သင့်ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်းများလာပြီဆိုရင် ဘာတွေဖြစ်လာနိုင်သလဲ

သင့်ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်းများလာပြီဆိုရင် ဘာတွေဖြစ်လာနိုင်သလဲ

လူတိုင်းလူတိုင်းရဲ့ လည်ပင်းရှေ့တည့်တည့် အောက်ခြေနား နေရာလောက်မှာ လည်ပင်းအကျိတ်တခုရှိပါတယ်။

အဲ့ဒါကိုဆေးပညာအရ Thyroid gland (သိုင်းရွိုက်ဂလန်း) လို့ခေါ်ပါတယ်။

သိုင်းရွိုက်ဂလန်းဟာ လိပ်ပြာပုံစံရှိပြီး သူ့ဆီကနေ သိုင်းရွိုက်ဟော်မုန်း(Thyroid hormones) တွေကိုထုတ်ပေးပါတယ်။

သိုင်းရွိုက်ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်ဖြစ်ပျက်ဖို့အတွက် အလွန်အရေးပါတဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။

အကြောင်းကြောင်းကြောင့် သိုင်းရွိုက်ဟော်မုန်းတွေ များလာတဲ့အခါ သို့မဟုတ် နည်းလာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ ပုံမှန်မဟုတ်ဘဲ နှေးတာ မြန်တာတွေဖြစ်လာပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

ဒီတပတ်မှာတော့ သိုင်းရွိုက်ဟော်မုန်းများခြင်းအကြောင်း ရေးသားတင်ပြချင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများတာကို ဆေးပညာအရ Thyrotoxicosis သို့မဟုတ် Hyperthyroidism လို့ခေါ်ပါတယ်။

မြန်မာလိုတော့ လည်ပင်းအဆိပ်ရောဂါလို့ အရပ်ခေါ်အနေနဲ့ခေါ်ကြပါတယ်။

သိုင်းရွိုက်ဟော်မုန်း များလာစေတဲ့ အကြောင်းတွေအနေနဲ့ကတော့

– ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ရောဂါဖြစ်သော Grave’s disease ဖြစ်တာ

– Toxic Multinodular goiter ရောဂါဖြစ်တာ

– Toxic adenoma လို့ခေါ်တဲ့ရောဂါဖြစ်တာ

– ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးဝင်တာ၊ တချို့ဆေးတွေ သောက်နေရတာ၊ စိတ်ဖိစီးစရာများတာ စတဲ့အကြောင်းတွေကြောင့် သိုင်းရွိုက်ဂလင်းရောင်တာ စသဖြင့် သိုင်းရွိုက်ဟော်မုန်းများစေတဲ့အကြောင်းတွေ အများကြီးရှိပါတယ်။

ဒီလိုအကြောင်းတွေ အများကြီးရှိတဲ့အနက် သိုင်းရွက်ဟော်မုန်းများခြင်း ရောဂါခံစားရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ Grave’s disease ကြောင့် ဖြစ်တာပါ။

သိုင်းရွိုက်ဟော်မုန်းများခြင်း(Thyrotoxicosis) ဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၉ ဆလောက်ပိုပြီး အဖြစ်များပါတယ်။

အသက် ၃၀ မှ ၄၀ ကြားအရွယ်တွင်အဖြစ်များပြီး အသက် ၅၀ နောက်ပိုင်းဖြစ်တာ ရှားပါတယ်။

သိုင်းရွက်ဟော်မုန်းများခြင်းဖြစ်တဲ့အခါ

– အစားတွေ အရမ်းစားနိုင်လာတာ

– အရမ်းစားပေမယ့် ဝမလာဘဲ ပိန်ကျလာတာ

– အပူဒဏ်ကို မခံစားနိုင်ပဲ အနည်းငယ်ပူတာနဲ့ ချွေးတွေ အရမ်းထွက်တာ

– နေမကောင်းဖြစ်တာမဟုတ်ဘဲ အသားအရေတွေက ပူနေတာ

– စိတ်ဂဏှာမငြိမ်တာ

– ရင်တုန်တာ၊ ခြေလက်တွေ တုန်တာ

– ဝမ်းသွားတဲ့ အကြိမ်အရေများတာ

– လိင်စိတ်ကျဆင်းတာ

– သားသမီးရဖို့ခက်တာ

– အမျိုးသမီးတွေဆိုရင် ရာသီသွေးဆင်းတာနည်းတာ၊ ရာသီထိန်တာ မျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါတွေအပြင် Grave’s disease ကြောင့်ဖြစ်တဲ့ သိုင်းရွိုက်ဟော်မုန်းများခြင်း မှာဆိုရင် မျက်လုံးနီရဲရောင်ရမ်းတာ၊ အမြင်ဝေဝါးတာ၊ မျက်လုံးပြူးထွက်လာတာ၊ မျက်ခွံပိတ်မရတာ၊ ခြေသလုံးမှာ အရေပြားထူအမ်းလာတာ စသဖြင့်ပါ ဖြစ်နိုင်ပါတယ်။

အထက်ပါအတိုင်းလက္ခဏာတွေ ခံစားရပြီဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းပြသပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါမယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးတွင်း သိုင်းရွက်ဟော်မုန်းပမာဏာကို စစ်ကြည့်တာ၊ လည်ပင်းကို အာထရာဆောင်းရိုက်ကြည့်တာ စသဖြင့်ပါ။

လိုအပ်ရင် စီတီရိုက်တာ (CT scan)၊ သံလိုက်ဓါတ်မှန်ရိုက်တာ (MRI scan) တွေပါ လုပ်ရနိုင်ပါတယ်။

ဒီလိုတွေစစ်ကြည့်လို့ သိုင်းရွိုက်ဟော်မုန်းများနေတယ်ဆိုပါက အချိန်မဆွဲဘဲ ကုသမှုခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ မကုသဘဲအချိန်ဆွဲတာကြာလာရင် သိုင်းရွိုက်မုန်တိုင်း (thyroid crisis) လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်းမတရား မတရားများလာတဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။

အဲ့အခါကျ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ သွေးပေါင်ချိန်တွေဟာ အမြင့်ဆုံးအခြေအနေတွေထိရောက်ပြီး ချက်ချင်းရုတ်တရက် အသက်သေဆုံးတတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်း(Thyrotoxicosis) ကို ကုသရာမှာ များနေတဲ့ သိုင်းရွိုက်ဟော်မုန်းကို လျော့အောင်လုပ်ရတာအပြင် လတ်တလောခံစားရတဲ့ဝေဒနာတွေကို သက်သာအောင်လည်း ဆေးပေးရပါတယ်။ (ဥပမာ – ခြေတုန်လက်တုန်တာ ရင်တုန်တာသက်သာအောင် Beta blockers သို့မဟုတ် Calcium Channel Blockers ဆေးတွေပေးတာပါ)

သိုင်းရွိုက်ဟော်မုန်းကို လျော့အောင်လုပ်တဲ့ ကုသမှုတွေအနေနဲ့ကတော့ လူနာအခြေအနေ၊အသက်အရွယ်နဲ့ ရောဂါအခြေအနေစတာ တွေပေါ်မူတည်ပြီး

– Carbimazole, propylthiouracil စတဲ့ သိုင်းရွိုက်ဟော်မုန်းလျော့စေတဲ့ ဆေးတွေပေးပြီး ကုသတာ

– Radioactive iodine သောက်ခိုင်းပြီး သိုင်းရွိုက်ဟော်မုန်းအထုတ်များနေတဲ့ သိုင်းရွိုက်ဂလင်းကို ပျက်စီးအောင်လုပ်တာ

– Surgery ခေါ် ခွဲစိတ်မှုလုပ်ပြီး သိုင်းရွိုက်ဟော်မုန်းအထုတ်များနေတဲ့ သိုင်းရွိုက်ဂလင်းတခုလုံးနီးပါး သို့မဟုတ် တစိတ်တပိုင်းကို ထုတ်ပစ်တာ ဆိုတဲ့ ကုသမှု ၃ နည်းထဲက သင့်တော်တာတခုခု လုပ်ရနိုင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ