ခဏခဏ အိပ်ချင်နေရင် ဖြစ်တတ်တဲ့ရောဂါ

ခဏခဏ အိပ်ချင်နေရင် ဖြစ်တတ်တဲ့ရောဂါ

နေ့လယ်နေ့ခင်းတွေမှာ အိပ်ချင်တဲ့စိတ်တွေ မကြာခဏ ပေါ်ပေါက်နေတတ်ပါသလား။ လေ့လာမှုအသစ်တွေအရ ဒါဟာ အယ်ဇိုင်းမားရောဂါရဲ့ ကနဦးပိုင်း လက္ခဏာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ဉာဏ်ချို့ယွင်းမှုတွေဖြစ်စေတဲ့ ဒီရောဂါရဲ့ အစောပိုင်းကာလတွေမှာ နေ့ခင်းပိုင်း လူကို နိုးနိုးကြားကြားဖြစ်နေအောင် လုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းအချို့ ထိခိုက်လာကြောင်း တွေ့ရှိရပါတယ်။

ဒါကြောင့် မှတ်ဉာဏ်ချို့ယွင်းမှုတွေ စတင်မဖြစ်ပေါ်ခင်မှာ နေ့လယ်နေ့ခင်း အလွန်အကျွံအိပ်စက်မှုတွေ ပြုလုပ်တတ်တာကို အယ်ဇိုင်းမားရောဂါသည်တွေမှာ တွေ့ရှိရပါသတဲ့။

ဒါ့အပြင် နေ့လယ်ပိုင်းနိုးကြားနေစေတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးရတာဟာ Tau လို့ ခေါ်တဲ့ ပရိုတိန်းတစ်မျိုးကြောင့်ဖြစ်တယ်လို့ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကြောင့် အစပိုင်းတုန်းကထင်ခဲ့ကြတယ့် နေ့ခင်းဘက်ခဏခဏအိပ်ရခြင်းဟာ Amyloid ပရိုတိန်းကြောင့်ဖြစ်တယ်ဆိုတဲ့ ထင်မြင်ချက်တွေ ပြောင်းလဲသွားခဲ့ရပါတယ်။

ဒါကို ဖော်ထုတ်ခဲ့သူကတော့ Global Brain Health Institute at University of California မှ တွဲဖက်ပါမောက္ခ တစ်ယောက်ဖြစ်သူ Dr.Lea Grinberg ပဲ ဖြစ်ပါတယ်။

ယခင်သုတေသနတွေအရ နေ့လယ်ခင်း တရေးတမော မကြာခဏအိပ်တာဟာ အယ်ဇိုင်းမားရောဂါကြောင့်ဖြစ်တဲ့ အိပ်ရေးပျက်ခြင်းကြောင့်လို့ ပြောကြတာရှိသလို အိပ်စက်မှုပြဿနာတွေကြောင့်ပဲ အယ်ဇိုင်းမားက ပိုဆိုးလာတာဖြစ်တယ်လို့လည်း ပြောခဲ့ကြပါတယ်။

ယခုလေ့လာမှုကတော့ သေဆုံးပြီးသား အယ်ဇိုင်မားရောဂါရှိသူ ၁၃ ယောက် နဲ့ ရောဂါမရှိသူ ၇ ယောက်ရဲ့ ဦးနှောက်တွေကို လေ့လာထားတာပဲ ဖြစ်ပါတယ်။ လေ့လာမှုအရ အယ်ဇိုင်းမားရောဂါဟာ လူတစ်ယောက်ကို နိုးနိုးကြားကြားဖြစ်အောင် လုပ်ပေးတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို တိုက်ခိုက်တယ်လို့ ကောက်ချက်ချနိုင်ခဲ့ပြီး ဒီအစိတ်အပိုင်းတွေဟာ အစောဆုံးတိုက်ခိုက်ခံရတဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။

အယ်ဇိုင်းမားရောဂါရှိတဲ့ ဦးနှောက်တွေရဲ့ လူကိုနိုးကြားစေတဲ့နေရာသုံးခုစလုံးမှာ Tau ပရိုတိန်းတွေ မြင့်တက်နေပြီး အဆိုပါနေရာတွေမှာရှိရမဲ့ ဦးနှောက်ဆဲလ် ၇၅% လောက်ကလည်း ပျက်စီးဆုံးရှုံးနေတာကို တွေ့ရပါတယ်။ ဒီတွေ့ရှိချက်တွေကို August 12 ရက်ထုတ် Alzheimer’s and Dementia ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

ပြည့်ပြည့်စုံစုံ သိရှိနိုင်ဖို့ လေ့လာမှုတွေကို ဆက်လုပ်သွားရမှာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။ ဒါပေမဲ့ နေ့လယ်နေ့ခင်း တရေးတမော မကြာခဏ အိပ်နေတာ အိပ်ချင်တာတွေဟာ လူကြီးတွေအတွက်ဆိုရင်တော့ အယ်ဇိုင်းမားရဲ့ ခေါင်းလောင်းသံများလားလို့ ကြိုတင်တွေးဆဆင်ခြင်နိုင်စေဖို့ရာ ဖော်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။

Dr. KG

ဆက်စပ် ဆောင်းပါးများ