အဖျားနဲ့ အစား

အဖျားနဲ့ အစား

ထုံးစံအတိုင်းပင် မောင်ဒေါက်တာ့ဆေးခန်းမှာ ငြင်းခုန်သံများဖြင့် ဆူညံနေကြပြန်လေသည်။

‘ဆရာရယ် ကျွန်မသားကို နည်းနည်းပါးပါး ကြည့်ပြောပါဦး။ အဖျားတွေသည်လောက်ကြီးနေပါတယ်ဆိုမှ ထမင်းတွေလည်း စားလိုစား၊ ရေတွေလည်းချိုးလိုချိုး၊ အနွေးထည်တွေဘာတွေလည်း မဝတ်။ တကယ်တည်းမှပဲ ကျွန်မဖြင့် ပြောလို့ကို မနိုင်ဘူူး’

ဖြစ်ပုံကတော့ ယခင့် ယခင်ကလို အမေနှင့်သား အငြင်းအခုံများခြင်းပင်။ လူနာဖြစ်သူက သား။ အသက် ၁၆၊ ၁၇ ခန့်။ လူပျိုအရွယ်တောင်ရောက်နေပြီ ဖြစ်သော်လည်း အမေဖြစ်သူကတော့ ကလေးလိုပင် လိုက်လံစီမံကွပ်ကဲ နေချင်တုန်း။။ ယခု မောင်ဒေါက်တာ့ကို ရှေ့မှာထားပြီး နှစ်ယောက်သား ဖျားမလား၊ စားမလား အစီအစဉ်ဖြင့် ငြင်းခုံနေကြခြင်းဖြစ်လေသည်။

‘ဟာ အမေကလည်း ဆရာကိုယ်တိုင် ကျွန်တော့်ကို ဟိုတစ်ခေါက်ပြောထားတယ်။ ဖျားနေတုန်း ထမင်းစားလို့ရတယ်၊ ရေချိုးလို့လည်းရတယ်၊ အနွေးထည်အထူကြီး တွေဝတ်ထားရင်လည်း ပိုအဖျားတက်တယ်တဲ့ဗျ ဟုတ်တယ်နော် ဆရာ’

‘ဟင် ဟုတ်သလားဆရာ’

နှစ်ယောက်သား မောင်ဒေါက်တာ့ကို ဒိုင်လူကြီးသဖွယ်ထားကာ အဆုံးအဖြတ်တောင်းနေလေတော့….

‘ကဲ ကဲ ဟုတ်ပါပြီ။ ကျွန်တော်နည်းနည်း ရှင်းပြပါရစေ။ တကယ်တော့ အန်တီပြောတာလည်း မမှားဘူး။ အဲ… ဒီညီလေးပြောတာလည်း မှန်တယ်။ ဒါပေမယ့် ပြဿနာက နှစ်ယောက်စလုံးပြောတာ မပြည့်စုံဘူး ဖြစ်နေတာ။ ဟုတ်ပြီ ကျွန်တော် သေချာရှင်းပြပါ့မယ်။ ပြီးမှ ဘာဆက်လုပ်သင့်လဲ အန်တီတို့ စဉ်းစားကြည့်ပေါ့’

အန်တီတို့စဉ်းစားရမည်ဟု တာဝန်ဝတ္တရားကို သူတို့ထံလွှဲပေးလိုက်တော့မှ နှစ်ယောက်စလုံး ငြိမ်ကျသွားပြီး ခေါင်းတွေဘာတွေကုတ်ကုန်ကြသည်။ မဟုတ်လျှင် အရာအားလုံး မောင်ဒေါက်တာ့တာဝန်ဆိုပြီး သူတို့အငြင်းအခုံမှာ ခုံသမာဓိလူကြီး အတင်းလုပ်ခိုင်းနေကြဦးမည်။

‘ကဲ…ဖျားနေတဲ့ အချိန် ထမင်းစားလို့ရလား၊ စားလိုက်ရင် အဖျားတက်လာတတ်တယ် ဆိုတာ မှန်သလား။ အဲသည်မေးခွန်းတွေကို ကျွန်တော် အရင် ဖြေရှင်းပါ့မယ်။ ဟို ဖျားနေတုန်း ရေချိုးလို့ရလားတို့၊ အနွေးထည် အထူတွေက မဝတ်မဖြစ် ဝတ်ရမှာလား ဆိုတာတို့ကတော့ ကျွန်တော် အရင့်အရင်အခေါက်တွေတုန်းက ပြောပြီးသွားပြီမို့ ပြန်ထပ်မပြောတော့ပါဘူး (ပြန်ရှာပြီးဖတ်ကြည့်ကြပါ)။

အခုက အဖျားတက်နေတဲ့အချိန်မှာ ထမင်းတွေမစားရဘူးလို့ အန်တီက ပြောတယ်နော်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီအယူအဆကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတယ်နော်။ အမှန်က ဒါလည်း သူ့ဟာသူတော့ မှန်တယ်ဗျ။ ဟို ဘယ်ဆေးပညာလမ်းညွှန်ချက်မှာမှတော့ အဲသည်လို ဖျားလျှင်ထမင်းမစားရလို့တော့ တားမြစ်ချက် ထုတ်မထားဘူးပေါ့ဗျာ။

လက်တွေ့အနေနဲ့ ပြောရရင် ဖျားနေတဲ့အချိန်မှာက တကယ်တော့ ထမင်းမှ မဟုတ်ဘူး၊ ရင်ပြည့်စေတဲ့ ဘယ်အစာကိုမှ စားလို့အဆင်မပြေတာဗျ။ ဆိုကြပါစို့ ပေါင်မုန့်တို့၊ အကင်တို့၊ အသုတ်တို့၊ ထောပတ်ထမင်း၊ ဒန်ပေါက် စတာတွေပေါ့ဗျာ။

ဘာဖြစ်လို့မရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖျားပြီဆိုတာနဲ့ လူကနုံးခွေပြီး ပါးစပ်ကပျက်လာပြီလေ။ ပါးစပ်ပျက်တယ်ဆိုတာရဲ့အကြောင်းအရင်းက လူရဲ့အစာခြေလမ်းကြောင်းကိုယ်နှိုက်က အလုပ်သိပ်မလုပ်နိုင်တာကို ဖော်ပြတာပဲ။ ခြေတွေလက်တွေတောင်မှ ဖျားလို့နုံးပြီး မလှုပ်ချင်မသယ်ချင် ဖြစ်နေတာ။ အစာအိမ်တို့ အူတို့ဆိုတာလည်း အဲသဘောပဲပေါ့။

မလှုပ်ချင် မရှားချင်ဖြစ်ပြီး အစာကို လက်မခံချင်ကြတော့တာပဲဗျ။ အဲသည်တော့ ကဲ အန်တီတို့ပဲ ပြောကြည့်။ သည်လို အစာလက်မခံချင်ရှာတဲ့ အစာလမ်းကြောင်းထဲကို အစာတွေ အတင်းထည့်လိုက်ရင် ဘာဖြစ်သွားမလဲ’

‘အန်ထွက်ကုန်မယ် ထင်တယ် ဟုတ်သလား ဆရာ’

‘မှန်တာပေါ့ အန်တီ။ တော်တော်များများက ဖျားပြီးအန်တယ်ဆိုတာ အဲသည်လိုမျိုးဖြစ်တာဗျ။ အနည်းဆုံးတော့ စားပြီးရင် အစာမကြေဘဲ မအန်ရင်တောင်မှ ကိုယ်လက်မအီမသာတွေ ပိုဖြစ်လာတတ်တယ်ဗျ။ ဆိုတော့ အန်တီပြောတဲ့ ဖျားနေရင် ထမင်းမစားရဘူးဆိုတာ ဒါမျိုးတွေကြောင့်သာ ဖြစ်လာတာပါ’

‘အဲဒါဆို ကျွန်တော်ပြောတာကကော ဆရာ။ ဘယ်လို့ မှန်တယ်ဆိုပြီးဖြစ်နေရတာတုန်း’
သားဖြစ်သူကလည်း သူ့အဆိုကို ထောက်ခံမည်ဟု ပြောထားဖူးသဖြင့် မောင်ဒေါက်တာ့ကို ပြန်လှန်မေးခွန်းထုတ်လေသည်။

‘ဒီလိုပါ ညီလေးပြောတာကကလည်း မှန်တာပေါ့။ ဆရာကိုယ်တိုင် ညီလေးကို ရှင်းပြထားတာပဲလေ။ နည်းနည်းလိုတစ်ခုက ဆိုကြပါစို့ ဖျားနေတုန်း ထမင်းစားသာစား ဘာမှမဖြစ်ဘူးလို့တော့ပြောလို့မရဘူးလေ။ ဖျားနေတဲ့အချိန်က ခန္ဓာကိုယ်က အင်အားနည်းနေတာ။ အားရှိအောင် အစားစားဖို့တော့ လိုတယ်။ ဒါပေမယ့် ဆရာပြောခဲ့တယ်လေ အစာကြေလွယ်တဲ့ အစာ..အစာပျော့ပျော့စားတာ ပိုကောင်းပါတယ်လို့။ ဒါမှ အစာလည်းကြေနိုင်မယ်၊ အဟာရလည်း ရမယ်။ အဖျားလည်း မြန်မြန်ပျောက်မှာပေါ့ ငါ့ညီရ’

‘ကဲ တွေ့လား ဆရာပြောတာ သေချာနားမထောင်ဘဲနဲ့ အစာမကြေတဲ့ ထမင်းတွေလျှောက်စား။ အစာမကြေဖြစ် ပိုဆိုးကုန်လိမ့်မယ်။ အမေပြောသလို ဆန်ပြုတ်လေးပဲ သောက်.ဟုတ်ပြီလား။ ဆရာ သောက်လို့ရတယ်မဟုတ်လား ဆရာ’

အမေဖြစ်သူက သူ့ဘက်ကအလေးသာ သွားသည်ဟု ခံယူပြီး ဆက်တိုက်လွှတ်နေလေသည်။

‘အင်း ဟုတ်ပါတယ် အန်တီ။ ဆန်ပြုတ်တို့၊ ခေါက်ဆွဲပြုတ်တို့ လိုမျိုးအရေပူပူနဲ့ အစာကြေလွယ်တဲ့ အစားအစာမျိုးက သင့်တော်ပါတယ်။ အသားတို့၊ ကြက်ဥတို့နဲ့ ရောပြီးပြုတ်ရင် ပိုပြီးအဟာရ ဖြစ်ပါတယ်’

‘ကော်ဖီရော သောက်လို့ရမလား ဆရာ’ သားဖြစ်သူကလည်း အထွန့်တက်နေသေးသည်။

‘အဲဒါကတော့ ယေဘုယျအားဖြင့် ကော်ဖီတို့၊ နို့တို့ကလည်း အစာအိမ်လှုပ်ရှားမှုကို များစေတဲ့အတွက် ဖျားနာနေတဲ့အချိန်မှာတော့ မသောက်သင့်ဘူးလို့ သတ်မှတ်ထားတာတွေ ရှိတယ်ကွ။ ဆိုတော့မသောက်တာ ပိုကောင်းပါတယ်ကွာ’

‘ဟင်း အဲဒါဆိုရင်တော့ နေမြန်မြန်ကောင်းအောင် လုပ်မှာပဲ။ တစ်ချိန်လုံး ဆန်ပြုတ်ကြီးပဲသောက်နေရရင် မနိပ်ဘူး’

‘စိတ်မညစ်ပါနဲ့ကွာ အခု ပြန်ရောက်ရင် ဆေးသေချာသောက်ပြီး သက်သာသွားအောင် လုပ်လိုက်။ မနက်ဖြန်လောက်ဆို ထမင်းကို အများကြီးမဟုတ်ဘဲ နည်းနည်းကနေ ပြန်စားကြည့်ပါ။ ခံတွင်းလိုက်လာပြီဆိုရင် အစာကြေလောက်ပါပြီ။ အဲသည်လောက်ဆို အိုကေ ပါပြီကွာ’

‘ဟာ ဟုတ်လားဆရာ။ ကဲ အမေကြားတယ်နော် မနက်ဖြန်ဆိုရင်တော့ ထမင်းပြန်ကျွေးရမယ်နော်’

‘အေး အေး နေကောင်းအောင်သာ မြန်မြန်လုပ်၊ တော်ကြာ စာမေးပွဲနဲ့နီးလာဦးမယ်။ အဖျားကျရင် ကြိုက်တာစား ဟုတ်ပြီနော်’

မောင်ဒေါက်တာလည်း နှစ်ဦးနှစ်ဖက်ပြေလည်သွားပြီဖြစ်သောသားအမိနှစ်ယောက် သူ့ဆေးခန်းကနေ ကျေနပ်စွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း အဖျားရောဂါနှင့်စားသောက်ခြင်းဆိုင်ရာ ဆွေးနွေးခန်းကို သည်မျှနှင့် နိဂုံးချုပ်လိုက်ရလေတော့သည်။

ဒေါက်တာထွန်းလင်း

Ref; https://www.livestrong.com/article/194306-the-best-foods-to-eat-if-you-have-a-fever/

ဆက်စပ် ဆောင်းပါးများ