ခါးဆွဲခြင်းအနုပညာ

ခါးဆွဲခြင်းအနုပညာ

ခါးဆွဲခြင်း (traction) ဟူသည် ခါးနာသော လူနာအများစု အတွက် အကျိုးရှိသော ကုသနည်းတစ်ခု ဖြစ်သည်။ သုတေသနရလဒ်များအရ လိုအပ်ချက်မာျးရှိသေးစေကာမူ ခါးနာရောဂါကုထုံးများတွင် အဆိုပါ traction သည် လူအသုံးများသော နည်းလမ်းတစ်ခုဖြစ်သည်။

အသုံးများသည်ဆိုရာတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများသာ သုံးခြင်းမဟုတ်။ လူနာများကိုယ်တိုင်ကပါ အလွယ်သုံးပစ္စည်းများဖြင့် ကိုယ့်ဘာသာကိုယ် traction ဆွဲနေကြခြင်းပင် ရှိသည်။ သုံးသော ပစ္စည်းများမှာလည်း အုတ်ခဲ၊ သဲ၊ရေ တို့ကို သုံးခြင်းဖြစ်ပြီး၊ အလွယ်ပြုလုပ်ထားသော ကြိုး၊ ခါးပတ်စသော ကိရိယာများဖြင်သာ့ ဆွဲနေတတ်ကြခြင်းဖြစ်သည်။ ၎င်းသည် အလွန်အန္တရာယ်ရှိပေသည်။

‘သက်သာမလားဆိုပြီး ကိုယ့်ဟာကိုယ်ဆွဲလိုက်တာ ဆရာရယ်။ ပိုပြီးနာလာလို့ လန့်ဖြန့်ပြီး အခုဆရာ့ဆီပြေးလာရတာပဲ ဆရာ’

ခါးနာရောဂါဝေဒနာသည် ကိုလူနာသည် သူ့ရောဂါသက်သာအောင် ကြားဖူနားဝရှိသမျှ နည်းမျိုးစုံကို စမ်းသပ်လုပ်ဆောင်လေ့ရှိသူ ဖြစ်သည်။ သို့သော် သူ့ဘာသာသူ ခါးဆွဲစက်ဝယ်ပြီး အိမ်မှာဆွဲလိမ့်မည်ဟုတော့ မောင်ဒေါက်တာ မတွေးထင်မိခဲ့။

‘အကိုကလည်းဗျာ အဲဒါမျိုးတွေသုံးချင်တယ်ဆိုရင် ကျွန်တော့်ကို အရင် လာတိုင်ပင်လိုက်တာ မဟုတ်ဘူး။ တကယ်တမ်း ခါးဆွဲတော့မယ်ဆိုရင် ကြိုတင်တွက်ချက်ရတာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ အများကြီးရှိသေးတယ်လေ။ ပြီးတော့ စနစ်တကျပြုလုပ်ထားတဲ့ စက်ကိရိယာမျိုးနဲ့ပဲ ဆွဲရင်ပိုကောင်းတာပေါ့။ အခုလို သာမန်ကာလျှံကာ ဆွဲရင်၊ ဟော ကြည့် အခု မသက်သာဘဲ နှစ်ထပ်နာ ကုန်ပြီ မဟုတ်လား’

‘ကျွန်တော်လည်း ကောင်းနိုးရာရာလေးတွေ စမ်းကြည့်တာပါဗျာ။ ရောင်းတဲ့လူကလည်း ဘယ်လိုပုံ ဘယ်လိုနည်းဆွဲလို့တော့ မှာလိုက်ပါရဲ့။ ကျွန်တော်လည်း သက်သာမယ်အထင်နဲ့ စမ်းလိုက်တာ အထင်နဲ့အမြင်ပါစင်အောင် လွဲတာပဲ ဆရာရေ’

အမှန်က ကိုလူနာ၏ ရောဂါမှာ ခါးအာရုံကြောညှပ်ခြင်း (lumbar radiculopathy) ရောဂါဖြစ်သည်။ သောက်ဆေး၊ ထိုးဆေး၊ လေ့ကျင့်ခန်များဖြင့် သက်သာအောင်ထိန်းထားနိုင်သော်လည်း ဆက်လက်ပြီး စနစ်တကျကုသမှုခံယူရန် သက်ဆိုင်ရာအထူးကုဆေးရုံဆေးခန်းများသို့ မောင်ဒေါက်တာက လွှဲပေးထားသည်။

ထိုနေရာများတွင် လိုအပ်ပါက စနစ်တကျ ခါးဆွဲခြင်းကို ပြုလုပ်စေရန် ဖြစ်သည်။။ သို့သော် ကိုလူနာက တစ်မျိုး။ အချိန်မရဟု အကြောင်းပြကာ ဖြစ်တုန်းနီးစပ်ရာမှာကုလိုက်၊ ပြန်သက်သာသွားလျှင် ဒုံရင်းဒုံရင်းပြန်နေလိုက် လုပ်နေခြင်း ဖြစ်ဟန်တူသည်။

‘ခါးဆွဲတာဆိုတာ ပေါ့သေးသေးတော့ မထင်နဲ့ ကိုယ့်လူရေ။ စနစ်တကျလေ့ကျင့်ထားပြီး အတွေ့အကြုံရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကမှ ဆွဲသင့်မဆွဲသင့် စမ်းသပ်စစ်ဆေးပြီးမှ ဆွဲရတာမျိုး။ ဘယ်လောက်အရေးကြီးလဲ ဆိုတာ အကို့ကို ကျွန်တော် အကြမ်းဖျင်းရှင်းပြမယ်ဗျာ။

ခါးဆွဲတယ်ဆိုတာ အိပ်ရက်အနေအထားမှာ ခါးကိုသိုင်းကြိုး (harnass) တွေပတ်ပြီး ခြေရင်းကနေ အလေးချိန်တစ်ခုပေးပြီး ဆွဲဆန့်တာကို ခေါ်တာပေါ့။ ဒီနေရာမှာ အရေးကြီးတာက ဘယ်လောက်အလေးချိန်(weight) နဲ့ ဆွဲမှာလဲ ဆိုတာက အခရာပဲ။ ဆွဲတာနည်းရင်လည်း ဘာမှထူးမှာမဟုတ်သလို၊ ဆွဲတာများသွားရင်လည်း ဝေဒနာကပိုဆိုးသွားမယ်။

နောက်တစ်ခု အရေးကြီးတာက ဆွဲမယ့် လမ်းကြောင်း (direction)။ ပြီးတော့ ဆွဲတဲ့အချိန်မှာ ရှိရမယ့် ကိုယ်အောက်ပိုင်းအနေအထား (lower limb position)။ ဒါတွေကလည်း အဓိကစကားပြောမယ့် ကိစ္စတွေပဲ။ ကဲ ဥပမာအားဖြင့် အကို့ရဲ့အခြေအနေကိုပဲ သုံးသပ်ပြပါ့မယ်။ လာ အကို ပေါင်ဘယ်လောက်ရှိလဲ ချိန်ကြည့်ရအောင်ပါ’

မောင်ဒေါက်တာက ကိုလူနာကို ဆေးခန်းထဲက ပေါင်ချိန်စက်ပေါ်တက်ပြီး ကိုယ်အလေးချိန်ချိန်သည်။

‘ဟာ ကျွန်တော် ပေါင်တွေတက်လာတယ်ဆရာ။ ၁၆၀ ကနေ ၁၇၀ ဖြစ်လာပြီဗျ’

‘ဟုတ်တယ် အကိုက ခါးနာတယ်ဆိုပြီး မလှုပ်မရှားနေတာကြာတော့ ပေါင်တွေတက်လာတာဖြစ်နိုင်တယ်။ ကီလိုဂရမ်နဲ့တွက်တော့ 77kg ရှိတယ်ဗျ။ ဆိုတော့ တကယ်တမ်း စနစ်တကျ ခါးစဆွဲမယ်ဆိုရင် ကိုယ့်ကိုအလေးချိန်ရဲ့ လေးပုံတစ်ပုံလောက်ကပဲ စဆွဲရမှာ။ အဲဒီတော့ 19-20 kg လောက်နဲ့စဆွဲရမှာ။ ပြီးရင် ခါးဆွဲလိုက်တဲ့အားရဲ့လမ်းကြောင်းကလည်း ခါးကျောရိုး (vertebra) ပေါ်တည့်တည့်ကနေ မျဉ်းဖြောင်းအတိုင်း ခြေထောက်ဘက်ကိုဦးတည်ရမှာ။ ဆွဲနေတဲ့ အချိန်မှာလည်း ခြေထောက်ကို ပေါင်မှာတစ်နေရာ၊ ဒူးမှာတစ်နေရာ ၉၀ ဒီဂရီဆီကွေးထားတဲ့ ပုံစံနဲ့ဆွဲသင့်တာ။

ဒါမှ ခါးကျောရိုးက သက်တောင့်သက်သာနဲ့ ဆွဲတာ အဆင်ပြေမှာ။ ဒီနေရာမှာ ထပ်ပြီးအရေးတကြီးပြောရမှာက ကျောနဲ့ကိုယ်လှဲနေတဲ့ကုတင်ရဲ့မျက်နှာပြင်ကြားက ပွတ်တိုက်မှု (friction)။ ဒါကိုလည်း ထည့်တွက်ရတယ်။ မဟုတ်ရင် ပုံမှန်အားနဲ့ဘယ်လောက်ဆွဲဆွဲ အဲသည်ကျောမှာပွတ်တိုက်မှုဖြစ်နေတော့ ခါးမှာ နေရာမရွေ့ဘဲ လူနာတာပဲ အဖတ်တင်တယ်ဗျ’

‘ဟာ ဆရာပြောမှပဲ ခါးဆွဲရတာ အဲသည်လောက်ခက်ခဲရှုပ်ထွေးမှန်း သိတော့တယ်။ ကျွန်တော်က အိမ်မှာ အလွယ်တကူ ရိုးရိုးတန်းတန်းပဲ ဆွဲကြည့်လိုက်တာ ဆိုတော့၊ ပထမကတော့ သက်သာသလိုပဲ ဗျ။ နောက်မှာ ပိုဆိုးလာတာပါ’

‘ဟုတ်တယ်အကို ဖြစ်နိုင်တယ်။ ခါးဆွဲခြင်းရဲ့ အာနိသင်က အဓိကအားဖြင့် နေရာသုံးနေရာမှာ ရှိတာဗျ။ ခါးကြွက်သား (back muscle) ရယ်၊ ခါးအာရုံကြော (lumbar nerve roots) ရယ်၊ ပြီးတော့ ခါးအရိုးအဆစ်တွေကြားကအရိုးနုပြား (intervertebral disc) ရယ်မှာပေါ့။ ခါးဆွဲလိုက်တယ်ဆိုတာက မြင်သာအောင် ပြောရရင် ခြေရင်းကနေ ခါးကျောရိုးကို ဆွဲဆန့်လိုက်တာပဲဗျ။

ဆိုတော့ ခါးအရိုးအဆစ်တစ်ခုနဲ့တစ်ခုကြားမှာ ညပ်နေတဲ့ အာရုံကြောတွေလွတ်သွားတယ်၊ ဒါမှမဟုတ် အပြင်ကိုကျွံထွက်နေတဲ့ အရိုးနုအပြားတွေက နေရာပြန်လွတ်သွားတော့ ကျောရိုးအထဲကို ပြန်ဝင်လာတယ်၊ အနည်းဆုံးအနေနဲ့ နာကျင်မှုကြောင့် တင်းတောင့်နေတဲ့ ခါးကြွက်သားတွေက ဆွဲဆန့်ခံရတော့ ပြေလျော့သွားပြီး နေလို့ကောင်းသွားတယ်။ စစချင်း အကိုခံစားရတာသက်သာတယ်ဆိုတာ အဲသည်နောက်ဆုံးအာနိသင်တော့ ရသွားလို့ဖြစ်မယ်’

‘ဟုတ်တယ်ဆရာ။ ဘယ်လိုပဲဖြစ်ဖြစ် ရမ်းကုသမိတော့ အန္တရာယ်များမှန်း သိသွားပါပြီ။ ကျွန်တော်နောက်ဆို မသေမချာမရေရာတာတွေ စမ်းမသုံးတော့ဘဲ၊ ဆရာပြောသလို စနစ်တကျ ကုသမှုခံယူပါ့မယ်။ အဲဒါမျိုး ဘယ်မှာဆက်လုပ်ရမလဲဆိုတာ ပြောပြပါ ဆရာ’

‘အကို့ကို ကျွန်တော် သက်ဆိုင်ရာဌာနတွေကို လွှဲပေးဖူးပါတယ်။ အကို မသွားဖြစ်လို့ပါ။ အခု သည်တစ်ခေါက်တော့ သွားဖြစ်အောင် သွားလိုက်ပါ။ အဲသည်မှာ စနစ်တကျ ခါးဆွဲတဲ့စက် (tractizer) တွေရှိတော့ ကျွန်တော်ခုနကပြောတဲ့ အတွက်အချက်၊ အနေအထားတွေကို တစ်ခါတည်းပြုလုပ်ပြင်ဆင်လို့ရတဲ့ ကုတင်တွေ၊ ကိရိယာတွေ ပါပြီးသားပါ။ အဲဒါဆို အဆင်ပြေပါလိမ့်မယ်။

ဒါပေမယ့် ဆွဲတယ်ဆိုတာမှာလည်း ဆွဲချင်တိုင်းလည်း ဆွဲလို့မရဘူးနော်။ သူ့မှာ ခါးမဆွဲရတဲ့ အခြေအနေ (contraindications) တွေရှိတယ်ဗျ။ ဥပမာ-ခါးအရိုးအဆစ်တွေကျိုးနေတာ၊ လွဲနေတာ၊ ခါးမှာ ပိုးဝင်နေတာ၊ ကင်ဆာရောဂါဖြစ်နေတာ၊ နောက်ပြီး ဝမ်းဗိုက်အတွင်းမှာ အလုံးအကျိတ်၊အနာတွေရှိနေတာ၊ ပြီးတော့ ခါးအာရုံကြောက ဘယ်ရောညာရေနှစ်ဘက်စလုံးညပ်ပြီး ဆီးဝမ်းထိန်းဖို့ပါ ခက်နေတာ စတာတွေပေါ့ဗျာ။

ဒါတွေရှိမရှိ အကို့ကို သေချာစစ်ဆေးပြီးမှ ခါးဆွဲကုသမှုကို ခံယူသင့်တာပါဗျ။ ဘယ်လိုပဲဖြစ်ဖြစ် သွားရောက်စစ်ဆေးကုသမှုခံယူပါဗျာ။ ဒါမှ ရောဂါမြန်မြန်သက်သာပြီး ပုံမှန်သွားလာလှုပ်ရှားမှု ပြန်လည် လုပ်ဆောင်နိုင်မှာပေါ့ဗျာ’

‘ကျေးဇူးပါပဲဆရာ။ ကျွန်တော်လည်း ခါးဆွဲခြင်း အနုပညာကို တီးမိခေါက်မိဖြစ်သွားပြီဆိုတော့ နောက်ဆို လွယ်လွယ်နဲ့ ခါးမဆွဲတော့ဘဲ စနစ်တကျ စစ်ဆေးပြီးမှ ခါးဆွဲမှုကို ခံယူပါတော့မယ်ဗျို့။ သွားတော့မယ်နော် ဆရာ’

‘ကောင်းပါပြီဗျာ’

ဒေါက်တာထွန်းလင်း

Ref; Delisa’s Physical Medicine and Rehabilitation: Principle and Practice (5th edition)

ဆက်စပ် ဆောင်းပါးများ