အသက်ငယ်ငယ်နဲ့ ကျီးပေါင်းဘာလို့ဖြစ်ကြသလဲ

အသက်ငယ်ငယ်နဲ့ ကျီးပေါင်းဘာလို့ဖြစ်ကြသလဲ

ယခုတလော မောင်ဒေါက်တာ့ဆေးခန်းသို့ လူငယ်ပိုင်းလူနာများ အတော်များများလာပြကြသည်။ ပြလိုက်လျှင်လည်း လည်ပင်းဇက်ကြောတတ်၊ ညောင်းကိုက်မူးဝေပြီး လာပြကြခြင်းဖြစ်သည်။ ကြည့်လိုက်တော့လည်း အားလုံးလိုလိုက မျက်မှန်ထူထူ၊ ပိန်ပိန်ကုပ်ကုပ်ကလေးတွေ ဖြစ်နေတတ်သည်။

သူတို့သည် ရောဂါအကြောင်းမေးမြန်းနေချိန်မှာပင် ဖုန်းလေးတပွတ်ပွတ်လုပ်နေတတ်သည်။ စမ်းသပ်ကြည့်နေစဉ်တွင်လည်း စိတ်မရှည်သလို အမူအရာလုပ်နေတတ်ပြီး ပြီးသည်နှင့် ဖုန်းကို ကောက်ကိုင်ကာ ဆက်လက်ပွတ်နေတတ်ကြသည်။
အမှန်တော့ မောင်ဒေါက်တာလည်း ဖုန်းအသုံးများပါသည်။ ကွန်ပျူတာကြည့်ရသည်လည်း များပါသည်။ သို့သော် သူတို့လို ဆက်တိုက်ကြီးတော့ မသုံးနိုင်ပါ။

ယခုလည်း မောင်ဒေါက်တာ့ဆီ လာပြသည်က ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးတစ်ယောက်။ လှမ်းကြည့်လိုက်တော့ ထုံးစံအတိုင်း ဖုန်းနှင့်မျက်နှာနှင့် အပ်လျက်။ ပြီးတော့ တစ်ချက်တစ်ချက် ခေါင်းကို ဘယ်ညာဆတ်ခနဲယမ်းရင်း ဇက်ချိုးသလို လုပ်လိုက်သေးသည်။ သူ့ရောဂါအကြောင်းကိုတော့ အတူပါလာသည့် သူ့အဖေကပဲ ရှင်းပြရသည်။

‘သားက ခေါင်းတွေမူးမူးနေတာ ဆရာ။ ဇက်ကြောလည်း ခဏခဏတက်တယ် ပြောတယ်။ သူက ဖုန်းလည်း အသုံးများတော့ ကျွန်တော်ကလည်း အာရုံကြောတွေဘာတွေလားပေါ့ဆရာရယ်။ အားဆေးတွေဘာတွေ သောက်ဖိို့လိုမလားလို့ပါ’

‘အင်း ဦးလေးသားက အာရုံကြောဆိုတာထက် လည်ပင်းကျီးပေါင်းဖြစ်တာလို့ ပြောရင်ပိုမှန်မှာ ဦးလေးရ’

‘ဟင် ဆရာ.. သားက အသက် ၁၉ နှစ်တောင် မပြည့်သေးပါဘူး။ ကျွန်တော်သိသလောက် ကျီးပေါင်းဆိုတာက အသက်အရွယ်ကြီးမှ ဖြစ်တာဆို ဆရာ’

‘ဟုတ်ပါတယ် လူအများစုကတော့ အသက်ကြီးမှ ဖြစ်တာပါ။ ဒါပေမယ့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျီးပေါင်းဖြစ်နေတာကို အခုနောက်ပိုင်းမှာ အတော်တွေ့လာရပါတယ်။ အဓိကကတော့ လည်ပင်းအနေအထားမမှန်ဘဲ အဆစ်တွေကို ရေရှည် ဒဏ်ဖြစ်အောင် လုပ်မိတာကြာလာတော့ ဖြစ်လာတာပေါ့ သုတေသနတွေအရ အသက် ၁၅ နှစ်လောက်ကနေ စပြီးတော့ကို် ကျီးပေါင်းတွေ ဖြစ်နေနိုင်တယ်လို့ တွေ့ရှိလာကြတယ်လေ။ ဟုတ်ပါပြီ အခု သည်ညီလေးကိုလည်း သေချာအောင် ဓါတ်မှန် ရိုက်ကြည့်လိုက်ပါ့မယ်။ လောလောဆယ်တော့ သောက်ဆေး ပေးထားလိုက်မယ်လေ။ ဓါတ်မှန် အဖြေရမှ ပြန်ကြည့်ကြတာပေါ့ ဟုတ်ပြီလား’

သည်လိုနှင့် သားဖြစ်သူရော အဖေဖြစ်သူပါ မအီမလည်မျက်နှာထားဖြင့် မောင်ဒေါက်တာ့ဆေးခန်းမှ ထွက်သွားကြပြီးနောက်…အချိန်နှစ်ရက်ခန့်ကြာသွားသောအခါ…

‘ဆရာရေ ဆရာပြောသလိုပဲ ဓါတ်မှန်သွားရိုက်လိုက်ပြီဆရာ။ အခု ဓါတ်မှန် အဖြေရလို့ လာပြန်ပြတာပါ။ ဟိုဟာ ကျီးပေါင်းရှိနေတယ်လို့ ပြောတယ်ဆရာ’

အဖေဖြစ်သူက ဓါတ်မှန်ဖလင်ပြား ထဲထားသော အိတ်ကို ကိုင်ပြီး မောင်ဒေါက်တာ့ဆေးခန်းကို ပြန်ရောက်လာလေသည်။ မောင်ဒေါက်တာလည်း သူ့ဆီက ဓါတ်မှန်ဖလင်ပြားကို ယူပြီး အလင်းရောင်မှာ ထောင်ကြည့်လိုက်သည်။ ချက်ချင်းပင် မောင်ဒေါက်တာ ကိုယ့်ဟာကိုယ် မျက်စိပင်မှားသွားသလားဟု ဓါတ်မှန်ကို နှစ်ခါပြန်ကြည့်မိလိုက်သည်။ ဓါတ်မှန်ဖလင်ထောင့်က လူနာမည်နှင့်အသက်စသည့် အမှတ်အသားများကိုပင် မှန်မမှန်လှမ်းကြည့်ပြီး စစ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုတော့ ဓါတ်မှန်က လူကြီးပိုင်းတစ်ယောက်၏ လည်ပင်းဓါတ်မှန်ကဲ့သို့ပင် ကျီးပေါင်းလက္ခဏာများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

‘ကဲ ဟုတ်တယ်ဦးလေးရေ ကျွန်တော်တို့ယူဆသလို ကျီးပေါင်းပါပဲ။ ပြောရရင်တော့ ကျီးပေါင်းမှ တော်တော်ကြီးကို ကျီးပြီးပေါင်းနေတာ ပဲဗျ။ လည်ပင်းရိုးတွေကလည်း ဖြောင့်နေပြီ။ အရိုးအစွန်းတွေကလည်း အများကြီး။ နံပါတ်လေးနဲ့ငါးအဆစ်ဆို ကျဉ်းနေတာတောင် မြင်နေရပြီဗျ’

မောင်ဒေါက်တာလည်း ကိုယ်မြင်နေရသမျှ ဓါတ်မှန်ထဲကအရာတွေကို တန်းစီရေရွတ်လိုက်တော့ အဖေဖြစ်သူမှာ မျက်စိမျက်နှာတွေပျက်ကုန်ပြီး….

‘ခဏလေး ဆရာ။ ခဏလေးပါ။ ဆရာပြောတာတွေ နားထောင်ရတာ သားလေးရဲ့ရောဂါက တော်တော်ဆိုးနေသလိုပဲ ဖြစ်နေလို့့ပါ။ စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပြီလားဟင်’

မောင်ဒေါက်တာလည်း အခြေအနေကို သေချာရှင်းပြရန် ပြင်ဆင်လိုက်ပြီး အားပေးပြုံးလေး အရင်ပြံုးလိုက်သည်။ ထို့နောက်….

‘မစိုးရိမ်ပါနဲ့ ဦးလေး။ အခု ဖြစ်တဲ့ ကျီးပေါင်းက ဆိုးတာတော့ ဆိုးပါတယ်။ ဒါပေမယ့် သေစေလောက်တဲ့ ရောဂါလည်း မဟုတ်ဘူး။ အဲ..ချက်ချင်းလက်ငင်း အရေးပေါ်ကုသရမယ့် ရောဂါလားဆိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် နာတာရှည် ဒုက္ခပေးနိုင်တဲ့ရောဂါ၊ အခန့်မသင့်ရင် ပုံမှန်လူတစ်ယောက် အလုပ်လုပ်နိုင်ဖို့ ခက်ခဲလာနိုင်တယ့်ရောဂါဆိုရင်တော့ ဟုတ်တာပေါ့။
အဓိကကတော့ အရေးမကြီးတဲ့ရောဂါလို့ မယူဆစေချင်ဘူး။ အထူးသဖြင့် အခုလို ငယ်ရွယ်တဲ့အချိန်မှာဆို ပိုပြီးတော့တောင် ဂရုစိုက်သင့်သေးတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကျီးပေါင်းက သည်ထက်ပိုများလာမှာကိုး။’

‘အဲဒါဆိုလည်း အခုရောဂါကတော့ ပျောက်အောင်ကုလို့ရတယ် မဟုတ်လား ဆရာ’

‘အင်း အဲဒါကလည်း ပျောက်အောင်ကုတယ် ဆိုတာဘာကိုခေါ်သလဲဆိုတာအပေါ် မူတည်တယ်ဗျ။ အခု ဦးလေးသားဖြစ်နေတဲ့ ခေါင်းမူတာတွေ၊ ဇက်ကြောတတ်တာတွေ စတာတွေကတော့ သက်သာပျောက်ကင်းအောင် ကုလို့ ရပါတယ်။ ဒါပေမယ့် တကယ်တမ်း အခု ဓါတ်မှန်မှာ မြင်တွေ့နေရတဲ့ ကျီးပေါင်းလက္ခဏာတွေကတော့ ရှင်းရှင်းပြောရရင် ပျောက်သွားဖို့ မလွယ်ကူဘူးဗျ။ ဒီမှာလေ ဦးလေးမြင်သာအောင် ကျွန်တော် ပြမယ်’

မောင်ဒေါက်တာလည်း ပြောလက်စဖြင့် ပိုရှင်းသွားအောင်ပြောမည်ဆိုပြီး မိမိ၏ လက်ကိုင်ဖုန်းကို ဖွင့်ကာ Normal Cervical Spine X-ray (ပုံမှန် လည်ပင်းကျောရိုးဓါတ်မှန်)ဆိုသောဓါတ်ပုံတစ်ခုကို ရှာကာ အဖေဖြစ်သူကို ပြလိုက်သည်။

‘ဒီမှာကြည့် ဦးလေး။ ပုံမှန်လည်ပင်းကျောရိုးဆိုတာ အဲသည်လို အနောက်ကိုလန်ပြီး ကွေးကွေးလေးနေရတယ်။ အခု ဦးလေးသားမှာကတော့ မျဉ်းဖြောင့်ကြီးလို့ တည့်တည့်ကြီးဖြစ်နေတယ်လေ။ အဲဒါက လည်ပင်း အနေအထား မမှန်ရာကနေ ကြွက်သားတွေတင်းပြီး ဘေးနှစ်ဘက်ကနေလည်းဆွဲထားတော့ လည်ပင်းရိုးက တောင့်တောင့်ကြီးဖြစ်နေတာပေါ့။

ပြီးတော့ ပုံမှန်ဓါတ်မှန်ပုံကို ကြည့်လေ။ လည်ပင်းအရိုးတွေရဲ့အစွန်းတွေက ပြောင်ချောချောလေးတွေပဲ ရှိနေတာ။ ကျီးပေါင်းတွေတက်လာတော့ အဲသည်လည်ပင်းရိုးအစွန်းတွေက မညီမညာနဲ့ အပြင်ကို အချွန်အတက်ကလေးတွေ ထွက်လာတာလေ။ အရိုးအမာအတက် (osteophytes) တွေလို့ခေါ်တယ်ဗျ။ ရွေဘော်မထိုးထားတဲ့ သစ်သားကြမ်းတွေရဲ့ မျက်နှာပြင်လိုပဲ၊ အစအနတွေချွန်ထွက်နေတာ။

နောက်ဆုံးတစ်ခုက အဆစ်တွေကျဉ်းလာတယ်ဆိုတာ။ အဲဒါကတော့ ဟောသည်လည်ပင်းကျောရိုး စုစုပေါင်းခုနှစ်ရိုးရှိတာရဲ့ ကြားထဲမှာ လွတ်နေတဲ့ နေရာလေးတွေ တွေ့လား။ အဲဒါတွေက တစ်ခုနဲ့တစ်ခု ကြားထဲမှာ အရိုးနုအပြားလေးတွေနဲ့ ခုခံထားတာ။ ပစ္စည်းအမာတစ်ခုနဲ့ တစ်ခုကြားမှာ ဖော့ဆို့လေးတွေ ခံထားသလိုပဲဗျ။ လည်ပင်းရိုးတွေ အနေအထားမမှန်ဘဲ ပွတ်တိုက်ထိပဲ့တာတွေ ရှိလာတော့ အဲသည်ဖော့ဆို့အရိုးနုလေးတွေက ပါးလာပြီး သူတို့ရှိတဲ့ နေရာလေးတွေ ကျဉ်းလာတယ်လို့ မြင်နေရတယ်။ အဲဒါကလည်း ကျီးပေါင်းရဲ့ သိသာတဲ့ သင်္ကေတလက္ခဏာတစ်ခုပဲဗျ။’

‘အင်း ခက်တယ် ဆရာရေ့.. သည်ကလေး ဖုန်းတွေ၊ ဂိမ်းတွေ တအားဆော့တာ။ ပြောလို့လည်း မရဘူး။ အဲသည်အကျိုးကျေးဇူးတွေပဲနေမှာပေါ့နော် ဆရာ’

‘ဟုတ်တာပေါ့ ဦးလေးရေ။ ပြောရမယ်ဆိုရင် ဒါမျိုးတွေက အသက် ၄၀၊ ၅၀ လောက်ကြမှ သိသိသာသာဖြစ်လာကြတာ။ အခု ကလေးတွေက ၁၉၊ ၂၀ လောက်ကတည်းက ဖြစ်နေကြပြီ။ ဆိုတော့ သည်ထက်ဆိုးလာရင် အခု ဖြစ်နေတဲ့ မူးတာ၊ကိုက်တာ၊ တင်းတာ တွေအပြင် လက်ရဲ့အာရုံကြောတွေထိခိုက်လာနိုင်တယ်။ တော်တော်ကြီးဆိုးလာရင် ခြေထောက်တွေ၊ အောက်ပိုင်းတွေပါထိကုန်ပြီး အောက်ပိုင်းမသန်တာ၊ ဒုက္ခိတ ဖြစ်တာတွေ အထိ ဖြစ်တတ်တယ်ဗျ။ ဒါကြောင့်မို့ အခုကတည်းက မပေါ့ဖို့ ပြောနေရတာပါပဲ ဗျို့’

‘ကောင်းပါပြီ ဆရာ။ ကောင်းပါပြီ’

မောင်ဒေါက်တာလည်း ဆက်လက်ပြီး လိုအပ်သည့်ကုသမှုများကို လမ်းညွှန်ပေးကာ ကလေးကို ရက်ချိန်းဖြင် ့ပြန်ခေါ်လာပြရန် အဖေဖြစ်သူကို မှာရ၏။ သူလည်း ခေါင်းတညိတ်ညိတ်လုပ်ပြီး စဉ်းစားစရာ ပြည့်နေသောမျက်နှာထားဖြင့် ဆေးခန်းမှ ထွက်သွားလေသည်။ ထို့နောက် မောင်ဒေါက်တာလည်း ထိုင်ခုံမှာခဏထိုင်ပြီးနားမည်ဟုစဉ်းစားကာ စောစောကဖွင့်လက်စ လက်ကိုင်ဖုန်းကိုကောက်ကိုင်လိုက်လေ၏။ ပြီးမှ ကိုယ့်ဟာကိုယ် ပြံုးမိကာ ‘အင်း ငါလည်း အခုနေ လည်ပင်း ဓါတ်မှန်ရိုက်ကြည့်ရင် ဘယ်လိုနေမလဲ’ ဟု တွေးလျက် ဖုန်းကိုခပ်မြန်မြန်ပွတ်ရင်း facebook ကို ဖွင့်လိုက်မိလေတော့၏။

ဒေါက်တာထွန်းလင်း

ဆက်စပ် ဆောင်းပါးများ