ခြေထောက်ထဲက မြောင်းတွေပိတ်တဲ့အခါ

ခြေထောက်ထဲက မြောင်းတွေပိတ်တဲ့အခါ

ဒေါ်လူနာ၏ခြေထောက်ကို ကြည့်ရှူပြီးနောက် မောင်ဒေါက်တာ တစ်ယောက် သက်ပြင်းသာ ခပ်ပြင်းပြင်းချလိုက်မိလေသည်။ သက်ပြင်းချရသည်က ဘာရောဂါမှန်းမသိလို့ ချခြင်းမဟုတ်၊ ကုမရသော ရောဂါဖြစ်နေသဖြင့် ချရခြင်းလည်း မဟုတ်။ ကုလို့လည်းရသည်၊ သေချာကုလျှင် အန္တရာယ်မရှိအောင် တားဆီးနိုင်သည်။ သို့သော် သူက ဒေါ်လူနာအကြောင်း သိနေသဖြင့် သက်ပြင်းချရခြင်းဖြစ်သည်။

‘ကျွန်မ အခြေအနေ ဘယ်လိုရှိလဲဆရာ။ ကောင်းတယ်မဟုတ်လား’

မောင်ဒေါက်တာထင်သည့်အတိုင်းပင်။ ဒေါ်လူနာက ထုံးစံအတိုင်း သူ့ရောဂါကို ပေါ့ပေါ့ပဲ တွေးထားပုံရသည်။

‘အင်း ပြောရမယ်ဆိုရင်တော့ နည်းနည်းတော့ သတိထားရမယ့် အခြေအနေပဲဗျ’ မောင်ဒေါက်တာက မယုတ်မလွန်အနေအထားဖြင့် သူ့ကိုရှင်းပြရန် ဟန်ပြင်သည်။

‘သြော် ဆရာပြောလိုက်ရင် မစိုးရိမ်ရတဲ့ ရောဂါလည်း မရှိသလောက်ပဲ မဟုတ်လားဆရာရယ်။ အခုခြေထောက် သွေးကျတာကလည်း စိုးရိမ်ရတာပဲလား ဆရာရဲ့’

‘ဒါ ရိုးရိုးသွေးကျတာ မဟုတ်ဘူးဗျ။ မတ်တတ်ရပ်တာများလို့ ခြေထောက်များသွေးတွေစုပြီး ရောင်လာတာမျိုး.. အဲဒါမျိုးမဟုတ်ဘူး အန်တီ။ ဒါက ခြေထောက်သွေးကြောလေးတွေ ပိတ်ပြီး ရောင်လာတာ ဖြစ်ဖို့များတယ်ဗျ။ အဲဒါက စိုးရိမ်ရတယ်။ အဲသည် သွေးကြောကို ပိတ်တဲ့ သွေးခဲလေးတွေက သည်အတိုင်းမနေဘူး။ လှုပ်လိုက်ရှားလိုက်ရင် ပြုတ်ထွက်ပြီး အဆုတ်မှာ လာပိတ်တတ်တယ်’

‘အဲသည်တော့ …’

‘အဲသည်တော့ ဘာဖြစ်ရမလဲ အန်တီရဲ့။ အသက်ရှူလို့မရဘဲ သေနိုင်တယ်လို့ ဆိုလိုတာဗျ’
မောင်ဒေါက်တာလည်း ဒေါ်လူနာ၏ပေါ့ပေါ့တွေးမှုကို ခပ်လေးလေးစကားလုံးများဖြင့် ဖိချပစ်လိုက်ရသည်။ သို့တိုင်အောင်…

‘ဟင် ဟုတ်ရဲ့လားဆရာရယ်။ ကျွန်မ နေလို့ကအကောင်းကြီးပါ။ ခြေထောက်လေးပဲ ရောင်တာကို’ ထင်သည့်အတိုင်းပင် ဖြစ်သည်။ ဒေါ်လူနာသည် ရောဂါမှန်သမျှကို ပေါ့ပေါ့လေးထင်သည်။ မောင်ဒေါက်တာက အရေးကြီးသည်ဟု ပြောတိုင်း သူ့က လိုအပ်သည်ထက် ပိုနေသည်ဟုထင်သည်။

ပိုဆိုးသည်က လိုအပ်သော သွေး သို့မဟုတ် ဓါတ်မှန် စစ်ဆေးခိုင်းလျှင် သူ အကြောက်အကန်ငြင်းတတ်သည်။ ထိုသို့ စစ်ဆေးလိုက်လျှင် ဆိုးဆိုးဝါးဝါးတစ်ခုခုပေါ်လာပြီး ကုမရကို သူကြောက်နေတတ်သည်။ သို့သော် ရောဂါတစ်ခုခုဖြစ်တိုင်း မောင်ဒေါက်တာ့ထံပင် လာမပြဘဲလည်း မနေပါ။

ပြတိုင်းလည်း ဟိုဟာမလုပ်ချင် သည်ဟာမလုပ်ချင် ဆိုပြီး ဈေးဆစ်တတ်သည်။ ပြပြီးလျှင်လည်း မောင်ဒေါက်တာ အကြံပြုသည်များကို လိုက်နာချင်မှ လိုက်နာသည်။ သူ လုပ်ချင်ရာပဲ လုပ်တတ်သဖြင့် မောင်ဒေါက်တာလည်း မနိုင်ချေ။ သို့သော် သည်တစ်ခေါက်ကတော့ ဖြစ်လိုရာဖြစ်ဆိုပြီး လွှတ်ထားလို့မရ။ ဒုက္ခရောက်သွားနိုင်သည်။

‘သည်မယ် အန်တီ မပေါ့ပါနဲ့ဗျ။ အန်တီ့ ခြေထောက်ရောင်တာက နှစ်ဘက်ဖြစ်တာမဟုတ်ဘူး။ တစ်ဘက်တည်းပဲ ကွက်ပြီးရောင်နေတာလေ။ ကြည့်ပါဦး’

‘ဟုတ်တယ်လေ ဆရာရဲ့။ တစ်ဘက်ပဲ ရောင်တော့ နှစ်ဘက်ရောင်တာလောက် မဆိုးဘူးပေါ့ မဟုတ်ဘူးလား’

‘အာ အဲဒါခက်တာပေါ့ အန်တီရဲ့။ နှစ်ဘက်စလုံးရောင်တယ်ဆိုတာက တော်သေးတယ်လေ။ ခုနက အန်တီပြောသလို မတ်တပ်ရတာများလို့ သွေးကျတာမျိုးက နှစ်ဘက်စလုံးရောင်တာ ဖြစ်တတ်တယ်။ ဒါမှမဟုတ်လည်း နှလုံးအားနည်းတာတို့၊ ကိုယ်ထဲမှာအဟာရဓါတ်နည်းတာတို့လည်း နှစ်ဘက်စလုံး ရောင်တာ ဖြစ်နိုင်သေးတာပေါ့။

ဒါပေမယ့် ကျွန်တော် ပြောချင်တာက အဲဒါတွေက သိပ် ရှော့ မရှိဘူးဗျ။ ပုံမှန်လေးကုသမှုပေးလို့ ရတယ်ဗျ။ အခုလို တစ်ဘက်တည်း ရောင်တာကကျတော့ ရှော့ ရှိတယ်။ အဲသည်ခြေထောက်တစ်ဘက်မှာပဲ တစ်ခုခုပိတ်နေလို့ကို ဖြစ်နိုင်တာပေါ့ဗျ။ မြောင်းရေလျှံသလိုပေါ့ အန်တီရာ။ မိုးများလို့ ဒါမှမဟုတ် ချောင်းရေတက်လို့ လျှံတယ်ဆိုရင် ရှိသမျှ မြောင်းတွေ၊ လမ်းတွေအကုန်လျှံမှာပေါ့။ မြောင်းတစ်ခု၊ လမ်းတစ်လမ်းတည်းမှာ ကွက်လျှံတယ်ဆိုရင်တော့ အဲသည်မြောင်းမှာကိုက အမှိုက်တွေများပြီး ထွက်ပေါက်ပိတ်နေတာ ဖြစ်မှာပေါ့။ သည်သဘောပဲလေ’

မောင်ဒေါက်တာလည်း ဖြစ်နိုင်သော ရောဂါသဘောသဘာဝတွေကို ဥပမာတွေဘာတွေနှင့် တတ်နိုင်သလောက် အကျဉ်းချူံးရှင်းပြလိုက်တော့မှ ဒေါ်လူနာက အနည်းငယ်လက်ခံချင်လာသလိုလို ရှိလာသည်။

‘အဲဒါဆိုလည်း ဆရာရယ်။ ကျွန်မရဲ့ မြောင်းထဲမှာ.. အဲ..ကျွန်မ ခြေထောက်မှာ အဲသည်လို အမှိုက်တွေစုလာစရာ ရှိလို့လား ဆရာ။ ကျွန်မမှာ ဒူးနာတာအပြင် တခြား ရောဂါကြီးကြီးမားမားလည်း မရှိပါဘူး’

‘အဲဒီ ဒူးနာတာကိုက ပြဿနာလေ အန်တီရဲ့။ အန်တီက ဒူးနာတယ်ဆိုပြီးတော့ လမ်းလည်းမလျှောက်၊ လေ့ကျင့်ခန်းလည်း မလုပ်၊ ပြီးတော့ ဝိတ်က ပိုပိုပြီးတော့တက်လာ။ အဲသည်မှာကိုက သွေးကြောတွေပိတ်ဖို့ အကြောင်းဖန်လာတာပဲဗျ’

‘သြော် ကျွန်မ မှတ်မိပြီ။ တစ်ခါက ဆရာကျွန်မကို ပြောပြဖူးတဲ့ သွေးထဲက အဆီတွေများလို့ သွေးကြောတွေပိတ်ပြီး နှလုံးအောင့်တာတို့၊ လေဖြတ်တာတို့ ဖြစ်တတ်တယ်ဆိုတာလေ၊ အခုရော အဲသည်လိုပဲလားဟင်’

‘ဟုတ်တော့ဟုတ်တယ်ဗျ။ ဒါပေမယ့် နည်းနည်းတော့ မဟုတ်ဘူး’

‘ဟင်’

‘ဒီလိုလေ၊ အဲသည်လို အဆီတွေများပြီး ပိတ်တာကကျတော့ artery လို့ ခေါ်တဲ့ သွေးလွှတ်ကြောတွေမှာ ဖြစ်တာဗျ။ အခုဖြစ်တာကကျတော့ vein ဆိုတဲ့ သွေးပြန်ကြော တွေမှာ ပိတ်တာဖြစ်တယ်။ Vein မှာကိုမှ Deep Vein (ခြေထောက်အတွင်းပိုင်း သွေးပြန်ကြော)တွေမှာ သွားပိတ်ကုန်တာ။

ပိတ်ရတဲ့အကြောင်းအရင်းကတော့ ပြောရရင် အဓိကတရားခံ သုံးဦးကြောင့်ပဲ။ ပထမတစ်ခုကတော့ သွေးသွားသွေးလာနည်းလို့ နှေးလို့ ဖြစ်တာ။ stasis ဖြစ်တယ်လို့ခေါ်တယ်။ နောက်တခုကတော့ သွေးကြောနံရံမှာထိပွန်းမှုဒဏ်ရာတွေ ရှိလာတာ endothelial injury ပေါ့။

နောက်ဆုံးတခုကတော့ သွေးခဲဖြစ်လွယ်တာ (သွေးပျစ်တာလို့ အလွယ်ပြောလို့ရမယ်) hypercoagulable stateပေါ့။ ဆိုတော့ စောစောကပြောသလို ပြန်ပြောရရင် မြောင်းပိတ်တာက ရေစီးရေလာနည်းတာရယ်၊ မြောင်းနံရံတွေမကောင်းတာရယ်နဲ့ မြောင်းထဲမှာ အမှိုက်တွေများလာတာရယ်ကြောင့် အဖြစ်များတယ်ဆိုတဲ့ သဘောပေါ့’

‘အင်း အဲသည်လိုဆိုတော့ ကျွန်မက သွေးပျစ်တဲ့အထဲတော့ ပါမလား မသိဘူးနော် ဆရာ’

‘ပါနိုင်တယ်လေ အန်တီရယ်။ ကိုယ်အလေးချိန်များလာရင်၊ သွေးထဲမှာ အဆီတွေများလာရင် သွေးပျစ်လာမယ်။ နောက်ပြီး ခုနက ပြောသလို အန်တီက ဒူးနာတဲ့အတွက်ကြောင့် ကိုယ်လက်လှုပ်ရှားမှုမရှိသလောက် နည်းနေတယ်။ ဒါ့အပြင် ခြေထောက်ညောင်းရင် အန်တီ အိမ်မှာ နှိပ်တာ နင်းတာတွေ လုပ်ခိုင်းတယ် မဟုတ်လား။ အဲဒါတွေကနေ သွေးကြောနံရံတွေထိခိုက်မိရင် အဲသည်မှာ သွားပိတ်တော့မှာပဲဗျ။ ကဲ ဘယ့်နှယ့်လဲ’

‘အင်း ဟုတ်ပါပြီလေ။ အခု အဲဒါဆိုလည်း ကျွန်မ ဘာဆက်လုပ်ရမလဲ ဆရာရယ်’

နောက်ဆုံးတော့ မောင်ဒေါက်တာ၏ counselling ခေါ် ရှင်းလင်းပြောပြနားချမှုကြီး အောင်မြင်သွားပါသည်။ ဒေါ်လူနာသည် မောင်ဒေါက်တာအကြံပေးသော နည်းလမ်းများကို လိုက်နာ လုပ်ဆောင်တော့မည် ဖြစ်သည်။ ထို့ကြောင့် မောင်ဒေါက်တာလည်း အချိန်မဆွဲဘဲ လိုအပ်သော သွေးခဲနိုင်မှုဓါတ်စစ်ဆေးမှု PT (INR), D-dimer စသည်တို့ကို စစ်ဆေးရန် စီစဉ်ပေးပြီး သက်ဆိုင်ရာ အထူးကုှဌာနကိုပါ လွှဲပြောင်းပေးရန် စီစဉ်ရလေသည်။

သို့ဖြင့်…နောက်နှစ်ပတ်ခန့် ကြာသွားလေသာအခါ…

ဒေါ်လူနာ တစ်ယောက် မောင်ဒေါက်တာ့ဆေးခန်းသို့ မျက်နှာကိုရှုံ့မဲ့လျက် ဝင်လာပြန်လေသည်။

‘ဟာ ဘယ်လိုလဲ အန်တီ။ ဆေးရုံတက်လိုက်ရတယ် ကြားတယ်လေ။ အခု ဘာတွေ ဖြစ်လာပြန်လို့လဲ’

‘ဟုတ်တယ်လေ။ ကျွန်မ ဆေးရုံမှာ တစ်ပတ်ကြာတယ် ဆရာ။ အဲဒီမှာ ချက်ကိုလည်း ဆေးတွေ ထိုးလိုက်ရတာ မနည်းဘူး။ သွေးတွေလည်း ခဏခဏစစ်ရတယ်လေ။ အဓိကကတော့ ဆရာ ပြောသလိုပဲ ကျွန်မ ခြေထောက်သွေးပြန်ကြောတွေ ပိတ်ကုန်တယ်လေ၊ နေရာတွေ အများကြီးမှာ ပိတ်တာတဲ့။ အဲဒါနဲ့ကိုပဲ တော်တော်ကုလိုက်ရတယ်’

‘အဲဒါပြောတာပေါ့ အန်တီရယ်…ကျွန်တော် ပြောသလို စောစောစီးစီးကုလိုက်တော့ အသက်အန္တရာယ် စိုးရိမ်ရတာတွေ ဘာတွေ မရှိတော့ဘူးပေါ့။ အခု ကောင်းသွားပြီမဟုတ်လား။ ချက်မှာ ဆေးထိုးရတယ်ဆိုတာလည်း သွေးခဲတွေပျော်အောင် အရေပြား အောက်ကို ထိုးရတာပါ။ အဲဒါတွေက ကောင်းသွားမှာ။ အစတော့ နည်းနည်းနာတာပေါ့’

‘ဟုတ်ပါတယ်ဆရာ..အညိုအမည်းတွေဘာတွေတော့ စွဲတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကောင်းသွားတယ်ဆို ပြီးတာပါပဲလေ။ အခုက ဆရာ့ကို ကျေးဇူးတင်ကြောင်းလာပြောတာပါ’

‘အမယ်လေး အန်တီရယ်၊ ကျေးဇူးတင်ကြောင်း ပြောတာကလည်း မျက်နှာကြီးရှုံ့မဲ့လို့။ ရပါတယ်။ အရေးကြီးတာက နောက်ဆို အဲသည်လို ခြေထောက်ရောင်တိုင်းမပေါ့နဲ့။ မရောင်အောင်လည်း ဂရုစိုက်။ သွေးသွားသွေးလာကောင်အောင် လမ်းတွေလျှောက်၊ အကွေးအဆန့်လေ့ကျင့်ခန်းလေးတွေလုပ်။ နင်းတာနှိပ်တာတွေ သိပ်မလုပ်ခိုင်းနဲ့။ ဟုတ်ပြီလား။ အဆီတွေလည်းလျှော့စား။ ရေရှည်သောက်ရမယ့်ဆေးတွေလည်း မှန်မှန်သောက်။ ဟုတ်ပြီနော်။ သူများတွေကိုလည်း သည်အကြောင်းတွေ လက်ဆင့်ကမ်း ပြောပြလိုက်ဦး’

‘စိတ်ချပါ ဆရာရယ်။အခုဆို အိမ်က အစ်မတစ်ယောက်လည်း လေဖြတ်ထားလို့အိပ်ရာထဲလဲနေတာလေ။ အဲဒါ သူ့ခြေထောက်ကို အမြဲ သတိထားဖို့၊ ဘေးကနေ တစ်ယောက်က အကွေးအဆန့်ပုံမှန်လုပ်ပေးဖို့ ကျွန်မသွားသွား သတိပေးနေရတယ်။ မဟုတ်ရင် ဖြစ်မှ အသားလည်းနာ၊ ပိုက်ဆံတွေလည်းကုန်၊ အဆင်မသင့်ရင် သေတဲ့အထိတောင် ဖြစ်နိုင်တယ်ဆိုတော့’

‘ဒါပေါ့ အန်တီရယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ဈေးလည်းသက်သာတယ်၊ လူလည်း သက်သာတယ်လေ ဟုတ်ပြီနော်။ ရောဂါတစ်ခုခုဖြစ်တိုင်းလည်း မပေါ့နဲ့။ လိုအပ်တဲ့ သွေးစစ်တာတို့၊ ဓါတ်မှန်တို့ကိုလည်းလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။ ဘယ်ရောဂါမဆို စောစောသိရင် ကုလို့ရပါတယ်လေ။

အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ ပြောခဲ့သလိုပဲ၊ ခြေထောက်သွေးကြောဆိုတဲ့ မြောင်းတွေပိတ်အောင်သာ အမှိုက်တွေ မပစ်ချနဲ့ ။ ရေစီးရေလာကောင်းအောင်လုပ် ။ မြောင်းနံရံတွေကို မထိခိုက်မပျက်စီးစေနဲ့။ ဒါတွေကို ရေရှည်ဂရုစိုက်ရင် ကိုယ့်ကျန်းမာရေးဟာလည်း ရေမဝပ်တဲ့ မြေပြင်လို သန့်ရှင်းသာယာလာမှာပဲ ဆိုတာမမေ့ကြပါနဲ့လို့ဘဲ ပြောချင်ပါတယ်ဗျာ’

ဒေါက်တာထွန်းလင်း

ဆက်စပ် ဆောင်းပါးများ