ပီကေဝါးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများ

ပီကေဝါးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများ

ပီကေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ပေါ်ခဲ့တာပါ။

ရှေးအရင်တုန်းကတော့ ပီကေကို spruce or Manilkara chicle စတဲ့အပင်တွေကနေရသော အရည်ကနေ ထုတ်လုပ်တာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ Synthetic rubber (လူလုပ်ရာဘာ) ခေါ် ရေနံကနေ ချက်လုပ်လို့ ထွက်လာတဲ့ Polymers ပစ္စည်းတွေကနေ ထုတ်လုပ်ပါတယ်။

အချိုအရသာ၊ ပူရှိန်းအရသာ၊ ငှက်ပျောအနံ့၊ စတော်ဘယ်ရီအနံ့ စသဖြင့် အနံ့အရသာအမျိုးမျိုးပေါင်းထည့်ထားပြီး ပုံစံအမျိုးမျိုးအနေနဲ့ ထုတ်လုပ်ပါတယ်။

ပီကေကို ကမ္ဘာတဝှမ်း လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ ဝါးလေ့ရှိကြပါတယ်။

ဒါကြောင့် ဒီတပတ်မှာ လူကြီးလူငယ်အားလုံး နှစ်ခြိုက်စွာဝါးကြတဲ့ ပီကေရဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။

ပီကေဝါးခြင်းရဲ့ ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန်ကျစေရန် အထောက်အကူပြုခြင်း

ကိုယ်အလေးချိန် လျှော့နေတဲ့သူတွေအနေနဲ့ ပီကေဝါးခြင်းဟာ ကိုယ်အလေးချိန်ကျဖို့ တဖက်တလမ်းကနေ အထောက်အကူပြုပါတယ်။

သုတေသနစာတမ်းငယ်တခုအရ ပီကေဝါးခြင်းဟာ ဗိုက်ဆာလောင်မှုကို လျော့ကျစေပြီး သွားရည်စာစားမိနိုင်ခြေကိုလည်း ၁၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေနိုင်ကြောင်း သိရပါတယ်။

၂။ သွားတွေကို ကြံ့ခိုင်စေကာ ခံတွင်းနံ့ကောင်းစေခြင်း

ပီကေမှာပါတဲ့ သကြားဓါတ်က သွားတွေအတွက် ဆိုးကျိုးဖြစ်နိုင်ပါတယ်။

သို့ပေမယ့် သကြားဓါတ်မပါတဲ့ပီကေ (Sugar free gum) ကို အစာစားပြီးအချိန်တိုင်း ဝါးပေးခြင်းက သွားကြားတွေထဲမှာ ကပ်ကျန်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်မလာနိုင်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ခံတွင်းအနံ့အသက်ကို ကောင်းစေကာ သွားတွေကို သွားပိုးစားခြင်းဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

၃။ စိတ်ငြိမ်စေခြင်း

စိတ်ဖိစီးစရာများလို့ပဲဖြစ်ဖြစ် စိတ်ပူပန်စရာများလို့ပဲဖြစ်ဖြစ် စိတ်တွေဂဏှာမငြိမ်ဖြစ်ကာ လှုပ်ရှားနေတယ်ဆိုရင် ပီကေဝါးလိုက်ခြင်းဖြင့် စိတ်လှုပ်ရှားမှုကို သက်သာစေနိုင်ပါတယ်။

၄။ ဦးနှောက်မှတ်ဉာဏ်ကို ကောင်းစေနိုင်ခြင်း

ပီကေဝါးတဲ့အခါမှာ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေကို လျော့ပါးသက်သာစေပြီး ဦးနှောက်ဆီကိုလည်း သွေးစီးဆင်းမှု များလာစေတဲ့အတွက် လူကို နိုးကြားတက်ကြွစေကာ ဦးနှောက်မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်နိုင်စွမ်းကိုလည်း ကောင်းလာစေနိုင်ပါတယ်။

၅။ ခေါင်းမူးသက်သာစေခြင်း

ကားစီး၊ သင်္ဘောစီး၊ လေယာဉ်စီးတဲ့အခါ မူးမောခြင်းဖြစ်တတ်တဲ့သူတွေအတွက် ပီကေဝါးပေးခြင်းဖြင့် မူးမောခြင်း၊ ပျို့အန်ချင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

၆။ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်ခြင်း

ဆေးလိပ်ဖြတ်ရာမှာ ဆေးလိပ်သောက်ချင်တဲ့ အာသီသပေါ်လာတဲ့အခါ ထိုအာသီသကို ပီကေဝါးပေးခြင်းဖြင့် ဖြေဖျောက်နိုင်ပါတယ်။

၇။ အူလမ်းကြောင်း ခွဲစိတ်မှုလုပ်ပြီးနောက် အူလှုပ်ရှားမှုကို အချိန်တိုအတွင်း ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ခြင်း

အူလမ်းကြောင်း ခွဲစိတ်မှုလုပ်ပြီးတဲ့အခါမှာ အူကပုံမှန်အတိုင်း မလှုပ်ရှားနိုင်သေးတဲ့အတွက် ဝမ်းချုပ်တာ၊ အစာမကြေတာမျိုးတွေကို ရက်အနည်းငယ်ကြာ ခံစားရနိုင်ပါတယ်။

ခွဲစိတ်ပြီးနောက် ပီကေဝါးပေးခြင်းဖြင့် အူကို အချိန်တိုအတွင်း ပုံမှန်အတိုင်းပြန်လှုပ်ရှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဒါတွေကတော့ ပီကေဝါးခြင်းရဲ့ ကောင်းကျိုးတွေ ဖြစ်ပါတယ်။

ပီကေဝါးခြင်းရဲ့ ဆိုးကျိုးအနေနဲ့ကတော့ ထွေထွေထူးထူးအရမ်းကြီးမရှိပါ။

အချိုများတဲ့ ပီကေတွေကို မကြာခဏဝါးရင် သွားတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။

အချိုမပါတဲ့ပီကေ (Sugar free gum) တွေကို အဝါးများတဲ့အခါ တချို့တွေမှာ အစာမကြေတာ၊ ဝမ်းလျှောတာမျိုးတွေ ဖြစ်နိုင်ခြေရှိပါတယ်။

ပီကေဝါးပြီးထွေးမထုတ်တဲ့အခါ အခန့်မသင့်ရင် အူလမ်းကြောင်းပိတ်ဆို့တာမျိုးတွေ ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် ကလေးငယ်လေးတွေမှာ အဖြစ်များလေ့ရှိတတ်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ