ်နုတော့ ထိခိုက်ခံစားလွယ်ပြီး စိတ်ထိခိုက်စရာအကြောင်းကြီးငယ်မရွေးမှာ စိတ်ထိခိုက်ခံစားတတ်ကြတယ် ။
တစ်ချို့ တွေမှာ ကိုယ်ရေးကိုယ်တာပြဿနာတွေ ကြုံလာရင် စိတ်ခံစားမှုများတတ်တယ် တစ်ချို့ကတော့ မိသားစုဝင်တွေနဲ့ ဆိုင်တဲ့ ဖြစ်ရပ်တွေ ဝမ်းနည်းကြေကွဲစရာတွေ ကြုံတာမှာ စိတ်ထိခိုက်ခံစားရတတ်တယ် ။
စိတ်ညစ်စရာကြုံရလို့ ဝမ်းနည်းကြေကွဲစရာကြုံလို့ ဖြစ်လာတဲ့ ခံစားမှုတွေက အမျိုးမျိုးပါ တစ်ချို့ ရင်ဘတ်တွေအောင့်တယ် စူးအောင့်တယ် ရင်တွေတုန်တယ် အသက်ရှူလို့မဝဘဲ မောမောကြီး ဖြစ်နေတတ်တယ် တစ်ချို့တွေကျတော့ တစ်ခုခုဆိုတာနဲ့ မေ့လဲသွားတတ်ကြတယ် ။
စိတ်ထိခိုက်စရာကြုံတိုင်း ရင်ဘတ်တွေအောင့်လာတာကတော့ ဖြစ်နေတတ်တဲ့ သဘာဝပါ ရင်ဘတ်အောင့်တိုင်းတော့ နှလုံးရောဂါမဟုတ်ပါဘူး ဒါပေမယ့် စိတ်ခံစားမှုတွေက ပြင်းထန်ပြီး ပြန်မထိန်းနိုင်ရင်တော့ နှလုံးရောဂါနဲ့ ဆိုင်တတ်ပါတယ် ။
ငယ်ငယ်က ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ စာအုပ်ထဲမှာ ဖတ်ခဲ့ရဖူးတယ် မင်းသမီးက စစ်တိုက်လို့မသေဘဲ စိတ်ထိခိုက်ခံစားမှုကြောင့် ရင်ကွဲနာကျပြီး သေသွားတယ်တဲ့ ။
ရင်ကွဲနာကျတယ်ဆိုတာ နှလုံးကြောင့်ဖြစ်လာရတာပါ အင်္ဂလိပ်လိုမှာတော့ Broken heart syndrome အသည်းကွဲတဲ့ရောဂါလို့ ခေါ်ပါတယ် ဆေးပညာအရတော့ Takotsubo လို့ ခေါ်ပါတယ် ။
ဒီရောဂါမျိုးက အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ် အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်ကြီးပိုင်းတွေမှာ ပိုတွေ့ရတတ်ပါတယ် heart attack လို ပုံစံမျိုးဖြစ်ပေမယ့် အများစုက ပြန်ကောင်းလာတတ်ကြပါတယ် ။
ဒီရောဂါဖြစ်ရတဲ့အကြောင်းကတော့ ပြင်းထန်တဲ့စိတ်ခံစားမှုတစ်ခုခုကြောင့် နှလုံးကနေသွေးတွေ ညှစ်ပေးနေတဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ဘယ်ဘက်နှလုံးကြွက်သားတွေ အားပျော့သွားတာကြောင့်ပါ နှလုံးညှစ်အားကျသွားပြီး သွေးစီးဆင်းမှုနည်းသွားတာက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရော နှလုံးမှာရော ခံစားလိုက်ရတဲ့အတွက်ပါ ။
ဒီ Broken heart syndrome မှာ အဓိကခံစားရတာက ရင်ဘတ်အောင့်တာနဲ့ မောလာတာတွေပါ ရုတ်တရက်ဖြစ်နိုင်ပါတယ် နှလုံးသွေးကြောပိတ်တဲ့သူတွေမှာ ခံစားရတာနဲ့ တူပေမယ့် တစ်ကယ်တမ်းကတော့ နှလုံးသွေးကြောမပိတ်ပါဘူး နှလုံးသွေးကြောတွေထဲကို သွေးစီးဆင်းတာ နည်းသွားတာကြောင့် ecg စွဲတဲ့အခါ သွေးကြောကျဉ်းသလိုမျိုး ဆင်တူတော့ တွေ့နိုင်ပါတယ် ဒီရောဂါဖြစ်တာလား နှလုံးသွေးကြောတစ်ကယ်ကျဉ်းတာလား ဆိုတာကို ခွဲခြားဖို့တော့ နှလုံးအင်ဇိုင်းစစ်ဆေးခြင်းတွေ echo ရိုက်ခြင်းတွေ angiogram ရိုက်ခြင်းတွေ လိုအပ်ပါတယ် ။
ဒီရောဂါကို ကုမယ်ဆိုရင်တော့ နှလုံးဆေးတွေပဲ ပေးကြရတာပါ ဒီရောဂါက ပြန်ကောင်းတာများပါတယ် ဆေးကုရင်း နှစ်ပတ်ကနေ လေးပတ်အတွင်း ပြန်ကောင်းပါတယ် ဒါပေမယ့် တစ်ချို့တွေမှာတော့ နှလုံးခုန်မမှန်ခြင်းတွေ နာတာရှည်နှလုံးရောဂါတွေ ခံစားရတတ်ပါတယ် ။
စိတ်ခံစားမှု ကြုံနေတုန်း အသက်ဆုံးရှုံးလိုက်တာမျိုးလည်း ဖြစ်နိုင်ပေမယ့် ရှားပါတယ် စိတ်ခံစားမှု အရမ်းပြင်းထန်ပြီး ဘယ်လိုမှ စိတ်ပြန်မထိန်းနိုင်တဲ့အခါတွေမှာတော့ ပိုဖြစ်နိုင်ပါတယ် ။
ဘာပဲဖြစ်ဖြစ်တော့ စိတ်ခံစားမှု တစ်ခုခုကြုံလာတိုင်း စိတ်ကိုလွှတ်မချလိုက်ဘဲ စိတ်ထိန်းနိုင်ဖို့ လိုအပ်ပါတယ် စိတ်ခံစားမှုလို့ပြောတာမှာစိတ်ညစ်စရာကြုံလာမှ မဟုတ်ပါဘူး အံ့သြဝမ်းသာရတဲ့ ကိစ္စတွေမှာလည်း ဒီလို အဖြစ်မျိုးကြုံနိုင်တာကိုလည်း သတိမူစေချင်ပါတယ် ။

Dr. CST

ဆက်စပ် ဆောင်းပါးများ