ကြီးမှဝက်သက်ပေါက်တာ အန္တရာယ်သိပ်ကြီးတယ်

 

ကြီးမှဝက်သက်ပေါက်တာ အန္တရာယ်သိပ်ကြီးတယ်

ဦး လှမောင် ရုံးခန်းထဲသို့ ဝင်လိုက်သည်။ ဒီနေ့ စားပွဲ ခုံတော်တော်များလွတ်နေသည်။ မနေ့ကလည်း ရုံးတွင်လူမရှိ။

” မောင် စိန် ဒီနေ့ရော ဝန်ထမ်းတွေ မလာကြဘူးလား  ”

“မလာဘူးဆရာရေ မောင် အောင်ထူးနဲ့ မောင် စိုးပိုင်တို့လည်း နေမကောင်းလို့တဲ့ ခွင့်တိုင်ထားကြတယ်။   ”

” ဒီတစ်ပတ်အတွင်း ရုံးတွင်းကလူတွေ တော်တော် ဖျားကြတာပဲနော်။   ” ဦးလှမောင် စိတ်ညစ်စွာ ငြီးတွားမိသည်။

” ဝက်သက်ပဲ ဖြစ်မှာပေါ့ဆရာရယ်။ ကျွန်တော်တို့ တစ်ရုံးလုံးလည်း ကြီးမှ ဝက်သက်ပေါက်နေကြပြီ။   ” မောင်စိန်က သူရထားသည့် သတင်းနှင့် အထင်ကို တွဲပြီးကောက်ချက်ချလိုက်သည်။

” ဟုတ်ပကွာ။ မကြီးမငယ်တွေနဲ့ အသက်တွေကြည့်လိုက်ဦး ၂၀ ကျော် တွေ။ အသက်ကြီးမှ ဝက်သက် ထပေါက်နေကြတယ်။ ”

ဦးလှမောင် တို့ရုံးတွင် ဝက်သက်ပေါက်လို့ ခွင့်တိုင်ထားကြသူတွေရှိသည်။ တစ်ရုံးလုံးများ ဝက်သက်ပေါက်ဦးမလားလို့ ဦးလှမောင် စိုးရိမ်မိသည်။ အောင်ထူး နှင့် စိုးပိုင်လည်း ဝက်သက် ဖြစ်ချင် ဖြစ်နေမှာ။  မိမိကိုယ်တိုင်လည်း နေလို့မကောင်းသလို ဖြစ်နေသည်။ ညနေ ဆေးခန်း ဝင်ဦးမှဟု ဆုံးဖြတ်လိုက်သည်။  ညနေ ဆေးခန်းသည်လည်း လူနာ များလိုက်တာ။ လူတွေ တော်တော် ဖျားကြ နာကြတာပဲ ဟု တွေးမိသည်။

”  ဆရာ ရေ နေလို့ ထိုင်လို့ မကောင်း ချင်တာနဲ့ ဆေးခန်းလာပြတာ ။ ”

ဆရာဝန်သည် ဦလှမောင်အား စမ်းသပ်လိုက်သည်။

“ရုံးကလူတွေလည်း ဝက်သက် ပေါက်ကြတယ်ဆရာ။ ခွင့်တွေလည်း တိုင်လိုက်ကြတာ။ ရုံးမှာလူနည်းတော့ ရှိသမျှအလုပ်သိမ်းကျုံးလုပ်နေရတာနဲ့ပဲ ပင်ပန်းလို့ ဖျားတာလား ဝက်သက်ပေါက်ချင်လို့ ဖျားချင်တာ လားလဲ သိချင်တယ် ဆရာ  ”

” ဝက်သက် က အစောပိုင်း လက္ခဏာက တုပ်ကွေးနဲ့တော်တော် တူပါတယ်။ နှာရည်ယိုမယ်။ နှာစေးမယ်။ ချောင်းဆိုးမယ်။ အဖျားရှိမယ်။ တစ်ချို့ ဆိုရင် အဖျားတော်တော် ကြီးပါတယ်။  ”

” ချောင်းတော့ မဆိုးဘူးဆရာ။  ”

“နောက်ပြီး မျက်လုံးနီတာတွေဖြစ်မယ်။ အလင်းရောင်ကို မကြည့်နိုင်တာမျိုး ဖြစ်တတ်တယ်  ”

” အဲဒါတော့ မဖြစ်ဘူး ဆရာ ” ဦးလှမောင် အားတက်သရော ဖြေမိသည်။

” ရင်ဘတ်မှာ မီးခိုးရောင်လို အဖြူ ရောင်လို အစပ်အပျောက်တွေ ဖြစ်တတ်တယ် ”

” ဒါလည်းမရှိဘူး ဆရာ ” ဦးလှမောင်သည် အိင်္ကျ ီကို လှန်ပြီးကြည့်လိုက်သေးသည်။

”  လေး ငါးရက်ကြာမှ  ဝက်သက် ဆိုတဲ့ အနီရင့်ရောင် အစက် အပျောက်တွေ ထွက်လာမယ်။”

” ဟုတ်ကဲ့ပါဆရာ ”

”   လူကြီးတွေ မှာ ဖြစ်ရင်တော့  ကလေးတွေ ထက် ပိုစိုးရိမ်ရတတ်ပါတယ်။ နောက်ဆက်တွဲ ဖြစ်ရပ်တွေဟာ လူကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။  တစ်ချို့ ဆိုရင် ဝမ်းပျက်တာ တွေ အန်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ နားကိုက်တာတွေ မျက်လုံးရောင်တာတွေလည်း ဖြစ်တတ်တယ်။ နမိုးနီးယားရောဂါ လေပြွန်ရောင်တာတွေလည်း ဝက်သက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ လူကြီးတွေမှာ အဖြစ်များပါတယ် ။ တစ်ချို့ အဖျားကြီးပြီး တက်တာ မျိုးတွေလည်း ဖြစ်တတ်ပါတယ်”

” ဟုတ်လား ဆရာ။ ”

” နောက် အဖြစ်နည်းတဲ့ complication တွေ လည်း ရှိပါတယ်။ အသည်းရောင်မယ်။ မျက်စိစွေတာတွေ ဦးနှောက် ရောင်တာ ဦးနှောက် အမြေးပါးရောင်တာတွေလည်း ဝက်သက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်တတ်ပါတယ်။ တစ်ချို့ အမြင်ချိုတဲ့ သွားတာတွေလည်း ရှိပါတယ်  ”

“လူကြီးမှာ ဖြစ်ရင် တော်တော် ကြောက်ဖို့ကောင်းတာပဲနော်  ” ဦးလှမောင် ဆရာဝန်ပြောစကားများကို နားထောင်ရင်း လန့်သွားသည်။

” ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဆိုရင် ကလေး ပျက်ကျတာ ကလေး အသေမွေးတာတွေလည်း ဖြစ်တတ်တယ်။ ဒါမှမဟုတ် ကလေး ကို ပေါင်မပြည့် လမပြည့်ပဲ မွေးတာတွေလည်း ဖြစ်တတ်ပါတယ် ”

” သတိထားရမဲ့ ရောဂါ တစ်ခုပဲ ” သူ့ဘာသာ မှတ်ချက်ချလိုက်သည်။

” ဘယ်လို အခြေအနေမျိုးမှာ ဆေးရုံကို လာရမလဲ ဆိုရင် အသက် ရူကျပ်လာတာ ။ အသက်ရူရတာ မဝတာ။ အသက်ရူလိုက်တိုင်း ရင်ဘတ်အောင့်ရင်၊ ချောင်းဆိုးသွေးပါရင်၊ အရမ်းမိန်းနေရင် ၊ ကယောင်ခြောက်ခြားဖြစ်လာရင်၊ တတ် တာတွေ ဖြစ်ရင် အရေးပေါ် အခြေအနေလို့ သတ်မှတ်ရပါမယ်။ ဆေးရုံကို ချက်ချင်း သွားရမဲ့ အခြေအနေလို့မှတ်ထားရမယ် ”

” ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်ရော ဝက်သက် ဖြစ်နိုင်လား ဆရာ  ” ဦးလှမောင် သူသိချင်တာကိုပဲ တိုက်ရိုက်မေးလိုက်သည်။

”   အခုကြည့်ရတာတော့ ဝက်သက် မဖြစ်နိုင်ပါဘူး။ အရမ်း ပင်ပန်းနေလို့ ဖြစ်မှာပါ။ အဖျားလည်း မရှိတော့ စိုးရိမ်စရာတော့ မရှိပါဘူး။” ဆရာဝန် စကားသည် ဦးလှမောင်အား အင်အားဖြစ်စေသည်။

” ကျေဇူးတင်ပါတယ်ဆရာ။ ”

”  အဖျားရှိရင်တော့ ပြန်လာခဲ့ပါ”

” ဟုတ်ကဲ့ပါဆရာ

ဦးလှမောင် ဆေးခန်းထဲမှ ရင်မော စွာထွက်ခဲ့သည်။ နောက်ဆက်တွဲ complication တွေ က ကြောက်ဖို့ကောင်းလိုက်တာ။ ဒါကြောင့်လည်း ကလေးတွေကို ဝက်သက်ရောဂါကာကွယ်ဆေးထိုးဖို့ကျန်းမာရေး ဝန်ထမ်းတွေက အမြဲ တိုက်တွန်းနေတာပဲဟု တွေးရင်း အိမ်အပြန်ခြေလှမ်းများက နှေးကွေးလျှက်။

Dr.အေးချမ်းမိုး

 

ဆက်စပ် ဆောင်းပါးများ