ဘယ်လိုဆီးချိုအမျိုးအစားဆို  ခြေထောက်ဖြတ်ရတတ်လဲ

ဘယ်လိုဆီးချိုအမျိုးအစားဆို  ခြေထောက်ဖြတ်ရတတ်လဲ

ဦးစိန်လှ တစ်ယောက် ဆေးခန်းသို့ ရောက်လာသည်။ ဒေါက်တာ အောင်နိုင်သည် ဦးစိန်လှ ခြေထောက်မှ အနာကို ကြည့်ကာ စိတ်မသက်မသာရှိလှသည်။ အနာကို သန့်ရှင်းရေးလုပ်ပေးသည်။ ဆေးထည့်ပေးသည်။ သို့သော် အနာသည် ကျက်မလာပါ။

” ဦးစိန်လှ ဆေးရုံတက်ဖို့ အချိန်တန်ပြီ။ ဒီလိုမျိုးအနာအကြီးကြီးက ဆေးခန်းမှာ ကုလို့မရတော့ဘူး။ ဆေးရုံတက်ပြီး ကုမှ ပျောက်မယ်။” ဒေါက်တာ အောင်နိုင်သည် ဦးစိန်လှကို နားချလိုက်သည်။

” ဆေးရုံတော့ မတက်ချင်ဘူးဆရာရယ်။ ဆေးရုံက ဆင်းလာတာလည်း မကြာသေးဘူး။ ခဏခဏဆေးရုံတက်နေရတယ်။ ” ဆီးချိုများ Control မရလို့ ခြေထောက် အနာမကျက်လို့နှင့် ဦးစိန်လှအတွက် ဆေးရုံသည် အိမ်ဦးနှင့် ကြမ်းပြင်။

” ဦးစိန်လှရဲ့ အနာက မကောင်းလို့ဘူး။ နောက်ပြီး ဆီးချိုကလည်း မထိန်းနိုင်ဘူးလေ ” ဒေါက်တာ အောင်နိုင်သည် ဦးစိန်လှကို ချော့ပြောလိုက်သည်။

” ဆီးချိုဆေးတွေလည်း ဆရာတို့ပြောတဲ့အတိုင်း မှန်မှန်သောက်နေတာပဲလေ ဆရာ။ ထိုးဆေးရော သောက်ဆေးရော ဆရာတို့ပြောတဲ့အတိုင်း ထိုးပါတယ်။ သောက်လည်း သောက်ပါတယ် ” ဦးစိန်လှသည် ဆရာဝန်ပေးသော ဆေးများကို ပုံမှန်သောက်ပါ၏။ သို့သော် ဦးစိန်လှ သည် ကိုယ်ကြိုက်တာ ကိုယ်စားသည်။ အစားအသောက်ကို တော့ သူ့စိတ်တိုင်းကျ။

” ဆီးချိုတွေကလည်း မထိန်းနိုင်ဘူး။ ဆီးချိုတက်တဲ့နေ့ကျရင် ဆီးချိုတွေက တက်နေပြီး ကျတဲ့ နေ့ကျရင်လည်း ဆီးချိုတွေက ကျနေတတ်ပြန်ရော။ ပြီးတော့ အခု ခြေထောက် အနာက ပိုကြီးလာတယ်။ ပိုးသတ်ဆေးက ထိုးမှ ခြေထောက်အနာ မြန်မြန် ကျပ်မယ်။ ဆေးရုံတက်လိုက်ပါ။ ကျွန်တော် စာရေးပေးလိုက်မယ်  ” ဒေါက်တာ အောင်နိုင်သည် ဦးစိန်လှ ကို နားချ နေသည်။ ဒီခြေထောက်က အနာက ဆေးရုံတက်မှ ပျောက်တော့မည်ကို သိနေသည်။

” ဟုတ်ကဲ့ပါဆရာ ” ဦးစိန်လှသည် ဆရာဝန်ပေးသော ဆေးစာရွက်လေး ကိုင်ကာ ပြန်သွားသည်။ ဆရာဝန်သည် တခြားလူနာများဆီသို့ အာရုံရောက်သွားသည်။ ဦးစိန်လှကို မေ့နေမိသည်။ ဦးစိန်လှသည် ဒေါက်တာ အောင်နိုင်ဆေးခန်းသို့ နောက်တစ်ကြိမ်ထပ်မရောက်တော့။  ဆေးရုံ အတင်းတက်ခိုင်းသော ဆရာဝန်ဆီသို့ မလာတော့။ ဆရာဝန်သည်လည်း ဦးစိန်လှ တစ်ယောက်ဆေးရုံတက်နေသည်ဟုသာ ထင်နေသည်။နောက် တစ်လ အကြာ ဦးစိန်လှအိမ်မှ မောင်စန်း ဒေါက်တာအောင်နိုင်အိမ်သို့ ရောက်လာသည်။

” ဆရာရေ ဦးစိန်လှကို လိုက်ကြည့်ပေးပါဦး။ အဖျားတွေတက်နေလို့။”

“ဖျားတာ ဘယ်နှစ်ရက်ရှိပြီလဲ ။ ဆေးရုံ မတက်ဖြစ်ဖူးလား”

”  ဆေးရုံမတက်ဖြစ်ပါဘူးဆရာရယ်။”

” ဟုတ်လား”

“နှစ်ရက်သုံးရက်လောက်ရှိပြီထင်တယ်ဆရာ။ ကျွန်တော်တို့လင်မယားကိုလည်း ဘာမှ မပြောဘူး။”

“အင်းပေါ့။ ခြေထောက်အနာရော သက်သာလား”

” အမယ်လေး ခြေထောက်အနာက တော်တော်ကို ကြီးလာတာဆရာရေ။ ကျွန်တော်တို့ အနာကို နေ့တိုင်း ဆေးလိမ်းပေးရတယ်။ အနာက မသက်သာတဲ့အပြင် ပိုပိုကြီးလာတယ်ဆရာ။ ဆရာ့ဆေးခန်းကို သွားပါဆိုတော့လည်း ဆေးခန်းမသွားဘူး။ ဆေးရုံတက်ပါဆိုတော့လည်း ဆေးရုံမတက်ချင်ဘူး။”

” သြော်။ သားသမီးတွေကရော ပြန်မလာကြဘူးလား။ မလာကြပါဘူးဆရာရယ်။ သားတွေ သမီးတွေကလည်း အဖေကို ပစ်ထားကြတာပါ။ ကိုစိန်လှကြီးနောက်အိမ်ထောင်ပြုလိုက်ကတည်းက သူတို့ အမေနဲ့လိုက်သွားကြတဲ့သူတွေဆိုတော့ အဖေ နေမကောင်းလည်း တစ်ယောက်မှ လာမကြည့်တော့ဘူးပေါ့”

” အင်းပေါ့လေ။ ကိုယ့်အမေကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ အဖေကို သားသမီးတွေက မကြည်ဖြူတာလည်းအပြစ်ပြောလို့မရပါဘူး”

“မမလှ ကွယ်လွန်ပြီးကတည်းက ကျွန်တော်တို့လင်မယားလည်း ဦးစိန်လှကြီးကို သေချာ စောင့်ရှောက်ပါတယ်။ သူစားချင်တာတွေကိုလည်း သေချာချက်ကျွေးတယ်။ ဆရာဝန်တွေ ပြောတဲ့ အတိုင်းအသားငါး ဟင်းသီးဟင်းရွက် အသီးအနှံတွေကို သေချာကျွေးပါတယ်ဆရာ” မောင်စန်းတို့လင်မယားသည် ဦးစိန်လှကို စိတ်ရောကိုယ်ပါ နှစ်ကာ စောင့်ရှောက်ပါသည်။

“အနာကလည်း မကျက်တော့ ဆီးချိုက သေချာ မထိန်းနိုင်ဘူးပေါ့။ ဆီးချိုတက်ရင် အနာမကျက်ဘူး။ အနာရှိရင်လည်း ဆီးချိုက ထိန်းလို့မရဘူး။” စကားပြောရင်းနှင့်ပင် ဦးစိန်လှ အိမ်သို့ရောက်လာသည်။ အိမ်ခန်းထဲ ဝင်လိုက်သည်နှင့် အနံ့ဆိုးသည် နှာခေါင်းထဲ တိုးဝင်လာသည်။ ဦးစိန်လှ ညာဖက်ခြေထောက်အောက်ပိုင်းတစ်ခုလုံးသည် ပုပ်နေသည်။ ဦးစိန်လှကို စမ်းသပ်ကြည့်တော့ ဆေးရုံတက်ရမည့် အခြေအနေ။

“မောင်စန်းဆေးရုံသွားဖို့ပြင်ဆင်တော့။ ကျွန်တော် ကိုယ်တိုင်ဆေးရုံလိုက်ပို့မယ်” ဦးစိန်လှ သည် ခြေထောက်အနာကတစ်ဆင့် သွေးထဲသို့ရောဂါ ပိုးများရောက်ရှိနေသည့်အခြေအနေ။

ဤ အခြေအနေသည် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေ။ ဒေါက်တာအောင်နိုင် ဦးစိန်လှကို ကိုယ်တိုင်ကိုယ်ကျ ဆေးရုံသို့လိုက်ပို့လိုက်သည်။ ဦးစိန်လှ၏ အခြေအနေ သည် စိုးရိမ်ရသည့်အခြေအနေပါလို့ ဆေးရုံရှိတာဝန်ကျ ဆရာသည် စစ်ဆေးမှုတွေ ပြုလုပ်ပြီးပြောလိုက်သည်။ ဒေါက်တာ အောင်နိုင်သည် မနက် မိုးစင်စင်လင်းမှ ဆေးရုံမှ ပြန်လာခဲ့သည်။ နောက်တစ်ရက်တွင် မောင်စန်း ဒေါက်တာ အောင်နိုင်အိမ်သို့ ရောက်လာပြန်သည်။

“ဆရာရေ ဆေးရုံကို လိုက်ခဲ့ပါဦး ”

” ဟေ ဘာဖြစ်လို့လဲ ။ မသက်သာလို့လား။ ”

” ဟုတ်ကဲ့ ဆရာ။ မသက်သာဘူး။ ”

“ဆေးရုံက ဆရာဝန်တွေက ကျွန်တော့ ဆရာတွေပါ။”

“အထူးကြပ်မတ်ဆောင်ထဲတောင် ထည့်ထားရတယ်။”

“ဟုတ်လား”

” ခြေထောက်က အနာက အရမ်းဆိုးနေတာလဲ ဆရာသိတာပဲလေ။ ဆေးရုံက ဆရာဝန်တွေက ခြေထောက်က အရမ်းပုပ်နေပြီ။ ခြေထောက် ဖြတ်ပစ်ရမယ်လို့ပြောတယ်။ ခြေထောက် မဖြတ်ရင် အသက်အန္တရာယ် ရှိတယ်။ ခြေထောက်ဖြတ်ပါလိုက်လို့တိုက်တွန်းတယ် ”

“ဟုတ်တယ် ခြေထောက်က အနာက အိမ်မှာတော်တော် ကြာသွားတယ်။ ခြေထောက်မှာ ရောဂါပိုးတွေကလည်း အများကြီးပဲ။ ပြီးတော့ ရောဂါပိုးတွေကလည်း သွေးထဲရောက်နေတယ်”

” အဲဒါ ဦးစိန်လှက ခြေထောက် မဖြတ်ဘူး။ အသေပဲ ခံမယ်လုပ်နေတယ်ဆရာ။ အဲဒါ ဆရာလိုက်ပြီးဖျောင်းဖျပေးပါဦး ”

“ဗုဒ္ဓေါ ” ဆရာဝန်သည် ရေရွတ်လိုက်သည်။

” သားသမီးတွေကိုရော အကြောင်းမကြားထားဘူးလား။”

” သမီး နှစ်ယောက်တော့ ရောက်လာပါတယ်။ ဆရာဝန်ကြီးတွေကလည်း သမီးတွေကို သေချာရှင်းပြထားပါတယ်။ သမီးနှစ်ယောက်ကလည်း ဆရာဝန်ကြီးသဘောလို့ပဲ ပြောပါတယ်။”

” အသက်အန္တရာယ်ကြောင့်သာ ခြေထောက်ဖြတ်ပစ်ဖို့ ပြောရတာပါ။”

” ဦးစိန်လှ က အသက်သာ အသေခံမယ် ခြေထောက် မဖြတ်ဘူးလို့ ပြောနေလို့ ဆရာ။ သတိလည်း သိပ်တော့ မကောင်းပါဘူး။ သတိရတဲ့ အချိန်ဆိုရင် ငါ့ခြေထောက် မဖြတ်ဘူး ငါ့ခြေထောက် မဖြတ်ဘူးလို့ တောက်လျှောက်အော်နေလို့ဆရာ”

“အေးဗျာ ကျွန်တော် နက်ဖြန်လာကြည့်ပါမယ်။” ဒေါက်တာ အောင်နိုင်သည် မောင်စန်းကို ကတိပေးလိုက်သည်။ မောင်စန်းပြန်သွားတော့ ရင်မောစွာ ကျန်ရစ်ခဲ့သည်။  ဆရာဝန်တစ်ယောက်အနေနှင့် အကြံဉာဏ်သာ ပေးနိုင်သည်။ ဆုံးဖြတ်ပိုင်ခွင့်မရှိ။ လူနာရှင်ကိုယ်တိုင်ကသာ ဆုံးဖြတ်ရမည်ဖြစ်သည်။နေ့လည် ဖက် ဆေးခန်းပိတ်ချိန် ဦးစိန်လှ ဆီသွားရန်ပြင်ဆင်နေချိန် ဖုန်းဝင်လာသည်။

” ဦးစိန်လှ ဆုံးပြီဆရာ ” မောင်စန်း၏ စို့နင့်နေသော အသံကို ကြားရသည်။ ဒေါက်တာ အောင်နိုင်ကိုယ်တိုင်လည်း ရင်ထဲ တွင် စို့နင်စွာခံစားရသည်။

ဆီးချို၏ ကြောက်စရာကောင်းပုံကိုလည်း မျက်ဝါးထင်ထင်တွေ့ရသည်။  ဆီးချိုကြောင့်အနာမကျက်။ အနာရှိနေသောကြောင့် ဆီးချို များ Control မရ။ ဆီးချိုဆေး ပုံမှန်စားပေမဲ့လည်း အစားအသောက် ဂရုတစိုက် မရှိသောကြောင့် ဆီးချိုများထိန်းမရ။ ဆီးချို တက်လေ အနာမကျက်လေဖြစ်ရင်း ခြေထောက်ရှိအနာ ကြီးလာသည်။ အနာတွင် ရောဂါပိုးပေါက်ဖွားလာပြီး အနာရင်းလာသည်။ ထို့နောက် သွေးထဲသို့ရောဂါပိုးများဝင်လာသည်။ သွေးထဲ ပိုးဝင်လျှင်တော့ အသက်သေဆုံးနိုင်သည်။

တကယ်ဆိုလျှင် ခြေထောက်အနာကို ပျောက်သွားစေရန် ဒူးဆစ်အောက်ပိုင်းမှ စ၍ ခြေထောက်ကို ဖြတ်တောက်ပစ်လိုက်ရမည်။ သို့သော် ဦးစိန်လှသည် အသက်နှင့် ခြေထောက်ကို လှဲသွားခဲ့ပြီ။ ခြေထောက်ပြတ်ကြီးနှင့် မနေချင်သောကြောင့် ခြေထောက်ဖြတ်ပစ်မည်ကို လက်မှတ်ထိုးမပေးခဲ့။ အခုတော့ ဦးစိန်လှသည် ခြေထောက် ဖြတ်ပစ်လိုက်ရပြီ။ ဒေါက်တာ အောင်နိုင်တစ်ယောက် နောင်တရလျှက်ရှိသည်။ လူနာတွေကို ဆီးချို အကြောင်းနားလည်အောင် စိတ်ရှည်ရှည်နှင့် ရှင်းပြရမည်ဟု ဆုံးဖြတ်ရင်းတစ်နေ့တာလုံး ရင်မောနေမိသည်။

Dr. Aye Chan Moe

ဆက်စပ် ဆောင်းပါးများ