ပါးစပ်ထဲမှာ ဖြစ်တတ်သော အနာလေးများအကြောင်း

ပါးစပ်ထဲမှာ ဖြစ်တတ်သော အနာလေးများအကြောင်း

ကျွန်တော်တို့တွေအားလုံးနီးပါး ပါးစပ်ထဲမှာ အနာဖြစ်တာမျိုးကို ကြုံတွေ့ဖူးကြမှာပါ။

ပါးစပ်ထဲမှာ ဖြစ်တဲ့အနာကို ဆေးပညာအရ Apthus Ulcer သို့မဟုတ် Canker sores လို့ခေါ်ပါတယ်။

Apthus Ulcer ဟာ ပါးစောင်ထဲ၊နှုတ်ခမ်းထဲ၊သွားဖုံးအခြေ၊အာခေါင်ပျော့ပေါ် စတဲ့နေရာတွေမှာဖြစ်လေ့ရှိပါတယ်။

ပုံစံအနေနဲ့ကတော့ စက်ဝိုင်း သို့မဟုတ် ဘဲဥပုံစံရှိပြီး အလယ်မှာ အဖြူရောင် သို့မဟုတ် အဝါရောင်ဖြစ်နေကာ ဘေးပတ်လည်အနားတွေကတော့ အနီရောင်ရှိပါတယ်။

Apthus ulcer ဖြစ်ခါနီးအချိန်ကျ ပါးစပ်ထဲမှာ ထုံတာလိုလို၊ပူစပ်စပ်ဖြစ်တာလိုလို ခံစားမှုမျိုးကို ခံစားရလေ့ရှိတတ်ပါတယ်။ဒီလိုခံစားရပြီး နောက် တရက်နှစ်ရက်လောက်ကျ ပါးစပ်ထဲမှာ အနာပေါ်လာတတ်ပါတယ်။

Apthus ulcer သို့မဟုတ် Canker sores မှာ Minor,Major နဲ့ Herpetiform ဆိုပြီး အမျိုးအစား၃မျိုးရှိပါတယ်။

Minor Apthus Ulcer အမျိုးအစားကတော့ အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်။ပုံစံကတော့ ဘဲဥပုံရှိပြီး အနားလေးတွေကနီရဲနေပါတယ်။တပတ်ကနေနှစ်ပတ်လောက်ကြာတဲ့အခါမှာ သူ့ဘာသာသူ အနာကျက်သွားလေ့ရှိပါတယ်။သိပ်နာကျင်မှုမရှိဘဲ အမာရွတ်လည်းမကျန်တတ်ပါ။

Major apthus ulcer အမျိုးအစားကတော့ အဖြစ်နဲပါတယ်။Minor apthus ulcer အမျိုးအစားထက်စာရင် အရွယ်အစားပိုကြီးပြီး အနက်အနေနဲ့လည်း ပိုနက်ပါတယ်။စက်ဝိုင်းပုံစံရှိပြီး အနာရဲ့အနားသတ်တွေကလည်း ပုံမမှန်တာမျိုးဖြစ်တတ်ပါတယ်။

အရမ်းနာကျင်မှုကိုခံစားရစေနိုင်ပါတယ်။အနာကျက်ဖို့ဆိုရင် တလခွဲလောက်ကြာတတ်ပြီး အမာရွတ်လည်းကျန်တတ်ပါတယ်။

Herpetiform apthus ulcer အမျိုးအစားကလည်းအဖြစ်နဲပါတယ်။အသက်ကြီးတဲ့သူတွေမှာပဲဖြစ်လေ့ရှိပါတယ်။အရွယ်အစားအနေနဲ့ကလည်းအပ်ခေါင်းလောက်သေးငယ်ပါတယ်။အရွယ်အစားတအားသေးတဲ့အတွက်ဖြစ်တဲ့အခါကျ အဖုလေးတွေဟာ ၁၀ဖုကနေ အဖု၁၀၀လောက် အစုအဖွဲ့အနေနဲ့ဖြစ်လေ့ရှိပါတယ်။တခါတရံကျ အဖုလေးတွေပေါင်းသွားပြီး ကြီးမားတဲ့အနာဖြစ်တာမျိုးလည်းရှိပါတယ်။

အများအားဖြင့်တော့ တပတ်ကနေနှစ်ပတ်အကြာမှာ အနာကျက်သွားလေ့ရှိပါတယ်။

ဘာကြောင့် ပါးစပ်ထဲမှာ Apthus ulcer ဖြစ်လာရလဲဆိုတဲ့ အကြောင်းရင်းတိတိကျကျကိုတော့ မပြောနိုင်သေးပါဘူး။

ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေကတော့

သွားပြုပြင်တာ၊သွားတိုက်တာ၊မတော်မဆကိုက်မိတာ၊သွားအချွန်တွေ၊သွားထိန်းကိရိယာအချွန်တွေကနေထိခိုက်မိတာ စတဲ့အခြေအနေတွေကနေ ပါးစပ်ထဲမှာထိခိုက်ဒဏ်ရာအသေးစားရတာ

Sodium lauryl sulfate ပါတဲ့ ပလုတ်ကျင်းဆေးရည်၊သွားတိုက်ဆေးတွေသုံးတာ

အချဉ်၊အစပ်တွေအစားများတာ

ဗီတာမင်ဘီတွဲ၊ဖောလစ်အက်စစ်၊သံဓါတ် ချို့တဲ့တာ

ပါးစပ်ထဲကဘက်တီးရီးယားပိုးတမျိုးမျိုးကို ခုခံအားစနစ်ကတုံ့ပြန်မှုလွန်ကဲတာ

စိတ်ဖိစီးမှုများတာ

အမျိုးသမီးတွေမှာဆိုရင် ရာသီလာခါနီး ဟောမုန်းအပြောင်းအလဲတွေဖြစ်တာ

စသဖြင့်ပါ။

ဒါ့အပြင် ပါးစပ်ထဲအနာဖြစ်တာဟာ Celiac disease,Crohn’s disease လိုမျိုး အူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊AIDS ရောဂါတွေ စသဖြင့်ရောဂါတွေနဲ့လည်း ဆက်စပ်မှုရှိနိုင်ပါသေးတယ်။

အများအားဖြင့်တော့ Apthus ulcer ဟာ ရက်သတ္တပတ် နှစ်ပတ်ကြာရင်သူ့ဘာသာသူပျောက်သွားလေ့ရှိပြီး မစိုးရိမ်ရတတ်ပါ။ဖြစ်နေစဉ်မှာ သက်သာအောင် Generlog လိုဆေးမျိုးလိမ်းလို့ရပါတယ်။

တကယ်လို့

နှစ်ပတ်ကြာသော်လည်းမပျောက်ရင်

အနာအရွယ်အစားကပိုပိုကြီးလာရင်

ပျောက်ပေမယ့်ခဏခဏပြန်ပြန်ဖြစ်နေရင် သို့မဟုတ် တခုမပျောက်သေးခင်နောက်တခုထပ်ဖြစ်ရင်

အနာအရွယ်အစားကတအားကြီးရင်

ဖျားရင်

အစားစားရတာ၊ရေသောက်ရတာခက်လာရင်

နာကျင်မှုကတအားဆိုးလာရင်

စတဲ့အခြေအနေတွေထဲကတခုခုရှိလာရင်တော့ ဆေးခန်းပြသဖို့လိုပါတယ်။

ပါးစပ်ထဲအနာဖြစ်နိုင်ခြေနဲအောင် အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။

အစာစားတဲ့အခါ အပူအစပ်တွေ၊အငန်တွေကို လျှော့စားပါ။

အသီးအနှံ့၊ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်ကောက်ပဲသီးနှံ တွေကို များများစားပေးပါ။

အစာစားပြီးတိုင်းပလုတ်ကျင်းပါ။တနေ့နှစ်ကြိမ်သွားတိုက်ပါ။

စိတ်ဖိစီးစရာတွေကို လျှော့ချပစ်ပါ။

တကယ်လို့သင်သွားတွေထဲမှာ တအားချွန်နေတဲ့သွားရှိရင် သို့မဟုတ် သင်ဟာသွားထိန်းကိရိယာတပ်ထားတဲ့သူဆိုပါက သွားထိန်းကိရိယာ(Braces)အစွန်းကချွန်နေတာမျိုးရှိရင် သွားဆရာဝန်ဆီပြဖို့လိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ