သံချွန်ပေါ်တက်နင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့အခါ

သံချွန်ပေါ်တက်နင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့အခါ

သံချွန်ပေါ်တက်နင်းမိပြီး သံစူးတာဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များတဲ့ထိခိုက်ဒဏ်ရာရမှု အမျိုးအစားတခု ဖြစ်ပါတယ်။

အမှိုက်တွေကို ခွဲခြားစွန့်ပစ်မှု အားနည်းတာရယ်၊ စည်းကမ်းမရှိတာရယ်တွေကြောင့် သံချွန်တွေဟာ လမ်းပေါ်မှာ သို့မဟုတ် အမှိုက်တွေထဲမှာ ရှိနေတတ်ကြပါတယ်။

ဒီအခါမှာ လူအတော်များများအနေနဲ့ လမ်းသွားရင်းနဲ့ဖြစ်ဖြစ် ပြေးလွှားရင်းနဲ့ဖြစ်ဖြစ် မတော်တဆ သံချွန်ပေါ်တက်နင်းမိပြီး သံစူးခြင်းကို ကြုံရလေ့ရှိတတ်ပါတယ်။

သံချွန်ပေါ်တက်နင်းမိပြီး သံစူးတာဟာ အတော်နာကျင်ပါတယ်။ ဖိနပ်မပါဘဲ တက်နင်းမိတဲ့အခါကျ ပိုဆိုးပါတယ်။

ဒါကြောင့် ဒီတပတ်မှာ သံချွန်ပေါ်တက်နင်းမိပြီး သံစူးတဲ့အခါ ဘယ်လိုတွေလုပ်ရမလဲဆိုတာကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။

သံစူးတဲ့အခါ သံစူးတဲ့ဒဏ်ရာကို မကိုင်တွယ်မှီ အရင်ဆုံးလက်ကို ဆပ်ပြာနဲ့ရေနဲ့ သေချာပြောင်အောင် ဆေးကြောပါ။

ပြီးရင်လက်ကို အဝတ်သန့်နဲ့ ခြောက်အောင် သုတ်ပါ။

ထို့နောက် သံစူးတဲ့ဒဏ်ရာကနေ သွေးထွက်မထွက်ကြည့်ပါ။ ဒဏ်ရာက အပေါ်ယံလောက်တင်ဆိုပါက သွေးမထွက်တာ သို့မဟုတ် နည်းနည်းလောက်ပဲ ထွက်တာဖြစ်ပြီး ဒဏ်ရာနက်ရင် သွေးထွက်များနိုင်ပါတယ်။

သွေးထွက်နေပါက သွေးတိတ်ဖို့အတွက် သန့်ရှင်းတဲ့ဂွမ်းစ၊ ပတ်တီဖြတ်စ၊ အဝတ်စ တခုခုကို သုံးကာ သွေးထွက်နေတဲ့ နေရာပေါ်အုပ်ပြီး အသာအယာဖိထားပါ။ မိနစ်အနည်းငယ်ကြာအောင် ဖိထားပေးပါ။

သွေးတိတ်သွားတယ်ဆိုရင် ဒဏ်ရာကို ရေ၊ ဆပ်ပြာတို့ဖြင့် ၅ မိနစ်ကနေ ၁၀ မိနစ်ခန့်သေချာဆေးကြောပါ။

ဒီလိုဆေးကြောတာဟာ ဒဏ်ရာမှာကပ်နေတဲ့ ဖုန်၊ အမှုန်၊ အညစ်အကြေးတွေ သံစ၊ အမှိုက်စ စတာတွေကို ဖယ်ရှားဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

ဆေးကြောပြီးတဲ့နောက်မှာ ဒဏ်ရာထဲမှာ သံစ၊ အမှိုက်စ တခုခုကျန်မကျန်သေချာကြည့်ပါ။

မကျန်ဘူးဆိုရင် ဒဏ်ရာပေါ်ကို Neomycin ပါတဲ့ ပိုးသတ်ဆေးလိမ်းဆေးခရင်မ် တမျိုးမျိုး (ဥပမာ Bioplaceton, nebanol) ကို ခပ်ပါးပါးလေး လိမ်းပေးပါ။

ပြီးရင် ဒဏ်ရာကို ဖုန်၊ အမှုန်တွေ မဝင်စေဖို့အတွက် ပတ်တီးလေးစီးပြီး ဖုံးအုပ်ထားပေးပါ။

ပတ်တီးကို တနေ့တကြိမ်လောက် လဲပေးဖို့ လိုပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသဖို့လိုမလဲ။

သံစူးခြင်းဖြစ်တဲ့အခါ တချို့ဒဏ်ရာအနေအထားအခြေအနေတွေက အိမ်မှာပဲ ကုလို့ရပေမယ့် တချို့ဒဏ်ရာ အနေအထား အခြေအနေတွေကတော့ ဆေးခန်းပြဖို့ မေးခိုင်ကာကွယ်ဆေးထိုးတာ ပိုးသေဆေးတွေ သောက်တာတွေလုပ် ဖို့လိုပါတယ်။

အများစုအနေနဲ့ကတော့ ဒဏ်ရာမနက်ဘူး သွေးနည်းနည်းလောက်ပဲ ထွက်တယ်ဆိုရင် ပေ့ါပေါ့လေးပဲသဘောထားပြီး ဆေးခန်းပြလေ့မရှိပါဘူး။

ဒါဟာမှားပါတယ်။ ဒဏ်ရာမနက် သွေးနည်းနည်းပဲထွက်ပေမယ့် သို့မဟုတ် သွေးလုံးဝမထွက်ပေမယ့်လည်း ဆေးခန်းပြပြီး မေးခိုင်ကာကွယ်ဆေးထိုးတာ၊ ပိုးသေဆေးတွေ သောက်တာတွေ လုပ်ဖို့လိုတဲ့ အခြေအနေတွေ ရှိပါတယ်။

ဒဏ်ရာမနက်ဘူးဆိုပြီး ပေါ့ပေါ့နေမိလို့ သံစူးရာကနေ မေးခိုင်ပိုးအပါအဝင် တခြားဘက်တီးရီးယားပိုးတွေဝင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားတဲ့သူတွေ အများကြီးပါ။

ဒါကြောင့် သံစူးတဲ့အခါ

– ဒဏ်ရာမနက်၊ သွေးမထွက်ပေမယ့်လည်း စူးတဲ့သံက သံချေးတက်နေတဲ့ သံဖြစ်ရင်

– သံစူးခြင်းဖြစ်တဲ့ နေရာက ဖုန်၊ အညစ်အကြေးတွေများတဲ့နေရာမှာ ဖြစ်ရင်

– ဒဏ်ရာက နက်တဲ့အတွက် ဖိထားသော်လည်း သွေးမတိတ်ရင်

– ရေနဲ့ ဆပ်ပြာနဲ့ ဆေးပြီးနောက် ဒဏ်ရာထဲမှာ သံစ၊ အမှိုက်စတခုခု ကျန်နေရင်

– ပိုးသတ်ဆေးလိမ်းဆေးခရင်မ် လိမ်းသော်လည်း အနာကတော်တော်နဲ့ မကျက်ရင်၊ နီရဲရောင်ရမ်းတာ ပိုဆိုးလာရင်၊ ဖျားလာရင် စသဖြင့်

အခုဖော်ပြပါ အချက်တွေထဲက တခုခုရှိရင် ဆေးခန်းပြသကြပါလို့ တိုက်တွန်း အကြံပြုလိုက်ရပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ