အသည်းခြောက်လို့ဖြစ်တဲ့ တီဘီ

အသည်းခြောက်လို့ဖြစ်တဲ့ တီဘီ

“အမေရေ ဘေး အိမ်က ဦးကျင်ထွေးကြီး နေမကောင်းလို့ ဆေးရုံတင်ရမယ်တဲ့   ”

ကျော်ဦးတစ်ယောက် အိမ်ထဲ သို့ အဝင် အမေလုပ်သူအား လှမ်းပြီးအော်ပြောလိုက်သည်။

” ဟုတ်လား။ ဘာဖြစ်လို့လဲ ”

”  နေမကောင်းလို့ အမေ။ ဖျားနေတာလည်း ကြာပြီဆိုတော့ ဆရာဝန်သွားပြတာ ဆရာဝန်က သူ့ကို ဆေးရုံတက်ခိုင်းလို့တဲ့။ အဲဒါ ဆေးရုံတက်ရမယ်တဲ့ ”

” အေးအေး ။ အမေသတင်းသွားမေးလိုက်ပါဦးမယ်  ”

ဒေါ် ရင်မေသည် လုပ်လက်စ အလုပ်များလက်စသတ်ကာ ဘေးအိမ်သို့ ထွက်လာခဲ့သည်။

ဆေးရုံတက်ရမည်ဆိုတော့ လိုအပ်သည်များ ကူညီလုပ်ကိုင်ပေးရမည်။  ဦးကျင်ထွေး အမျိုးသမီး ဒေါ်အေးနှင့် ဒေါ်ရင်မေတို့က ဟိုးငယ်စဉ်ကလေး ဘဝကတည်းက အတူကြီးပျင်းလာကြသော တစ်ရပ်ကွက်တည်း သားတွေ။

” အေးရေ ကိုကျင်ထွေး ကို ဆေးရုံတင်ရမယ်ဆို ဟုတ်လား ”

အိမ်ပေါ် ရောက်ရောက်ချင်း ဒေါ်ရင်မေ လှမ်းမေးလိုက်သည်။ အေး သည် ဆေးရုံအတွက် လိုအပ်သော ပစ္စည်းများကို ခြင်းတောင်းထဲ ထည့်နေလေသည်။ ဒေါ်ရင်မေကို မြင်တော့ ဝမ်းသာ သွားသည်။

”  ဟုတ်တယ် ရင်မေရေ။ ကိုကျင်ထွေးက ခဏ ခဏ ဖျားနေတာလည်း သိရဲ့သားနဲ့။

အဲဒါနဲ့ လမ်းထိပ်က ဆရာဝန်နဲ့လည်း ပြနေတာပါပဲ။ အခုဟာက အဖျားကလည်း မကျဘူး။ အဆုတ်တီဘီလို့ ထင်တယ်ဆိုလို့ သလိပ်စစ်ကြည့်တော့ တီဘီပိုးလည်းတွေ့တယ်။ ”

အဆုတ် တီဘီဟု ပြောသောကြောင့် ဒေါ်ရင်မေ ကြောချမ်းသွားသည်။ အေး ဆီမှာများ တီဘီရောဂါရှိနေပြီလားလို့လည်း သံသယဝင်သွားသည်။ အေး ဆီမှာ ရှိရင် ယခုလို နီးနီးကပ်ကပ် စကား ပြောနေလျှင် ကူးစက်မည်ကိုလည်း စိတ်ပူသွားသည်။

”  ဆေးရုံမတက်ပဲ အပြင်ကနေပဲ ပြပြီး ဆေးသောက်လို့မရဘူးလားလို့ မေးကြည့်ပါသေးတယ်။ တစ်ချို့ဆိုရင် ဆေးရုံတက်စရာမှ မလိုတာ”

” ဟုတ်တာပေါ့။ တစ်ချို့ အဆုတ်တီဘီ ဖြစ်တာ ဆေးရုံတက်စရာမလိုပါဘူး ” ဒေါ်ရင်မေ ဒေါ် အေးစကားကို ထောက်ခံလိုက်သည်။

” အခု ကိုကျင်ထွေးက အဆုတ်တီဘီ အပြင် အသည်း ခြောက်နေတာလည်း သိတယ်မလား ရင်မေ။  ”

” အေး သိတယ်လေ  ”

” အခု ကိုကျင်ထွေးက အဆုတ်တီဘီ ဖြစ်နေတာရော အသည်းခြောက်တာရော အတွက်ပါ ဆေးရုံတက်ရတယ်တဲ့။ ကိုကျင်ထွေးကိုကြည့်ရတာလည်း သိပ်အားမရပါဘူး ရင်မေရယ် ”

ဒေါ်ရင်မေ  အေး လက်လေးကိုကိုင်ရင်း အားပေးလိုက်သည်။

”  စိတ်မပူပါနဲ့ အေးရယ်။ အဆုတ်တီဘီ အတွက် ဆေးဝါးတွေ ပေါ်နေပါပြီ။ ပျောက်ကင်းနိုင်ပါတယ်။ အရမ်းကြီး မစိုးရိမ်ပါနဲ့”

ဒေါ်ရင်မေလည်း ကိုကျင်ထွေး ဆေးရုံတက်ပြီးမှ ဆေးရုံသို့ အိမ်ဦးနှင့် ကြမ်းပြင် ခဏခဏ ရောက်ဖြစ်တော့သည်။ တစ်နေ့ တစ်နေ့ ကိုကျင်ထွေး အခြေအနေကားပိုဆိုးလာသည်ဟု ထင်သည်။ ဘုရားရှေ့ ဆုတောင်းပေးနေရုံမှ တစ်ပါး ဒေါ်ရင်မေလည်း မတက်နိုင်တော့။

“အမေရေ ဦးကျင်ထွေးကြီးဆုံးပြီတဲ့  ”

ကျော်ဦးတစ်ယောက် အိမ်ထဲသို့ မရောက်မီကပင် လှမ်းအော်လိုက်သည်။ ကျော်ဦးသည် အပြင်မှ ပြန်လာတိုင်း အမေ့ကို အိမ်ရှေ့မှပင် လှမ်းပြီးစကားပြောတတ်သည်။

“ဟုတ်လား  ” ဒေါ်ရင်မေ မျှော်မှန်း ထားပြီးသားဖြစ်ပေမဲ့လည်း ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။

” မနက် အစော ကြီးက ဆုံးသွားတာတဲ့။ အလောင်းကို အိမ်ပြန်မသယ်တော့ဘူးတဲ့ အမေ  ” ကျော်ဦးကား သူသိသည်များကို အမေအား အသိပေးလိုက်သည်။

“လမ်းထိပ်က ဆရာဝန်လေးကိုတောင် ဦးကျင်ထွေးကြီး ဆုံးပြီဆိုတာ ဝင် အသိပေးခဲ့သေးတယ် အမေ”

” ဟုတ်လား။ ဆရာဝန်လေးက ဘာပြန်ပြောလဲ”

“အသည်း ခြောက်တဲ့သူတွေ က ဒီလိုမျိုး တီဘီရောဂါဖြစ်တတ်တယ်တဲ့ အမေ  ”

” ဟုတ်လား ”

” ဦးကျင်ထွေး က ငယ်ငယ်က အရက်သိပ်သောက်တာတဲ့။ အရက်အရမ်း သောက်လို့ အသည်းခြောက်တာတဲ့ ” ကျော်ဦးကား သူသိသည်များကို အမေအားဖောက်သည်ချသည်။

“အေး သိပြီနော်။ နင်လည်းအရက်တွေ ဘာတွေ သောက်သောက်မလာနဲ့။  ”

ဒေါ်ရင်မေ သားဖြစ်သူကို ဆုံးမလိုက်သည်။

“ကျွန်တော်က တစ်ခါ တစ်လေမှ သောက်တာပါအမေရယ်။ အမြဲ မသောက်ပါဘူး။  ”

ဒေါ်ရင်မေ မျက်စောင်းလှမ်းထိုးသည်။

”  အသည်းခြောက်သွားရင် အသည်းက ပုံမှန် လုပ်ငန်းဆောင်တာ တွေကို မလုပ်နိုင်တော့ဘူးတဲ့။ အသည်းခြောက်တဲ့သူတွေ အသည်းမကောင်းတဲ့သူတွေဟာ အသားတွေလည်း မဲလာတတ်တယ်တဲ့။ အသည်းပုံမှန်အလုပ်မလုပ်လို့တဲ့ အမေ ”

”  အေး ဟုတ်တယ်။ အရင်တုန်းက ဦးကျင်ထွေးက ဖြူဖြူ၀၀ ကြီးလေ။ အခု ကြည့်ပါလား။ ပိန်ပြီး အသားတွေကို မဲနေလိုက်တာ။ မှတ်တောင် မမှတ်မိချင်ဘူး။ ”

” အသည်းကနေ ကိုယ်ခန္ဓာ အတွက် ရောဂါပိုးတွေကို ခုခံကာကွယ်ပေးတဲ့ ဓာတ်တွေလည်း ထုပ်ပေးတယ်တဲ့။ အသည်း ခြောက်တဲ့သူတွေမှာ ကိုယ်ခံ အား စနစ်ကျလာပြီး ရောဂါ ပေါင်းစုံဝင်လာတာတဲ့။ ဒါကြောင့်လည်း တီဘီရောဂါဖြစ်တာတဲ့ အမေရေ။   ”

” အေး မြင်တယ်နော်။ အရက်သောက်လို့ အရက်ရဲ့ ဆိုးကျိုးတွေ ” ကျော်ဦးသည် ခေါင်းကုတ်လိုက်သည်။

” အမေရယ် ကျွန်တော် မသောက်ပါဘူး ”

“အေး မသောက်ရင် ပြီးတာပဲ  ” သားဖြစ်သူက နှုတ်ကတိပေးသောကြောင့် ဒေါ်ရင်မေ စိတ်သက်သာရာရသွားသည်။

”  ပုံမှန် လူတွေ ဆိုရင်တော့ အဆုတ်တီဘီရောဂါကို ပျောက်အောင်ကုလို့ရတယ်တဲ့။ ဦးကျင်ထွေးက အသည်းကလည်း မကောင်းတော့ အဆုတ်တီဘီနဲ့ သေတာတဲ့ အမေရေ ”

”  အေး အဲဒါတွေ ငါသိဖို့ထက် နင်သိဖို့ အရေးကြီးတယ်။  ” ဒေါ်ရင်မေသည် သားအား ဖိဟောက်နေသည်။  ကျော်ဦးတစ်ယောက် စကားပျက်တာနှင့်

” ဟိုဖက်အိမ် သွားကူညီလိုက်ဦးမယ်နော် ” ဟု ပြောကာ အိမ်ပေါ်မှ ဆင်းပြေးသွားတော့သည်။ ဒေါ်ရင်မေ သည် ဦးကျင်ထွေး အတွက် စိတ်မကောင်း ဖြစ်လျှက် ဘုရားခန်းထဲသို့ ဝင်သွားတော့သည်။  ကျော်ဦးတစ်ယောက် အမြင်မှန်ရပါစေဟု ဆုတောင်းရဦးမည်။

ဆက်စပ် ဆောင်းပါးများ