အပူလောင်ဒဏ်ရာကို သွားတိုက်ဆေးလိမ်းမိရင်

အပူလောင်ဒဏ်ရာကို သွားတိုက်ဆေးလိမ်းမိရင်

ဆေးခန်းအပေါက်ဝမှာ ကလေးငိုသံနှင့် လူကြီးအော်သံတွေ ဆူညံစွာကြားလိုက်ရကတည်းက ကလေးလူနာတစ်ယောက်တော့ အသည်းအသန်ဖြစ်ပြီးရောက်လာပြီဟု မောင်ဒေါက်တာသိလိုက်သည်။

‘ လုပ်ပါဦး ဆရာရယ်..ကျွန်မ သားလေးလေ၊ သားလေးကို လုပ်ပါဦး’

‘ ဟုတ်ပါပြီ အစ်မ စိတ်အေးအေးထားပါ။ ကျွန်တော်လိုအပ်တာ လုပ်ပေးပါ့မယ် ဘာဖြစ်လဲဆိုတာလည်း ပြောပြပါဦး’

အမေဖြစ်သူကို စိတ်ငြိမ်အောင် အရင်အားပေးရင်း ကလေးကို မောင်ဒေါက်တာ တစ်ချက်ကြည့်လိုက်သည်။ ကလေးက အသက် ခြောက်နှစ်၊ ခုနှစ်ခန့် ရှိမည်ထင်သည်။ ခြေတွေလက်တွေအားလုံးကို တွန့်လိမ်ရင်း အော်ဟစ်ငိုကြွေးနေသည်။ ခြေဖမိုး နှစ်ဘက်စလုံးမှာကလည်း ရေကြည်ဖုတွေနှင့် ပြည့်နေပြီး နီရဲနေသည်။ ခြေထောက်ကို တစ်ခုခုနှင့် အပူလောင်သွားခြင်းဖြစ်သည်မှာ သံသယဖြစ်စရာမလို။

‘ကျွန်မလေ အိမ်ရှေ့မှာ အိမ်ရှေ့မှာ စကားပြောနေတုန်းပါဆရာရယ်၊ နောက်ဖေးမှာ ရေနွေးအိုးတည်ထားမိတာလေ။ သည်ကလေးဟာလေ ဆော့နေရင်းနဲ့ သွားကိုင်လိုက်တော့ မှောက်သွားတာ ထင်တယ်ဆရာ။ ကျွန်မလည်း အော်ငိုသံကြားမှ သိတာ။ အခုတော့ လုပ်ပါဦး ဆရာရယ်’

‘ဟုတ်ပြီ အခု ချက်ချင်း ဖြစ်တာလား’

‘ဟုတ်ပါတယ် ဆရာရယ်၊ ဖြစ်ရင်ဖြစ်ချင်းပဲ ဆရာ့ဆီ ပြေးလာတာပါ’

မောင်ဒေါက်တာလည်း ကလေးငိုယို အော်ဟစ်နေသည့်ကြားမှာ ချက်ချင်းပင် အမြန်စမ်းသပ်လိုက်သည်။ ကလေးက သွေးခုန်နှုန်းကောင်းသည်။ သွေးပေါင်ကျနေသည့် လက္ခဏာမရှိ။ အပူလောင်သည့်နေရာတွေကတော့ ဆေးအဖြူတွေလိမ်းထားသည် ထင်သည်။ ခြေထောက်နှစ်ချောင်းစလုံး ဖြူဖွေးလျက်။

‘အစ်မတို့ ဒါဘာတွေလိမ်းထားတာလဲ’

‘ဟိုဟာလေ သွားတိုက်ဆေးတွေပါ ဆရာ။ အပူလောင်ရင် လိမ်းရတယ် ဆိုလို့’

‘ဒုက္ခော။ အဲဒါ အစ်မတို့ကို ဘယ်သူပြောလဲ’

‘မသိပါဘူး ဆရာရယ် ကျွန်မတို့လည်း ကြားဖူနား၀ ရှိတာကိုပဲ…’

ထိုစဉ် အနောက်မှာ ဝိုင်းလိုက်လာသော လူအုပ်ထဲမှာ တစ်ယောက်က ဝင်ပြောသည်။

‘ကျွန်မလည်း ပြောပါသေးတယ် ဆရာရယ်။ အုန်းဆီဖြစ်ဖြစ် လိမ်းပေးပါ ဆိုတာကို။ သူက နားမထောင်ဘူး’

မောင်ဒေါက်တာလည်း သက်ပြင်းသာချလိုက်ပြီး…

‘အင်း နားမထောင်တာတောင် ခပ်ကောင်းကောင်းပဲ အစ်မရဲ့။ အပူလောင်ပါတယ်ဆိုမှ ဆီတွေသွားလိမ်းရင် ဘယ်နှယ့်လုပ် အပူလျော့မှာလည်း ပိုပြီးတော့တောင် အပူတွေအောင်းပြီး ခံနေရဦးမယ်။ ကဲ ကျန်တဲ့လူတွေလည်း အပေါက်ဝမှာ အုံခဲမနေဘဲ ခဏလောက် ဖယ်ပေးကြပါ။ လူနာကုဖို့အတွက် အကူအညီ မဖြစ်ပါဘူး။ ကဲ အစ်မကတော့..လောလောဆယ် ကလေးခြေထောက်ကို ရေများများနဲ့ သေသေချာချာ သွားဆေးလိုက်ပါ။ ဟောဟို ဆေးခန်းအရှေ့နားမှာ ရေဘုံဘိုင်ရှိတယ်။ မြန်မြန်နဲ့များများသာ သွားဆေးချလိုက်ပါ အစ်မ။ အဲသည်တော့မှ သူသက်သာမှာ’

ကလေးအမေလည်း ‘ဟုတ်ကဲ့ ဟုတ်ကဲ့’ ဆိုပြီး ကလေးကိုချီကာ ဘုံဘိုင်ဆီသို့ တုန်တုန်ယင်ယင်ပြေးသွားလေသည်။ မောင်ဒေါက်တာလည်း ထိုအခါမှ အနာကို ဆေးထည့်ရန် မြန်မြန်ပြင်ဆင်ပြီး ခြေထောက်ရေဆေးနေသည်ကိုလည်း လိုက်သွားကြည့်ရသည်။

‘ရေခဲရေနှင့် ဆေးရင် ကောင်းမယ် ထင်တယ်။ မြန်မြန် အပူလျော့အောင်’

‘တစ်အားလည်း မဆေးနဲ့ဦးဟဲ့။ ရေကြည်ဖုကြီးတွေ ပေါက်ထွက်သွားဦးမယ်’

ထုံးစံအတိုင်းပင် ဘေးနားကလူအုပ်က ရေဆေးပေးနေသော ကလေးအမေကို တစ်ယောက်တစ်ပေါက် ဝိုင်းဝန်း အကြံဉာဏ်ပေးနေကြပြန်လေသည်။ မောင်ဒေါက်တာလည်း ခေါင်းသာတွင်ခါခါပြီး သူတို့အသံကို လွှမ်းအောင် အမေဖြစ်သူကို လှမ်းပြောရသည်။

‘အစ်မ…ဆေးသာဆေး အစ်မ၊ ဘာမှ မဖြစ်ဘူး။ အပူလောင်ရင်လောင်ချင်း လုပ်ဖို့အလိုအပ်ဆုံးက အခုလို ရေသာများများလောင်းချပြီး ဆေးဖို့ပဲ။ ဘာမှ မကြောက်နဲ့။ ဒါပေမယ့် အေးချင်ဇောများပြီး ခုနက အစ်ကိုတစ်ယောက်ပြောသလို ရေခဲရေတော့ မသုံးလိုက်နဲ့။ တအားအေးလွန်းရင် အဲသည်အပူလောင်ထားတဲ့နေရာက အာရုံကြောအမျှင်လေးတွေကို ပြန်ပျက်စီးစေနိုင်တယ်။ ရိုးရိုးရေနဲ့သာ များများဆေး။ ကဲ ပြီးရင် ဆေးခန်းထဲပြန်လာ…ဆေးထည့်ပေးမယ်’

မောင်ဒေါက်တာလည်း ကလေးငယ် ဆေးခန်းထဲပြန်ရောက်လာသောအခါ ခြေထောက်ကို ပိုးသတ်သန့်ရှင်းရေးလုပ်ကာ ဆေးသေချာထည့်၊ ပတ်တီးစည်းပေးရင်း အမေဖြစ်သူကို ရှင်းပြရသည်။

‘ကလေးက ကံကောင်းတယ် အစ်မ။ အပူလောင်တဲ့နေရာက အရမ်းမများသွားဘူးဆိုရမယ်။ တကယ်တော့ ကလေးတွေရဲ့ ခန္ဓာကိုယ်က သေးတော့ အပူလောင်ရင် နေရာတော်တော်များများကို လောင်သွားတတ်တယ်။ နေရာများရင်များသလို ကျွန်တော်က ဆေးရုံလွှဲပေးရတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါမျိုးသာဖြစ်ရင် ကလေးရဲ့ခန္ဓာကိုယ်ထဲက ရေဓါတ်တွေပါ ဆုံးရှုံးသွားနိုင်လို့ပါ။ ဆေးသွင်းတာတို့၊ ပုလင်းချိတ်တာတို့ လိုကောင်းလိုနိုင်တယ်ပေါ့လေ။ အခုကတော့ ဒူးအောက်ဘက်က ခြေဖျားပိုင်းပဲ လောင်သွားတာလည်း ဖြစ်တယ်။နောက်ပြီး ဆီး၊ဝမ်းသွားရတဲ့နေရာလည်း လွတ်တယ်။ ဆိုတော့ အဲသည်လောက် ဆိုးဝါးတဲ့ အဆင့်လောက်ထိ မရောက်ဘူးလို့ ကျွန်တော်ယူဆလို့ မလွှဲတော့ဘဲ ဆေးပဲထည့်ပေးလိုက်မယ်နော်’

မောင်ဒေါက်တာက အားပေါင်အားရင်သန်သန်ရှင်းပြသလောက် ကလေးအမေက ကြောင်တောင်တောင်ပြန်ကြည့်ပြီး ခေါင်းတော့ညိတ်ပြရှာသည်။

‘အစ်မ ကျွန်တော် ပြောပြတာ နားလည်ရဲ့လား။ အခုကလေးကတော့ မစိုးရိမ်ရတော့ပါဘူး။ ဒါပေမယ့် အနာသက်သာအောင်နဲ့ ပိုးမဝင်အောင်တော့ ဂရုစိုက်ရမယ်။ သောက်ဆေးတွေ သေချာဝင်အောင်တိုက်နော်။ အခု အနာကျက်သွားရင်လည်း မပေါ့နဲ့ အမာရွတ်တွေဖြစ်လာတတ်တယ်။ အဲသည်အခါကျရင်လည်း ခြေထောက်တွေပါ အကွေးအဆန့် ခက်ခဲလာတတ်တယ်။ အဲသည်တော့ အခုကတည်းက ခြေထောက်နှစ်ဘက်ကို တတ်နိုင်သမျှ ဆန့်ဆန့်ထား၊ မကွေးစေနဲ့။ အမာရွတ်ဖြစ်လာတာနဲ့လည်း ခြေထောက်ကိုဆန့်တဲ့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးရလိမ့်မယ် သိလား’

အမေဖြစ်သူက ငိုလို့ကောင်းနေဆဲဖြစ်သော ကလေးငယ်ကို ချော့ရင်း ခေါင်းတွေသာ ဆက်တိုက်ညိတ်ပြနေသည်။ မောင်ဒေါက်တာ့ကို ကြည့်ပင်မကြည့်။

‘ကဲ အစ်မ ကျွန်တော့်ကို တစ်ချက်ကြည့်ပါဦး။ နောက်ဆိုရင် ဘာအပူပဲလောင်လောင်၊ မီးအပူပဲ ဖြစ်ဖြစ်၊ ရေနွေးပူပဲ ဖြစ်ဖြစ်၊ ဆီပူပဲ ဖြစ်ဖြစ်။ လောင်ရင်လောင်ချင်း ရေသာများများဆေး ဟုတ်ပြီလား။ ဘာ တစ်ခြားပစ္စည်းမှ မထည့်နဲ့။ အုန်းဆီလည်းမထည့်နဲ့၊ သွားတိုက်ဆေးလည်း မထည့်နဲ့။ ရိုးရိုးရေနဲ့သာ များများဆေး။ တစ်ချို့ဆို အပူလောင်တဲ့ပစ္စည်းနဲ့ကိုယ်နဲ့ ကပ်နေတာမျိုးရှိတတ်တယ်။ အဝတ်လို သတ္တုလို ဟာမျိုးတွေလေ။ အဲဒါမျိုးဆိုရင် ခွာလို့ရတဲ့ဟာဆို ခွာလိုက်။ ခွာလို့မရရင်တော့ မီးကိုအရင်ငြိမ်းအောင် ငြိမ်း။ ရေများများဆေး ပြီးရင် အခုလို ဆေးရုံဆေးခန်းကိုလာ၊ အဲသည်ရောက်မှာ ခွာ။ ဟုတ်ပြီနော်’

သည်တစ်ခါတော့ အမေဖြစ်သူက အဖက်လုပ်ပြီး နားထောင်ရှာပါသည်။ အားရပါးရ ခေါင်းညိတ်ရှာသည်။

‘ကောင်းပြီ။ နောက်တစ်ခါ အပူလောင်တာတွေ့ရင် အခုကျွန်တော်ပြောတဲ့အတိုင်းလုပ်ဖို့ သူများတွေကိုလည်း ပြောပြပါ။ နောက်ပြီး စိတ်မချရင်၊ အထူးသဖြင့် အခုလို ကလေးတွေလောင်ရင် နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းပြနော်။ တကယ်လို့ အပူလောင်ရုံမကဘဲ မီးခိုးငွေ့ရှူမိတဲ့လူတို့၊ ဓါတ်လိုက်ပြီးအပူလောင်တဲ့လူတို့၊ တစ်ချို့က ဓါတုပစ္စည်းတွေနဲ့ထိမိပြီးလောင်တာရှိသေးတယ်။ အဲဒါမျိုးလူတွေကတော့ မဖြစ်မနေဆေးရုံတင်ပြီး ကုသရမယ့်လူတွေပဲ။ ဒါတွေလည်း သိထားဖို့လိုတယ် ဟုတ်ပြီလား’

ကလေးအမေခမျာတော့ မောင်ဒေါက်တာ့၏ လက်ချာတွေထဲ အတော်ပဲနားလည်သွားသလား နားပဲငြီးသွားသလား မဆိုနိုင်ပါ။ ခေါင်းတွေကိုပင် ထပ်ခါထပ်ခါ ညိတ်ရင်း မောင်ဒေါက်တာ့ကို ကျေးဇူးတင်ကြောင်းပြောရှာသည်။ မောင်ဒေါက်တာကတော့ လိုအပ်သည်များကို အကုန်ရှင်းပြလိုက်ရသဖြင့် ကျေနပ်သွားပြီး နည်းနည်းအငိုတိတ်လာပြီဖြစ်သောကလေးကို မေးခိုင်ကာကွယ်ဆေးတစ်လုံးထိုးကာ ပြန်ငိုအောင်လုပ်ရင်း အဆိုပါရေနွေးပူလောင်ခြင်းပြသ၁နာကို အပြီးသတ်ကုပေးလိုက်ရလေ၏။

ဒေါက်တာထွန်းလင်း

Ref;https://www.webmd.com/first-aid/thermal-heat-or-fire-burns-treatment

ဆက်စပ် ဆောင်းပါးများ