ဆင်တုပ်ကွေးဖြစ်ပြီးကြပြီလား

ဆင်တုပ်ကွေးဖြစ်ပြီးကြပြီလား

လတ်တလော နိုင်ငံနှင့်အဝှမ်းတွင် အဖြစ်အများဆုံးနှင့် လူထုစိတ်အဝင်စားဆုံး ရောဂါတခုဟု ဆိုလျှင် Chikyngunya Fever (ဆင်တုပ်ကွေး) ပြဿနာဟုပင် ဆိုနိုင် မည် ဖြစ်သည်။

လူမှုကွန်ယက်များ အသုံးများလာကြခြင်းနှင့် ကျန်းမာရေး ကိစ္စရပ်များအပေါ် လူထု၏ စိတ်ပါ ဝင်စားမှု မြင့်တက်လာခြင်းများကြောင့် နိုင်ငံအနှံ့အပြားတွင် နေ့စဉ်နှင့်အမျှ ဆင်တုပ်ကွေးရောဂါ ကပ်ရောဂါအသွင် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ရောဂါအဆန်းမဟုတ်ပါ

ဆင်တုပ်ကွေးရောဂါအား ၁၈၂၄ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံတွင် စတင် တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံတွင် ၁၉၇၅ ခုနှစ် ဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့ဖူးကြောင်း သိရှိ ရသည်။ အနီးစပ်ဆုံး ဖြစ်ပွားမှုအနေနှင့် ၂၀၀၉ ခုနှစ် အကုန် ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းက တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းများ ယခုကဲ့သို့ အစုလိုက် အပြုံလိုက် ဖြစ်ပွားခဲ့ဖူးသော်လည်း ထိုအချိန်က သတင်းအချက်အလက် ဖြန့်ဝေမှု အားနည်းခဲ့ သောကြောင့် မြန်မာ့လူထုအဖို့ ဆင်တုပ်ကွေးပြဿနာသည် ယခုမှ စတင် ဖြစ်ပွားသော ရောဂါတမျိုးဟု ထင်မှတ်မှားနေကြသည်ကို သတိထားမိသည်။
ဆင်တုပ်ကွေးလို့ ဘာ့ကြောင့်ခေါ်

Chikyngunya Fever ကို စတင်တွေ့ရှိခဲ့သည့် အချိန်များက အဆစ်နာတုပ်ကွေး ဟုခေါ်ဆိုပြီး ဂျာမန်တုပ်ကွေးဟုလည်း ခေါ်ဆိုကြောင်း သိရှိရကာ နောက်ပိုင်းတွင် ဆင်တုပ်ကွေးဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ ဆင်တုပ်ကွေးရောဂါဟူသော ဝေါဟာရနှင့် ပတ်သတ်၍ မည်သည့် အကြောင်းကြောင့် ခေါ်ဆိုသည်ကို တိတိကျကျ မသိရှိရသော်လည်း ကပ်ရောဂါအသွင် ဖြစ်ပွားသည့် ကာလများက ဝက်တုပ်ကွေး၊ ကြက်/ငှက်တုပ်ကွေးများလည်း အဖြစ်များ နေသဖြင့် ၎င်းတို့နှင့် ခပ်ဆင်ဆင် ခေါ်ဆိုကြသည်ဟုလည်း ခန့်မှန်းနိုင်သည်။

အချို့ဆရာများက “ဆင်နင်းထား သကဲ့သို့ တကိုယ်လုံး နာကျင်ကိုက်ခဲနေသဖြင့် ဆင်တုပ်ကွေးဟု အမည်သတ်မှတ်ခဲ့ခြင်း ဖြစ်နိုင်သည်”ဟု ဆိုကြပြီး အချို့ကလည်း ဆင်တုပ်ကွေးကြောင့် ဖြစ်လာသော အရေပြားအနီစက်၊ အနီကွက်များသည် ဆင်(အဖြူ)၏ အရေပြားတွင်ရှိသော အနီကွက်၊ အနီစက်များဖြင့် တူသောကြောင့် ဆင်တုပ်ကွေးဟု ခေါ်ဆိုခဲ့ကြသည်ဟုလည်း ခန့်မှန်းကြသည်။

ဆင်တုပ်ကွေးရောဂါအကျဉ်း

သွေးလွန်တုပ်ကွေးရောဂါနည်းတူ ခြင်းပုန်း/ခြင်းကျား ကိုက်ခြင်းကြောင့် ဖြစ်ပွား ရသော ရောဂါတမျိုးဖြစ်သည်။ ကလေး/လူကြီးမရွေး ဖြစ်ပွားနိုင်ပြီး အခြားသော ရာသီတုပ်ကွေး၊ ဝက်တုပ်ကွေး၊ လူတုပ်ကွေး များကဲ့သို့ နှာချေ/ချောင်းဆိုးခြင်းနှင့် ပွေ့ဖက်၊ နမ်းရှုံ့ခြင်းများကြောင့် မကူးစက်နိုင်ပေ။ အလွယ်တကူ ကူးစက်ခြင်း မရှိသော ရောဂါဖြစ်သော်လည်း ကာကွယ်ဆေးမရှိသော ရောဂါတမျိုးဖြစ်ပြီး ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း တမျိုးတည်းဖြင့်သာ ကာကွယ်နိုင်သော ရောဂါဖြစ်သည်။

ရောဂါလက္ခဏာများအနေနှင့် ကျန်းမာရေးကောင်းသူတဦးတွင် ရုတ်တရက် ဖျားလာခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်းများနှင့် ခန္ဓာကိုယ်ရှိ အဆစ်များ အလွန်နာကျင်ကိုက်ခဲခြင်းကို ခံစားရနိုင်သည်။

အခြားသော တုပ်ကွေးရောဂါများနှင့် မတူသည့် အချက်အနေနှင့် အဆစ်အမြစ်များ အလွန်ကိုက်ခဲခြင်းနှင့် အဖျားကျပြီး နောက်ပိုင်းတွင်လည်း အဆိုပါ နာကျင်ကိုက်ခဲခြင်းများကို ဆက်၍ ခံစားနေရခြင်း ဖြစ်သည်။ ဆင်တုပ်ကွေးဖြစ်လာပါက နာကျင်ကိုက်ခဲမှုများကို အနည်းဆုံး တပတ်မှ ၂ လခန့် အထိ ခံစားရနိုင်ပြီး အချို့သော ရောဂါရှင်များတွင်မူ နာတာရှည် အဆစ်ရောင်ခြင်းများအထိ ဖြစ်ပွားခံစားရနိုင်သည်။

အနီစက်၊ အနီကွက်များနှင့် အရေပြားယားယံခြင်းကိုတွဲ၍ ခံစားရနိုင်သော်လည်း သွေးလွန်တုပ်ကွေးကဲ့သို့ အတွင်း/အပြင် သွေးယိုစီးခြင်း၊ သွေးလန့်ခြင်းလက္ခဏာများ ခံစားရခြင်းမျိုး မရှိသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရန် မလိုသောရောဂါလည်း ဖြစ်သည်။ ဖြစ်စတွင် မျက်နှာအပါအဝင် ခန္ဒာကိုယ်အနှံ့ရှိ အရေပြားတွင် အရောင်ရင့်ရင့် အနီကွက်များ ခံစားရတတ်သော်လည်း တပတ်အတွင်း သူ့အလိုလို (လုံးဝ) သက်သာပျောက်ကင်း သွားမည်ဖြစ်၍ မည်သည့် ကုသမှုမှ ပြုလုပ်ရန် မလိုအပ်ပေ။

ဖျားနာခြင်းနှင့် ကိုယ်/လက် ကိုက်ခဲခြင်းများကို တွဲ၍ ရုတ်တရက်ထ၍ဖြစ်သော ရောဂါ ဖြစ်သဖြင့် ရောဂါလက္ခဏာ ပြင်းထန်သကဲ့သို့ ခံစားရသော်လည်း အသက် အန္တရာယ်မဖြစ်နိုင်သော ရောဂါဖြစ်၍ အရေးပေါ် ဆေးရုံ တက်ရောက် ကုသရန် မလိုသော ရောဂါတမျိုးသာ ဖြစ်သည်။

ကိုက်ခဲခြင်း၊ ယားယံခြင်းစသည့် ခံစားရသော လက္ခဏာများ သက်သာစေရုံသာ ဆေးဝါးများ သောက်သုံးရန် လိုသဖြင့် နီးစပ်ရာ ဆေးခန်းများတွင် သွားရောက်ပြသပြီး အကိုက်အခဲ ပျောက်ဆေးများ၊ ယားယံခြင်းကို သက်သာစေသည့်ဆေးများကို ဆရာဝန် ညွှန်ကြားသည့် အတိုင်း သောက်ပေးနိုင်သည်။

ရောဂါဖြစ်ပွားသူအနေနှင့် နာကျင်ခြင်းများမှ သက်သာစေရန်နှင့် ခြင်ကိုက်မခံရ စေရန်အတွက် မိမိအိမ်တွင်ပင် ကောင်းကောင်းအနားယူသင့်ပြီး အိပ်ရေးဝဝ အိပ်ရန် လိုသလို ခန္ဓာကိုယ်အတွက် ရေဓာတ်ပြည့်နေစေရန် ဓာတ်ဆားရည်ကိုလည်း များများ သောက်ပေးသင့်သည်။ အစာအမာစားသုံးခြင်းမျိုးထက် ဆန်ပြုတ်၊ စွပ်ပြုတ်ပူပူကို ဆားလေးလေးဖြင့် သောက်ပေးသင့်သလို နာကျင် ကိုက်ခဲခြင်းများ သက်သာရန် အတွက်လည်း ပရုပ်ဆီ (အပူ)ကို ခပ်ပါးပါး လူးပေးနိုင်သည်။

ဖျားပြီးကျန်ခဲ့တဲ့ အဆစ်နာရောဂါ

အခြားသော အဖျားရောဂါ၊ တုပ်ကွေးရောဂါခံစားရသူများအနေနှင့် အဖျား ကျလျှင် လက္ခဏာများ အမြန်သက်သာသွားနိုင်သော်လည်း ဆင်တုပ်ကွေးဖြစ်ပြီးသူများ တွင်မူ နာတာရှည် အဆစ်နာရောဂါ ကျန်နေခဲ့နိုင်သည်။

သာမန်အားဖြင့် အဖျားကျပြီး နှစ်ပတ်ခန့်အတွင်း သက်သာသွားနိုင်သော်လည်း အချို့သော ဝေဒနာ ရှင်များတွင်မူ အဆစ်အမြစ်ရောင်ရမ်းခြင်းများ သက်သာသွားပြီး နာကျင်ကိုက်ခဲခြင်းများကိုမူ ဆက်၍ ခံစားနေရကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် လေးဘက်နာရောဂါသမားများကဲ့သို့ မနက်ပိုင်းအိပ်ယာထ အချိန်များတွင် ခြေထောက် မထောက်နိုင်သည် အထိ ဒူးဆစ်/ခြေကျင်းဝတ်အဆစ်များ နာကျင်နေခြင်း၊ လက် “မထောက်/ မြဲမြဲမကိုင် နိုင်သည်အထိ လက်ဆစ်/တံတောင်ဆစ်များ နာကျင် နေခြင်း၊ ခါးနာနေခြင်း၊ ရင်ဘတ်အောင့်ခြင်းများကို ခံစားနေရတတ်သည်။

ထိုကဲ့သို လက္ခဏာများကို သုံးလကျော်သည်အထိ မသက်သာသေးသူများ အနေနှင့် နာတာရှည် အဆစ်ရောင်ခြင်းဟု သတ်မှတ်ခေါ်ဆိုနိုင်သည်။

အဖျားကျသွားသော်လည်း သာမန်ကိုယ်လက် လှုပ်ရှားမှုကိုပင် မလုပ်နိုင်သူများ၊ တနေ့တာ လုပ်ငန်းဆောင်တာများ အနှောက်အယှက် ဖြစ်သည်အထိ အဆစ် နာခြင်းများ ခံစားနေရသူများနှင့် သုံးလအထက် အဆစ်နာခြင်း ခံစားနေရသူများကို နာတာရှည်အဆစ်ရောင်ခြင်းနှင့် နောက်ဆက်တွဲ ဖြစ်သော ရောဂါများကို ကုသနိုင်ရန် အတွက် နီးစပ်ရာ အရိုး/အဆစ် အထူးကုသမားတော် (သို့) နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် သွားရောက်တိုင်ပင် ပြသကာ လိုအပ်သော ကုသမှုများ ခံယူကြရန် လိုကြောင်း အကြံပြုပြောကြား လိုပါ သည်။

ဆင်တုပ်ကွေးဖြစ်သူတိုင်း လိုအပ်သော ကုသမှုကို ရရှိ၍ အမြန်ဆုံး သက်သာ ပျောက်ကင်းနိုင်ကြပါစေ။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ