နှလုံးကြီးတာ စိုးရိမ်စရာလား

နှလုံးကြီးတာ စိုးရိမ်စရာလား

အကြောင်းတခုခုကြောင့် ရင်ဘတ်ဓါတ်မှန်ရိုက်ရင်းကနေ ရင်ဘတ်ဓါတ်မှန်အဖြေမှာ နှလုံးကြီးနေတယ် လို့ မှတ်ချက်ပါလာပါက အများစုအနေနဲ့ ငါ ရောဂါကြီးကြီးမားမားဖြစ်နေပြီလား နှလုံးရောဂါများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

တကယ်တော့ နှလုံးကြီးတယ်ဆိုတာဟာ ရောဂါတခုမဟုတ်ပါဘူး။

ရောဂါတခုခု၊အကြောင်းအခြေအနေတခုခု ရဲ့ လက္ခဏာ တခုပဲဖြစ်ပါတယ်။

ဒါ့အပြင် နှလုံးကြီးတိုင်းလည်း နှလုံးရောဂါကြောင့်လို့ပဲ ပြောမရပါ။

ဘာလို့လဲဆိုတော့ နှလုံးကြီးခြင်းဖြစ်စေနိုင်တဲ့အကြောင်းတွေက နှလုံးရောဂါအပြင် တခြားအကြောင်းတွေလည်းအများကြီးရှိလို့ပါ။

ကျွန်တော်တို့ရဲ့နှလုံးကို ပုံမှန်ထက်ပိုအလုပ်လုပ်စေတဲ့အခြေအနေတွေ အကြောင်းတွေ သို့မဟုတ် နှလုံးကြွက်သားတွေကိုအားနည်းပျက်စီးစေတဲ့အခြေအနေတွေ အကြောင်းတွေ ရှိလာခဲ့ရင် နှလုံးသားဟာ ကြီးလာနိုင်ပါတယ်။

နှလုံးကြီးခြင်းကို ဖြစ်စေတဲ့အခြေအနေတွေအကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။သွေးဖိအားများခြင်း(သွေးတိုးခြင်း)

ကျွန်တော်တို့ရဲ့နှလုံးဟာ သွေးတွေကို ခန္ဓာကိုယ်နေရာအနှံ့ရောက်အောင်ညှစ်ထုတ်ပေးတဲ့ အင်္ဂါဖြစ်ပါတယ်။

သွေးတိုးလို့သွေးဖိအားများနေတဲ့အခါ ထိုဖိအားကိုကျော်လွန်အောင် နှလုံးက ပုံမှန်ထက်ပိုညှစ်ရတဲ့အတွက် ရေရှည်မှာ နှလုံးကကြီးလာပါတယ်။

၂။နှလုံးအဆို့ရှင်တွေမှာရောဂါဖြစ်ခြင်း

ကျွန်တော်တို့ရဲ့နှလုံးမှာ အဆို့ရှင်လေးခုရှိပြီး ထိုအဆို့ရှင်တွေဟာ နှလုံးအတွင်းသွေးစီးဝင် စီးထွက်မှု ကို ထိန်းညှိပေးပါတယ်။

နှလုံးလေးဖက်နာ၊နှလုံးပိုးဝင်ရောင်ရမ်းတာ၊တွယ်ဆက်တစ်သျှူးနဲ့ဆိုင်တဲ့ရောဂါ စသဖြင့်ဖြစ်ပါက နှလုံးအဆို့ရှင်တွေထိခိုက်ပျက်စီးပြီး နှလုံးကြီးလာနိုင်ပါတယ်။

၃။နှလုံးကြွက်သားအားနည်းတဲ့ရောဂါဖြစ်ခြင်း

နှလုံးကြွက်သားတွေ ခိုင်မာတောင့်တင်းခြင်းမရှိဘဲ အားနည်းလာတဲ့အခါ သွေးတွေကို တကိုယ်လုံးကနေရာတွေဆီထောက်ပံ့ပေးနိုင်ဖို့ သာမန်လုပ်နေကျထက် နှစ်ဆလောက်နီးပါး နှလုံးက ပိုအလုပ်လုပ်ရပါတယ်။

အဲ့အခါမှာ နှလုံးက မနိုင်ဝန်ထမ်းရတဲ့အတွက် တဖြည်းဖြည်းအရွယ်အစားကြီးလာပါတယ်။

၄။နှလုံးကနေအဆုတ်ကိုသွားတဲ့သွေးကြောတွေထဲမှာ ဖိအားများနေခြင်း(Pulmonary Hypertension)

နှလုံးကနေ အဆုတ်ကိုသွားတဲ့သွေးကြောထဲမှာ ဖိအားများနေတဲ့အခါမှာဆိုရင်လည်း နှလုံးက လိုအပ်တာထက်ပိုညှစ်ရတဲ့အတွက် နှလုံးကြီးလာနိုင်ပါတယ်။

၅။နှလုံးအမြှေးပါးထဲရေစုခြင်း

နှလုံးကိုဖုံးအုပ်ထားတဲ့ နှလုံးအမြှေးပါထဲမှာ ရေစုနေပါကလည်း ရင်ဘတ်ဓါတ်မှန်ရိုက်တဲ့အခါ နှလုံးကြီးနေသလိုမျိုးမြင်တွေ့ရနိုင်ပါတယ်။

၆။သွေအားနည်းခြင်း

သွေးအားနည်းတယ်ဆိုတာဟာ သွေးထဲမှာ အောက်ဆီဂျင်ကိုသယ်ယူပို့ဆောင်ပေးတဲ့ သွေးနီဥ အရေအတွက်နည်းနေတာဖြစ်ပါတယ်။

အဲ့အခါမှာ ကိုယ်ခန္ဓာထဲမှာ အောက်စီဂျင်ဓါတ်ပမာဏ လျော့နည်းလာပြီး လျော့နည်းလာတဲ့ပမာဏကို ထိန်းဖို့အတွက် နှလုံးက အလုပ်ပိုလုပ်ရပါတယ်။နောက်ဆက်တွဲအနေနဲ့ နှလုံးကြီးလာပါတယ်။

၇။သိုင်းရွိုက်ဟော်မုန်းနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်ခြင်း

လူတိုင်းလူတိုင်းရဲ့ လည်ပင်းရှေ့တည့်တည့် အောက်ခြေနား နေရာလောက်မှာ လည်ပင်းအကျိတ်တခုရှိပါတယ်။

အဲ့ဒါကိုဆေးပညာအရ Thyroid gland (သိုင်းရွိုက်ဂလန်း)လို့ခေါ်ပါတယ်။

သိုင်းရွိုက်ဂလန်းဟာ လိပ်ပြာပုံစံရှိပြီး သူ့ဆီကနေ သိုင်းရွိုက်ဟော်မုန်း(Thyroid hormones)တွေကိုထုတ်ပေးပါတယ်။

သိုင်းရွိုက်ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်ဖြစ်ပျက်ဖို့အတွက် အလွန်အရေးပါတဲ့ဟော်မုန်းတွေဖြစ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်း(Hypothyroidism)တာဖြစ်ဖြစ်၊သိုင်းရွိုက်ဟော်မုန်းများတာဖြစ်ဖြစ်(Hyperthyroidism)နှလုံးကိုထိခိုက်စေပြီး နှလုံးကြီးခြင်းကိုဖြစ်လာစေနိုင်ပါတယ်။

၈။သံဓါတ်များ ကိုယ်ထဲတွင်များနေခြင်း

Hemochromatosis လို့ခေါ်တဲ့ ကိုယ်ခန္ဓာက သံဓါတ်တွေကိုကောင်းစွာမသုံးနိုင်တဲ့ရောဂါဖြစ်တဲ့အခါမှာ သံဓါတ်တွေက ကိုယ်ခန္ဓာထဲရှိ ကိုယ်တွင်းအင်္ဂါတွေပေါ်မှာ လာစုပုံတတ်ပါတယ်။

နှလုံးမှာလာစုပုံတဲ့အခါ နှလုံးကကြီးလာနိုင်ပါတယ်။

၉။Amyloidosis ကဲ့သို့နှလုံးကိုထိခိုက်သောရှားပါးရှောဂါဖြစ်ခြင်း

Amyloidosis ဆိုတာကတော့ သွေးထဲမှာ ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေရှိတာပါ။

အဲ့ပရိုတင်းတွေက နှလုံးမှာလာအနည်ကျပြီး နှလုံးရဲ့လုပ်ငန်းတာဝန်တွေကိုအနှောင့်အယှက်ပေးကာ နှလုံးကြီးခြင်းကိုဖြစ်လာစေနိုင်ပါတယ်။

ဒီ အကြောင်းအရင်း ၉ ချက်အပြင်

အရက်အလွန်အကျွံ့သောက်တာ၊မူးယစ်ဆေးအလွန်အကျွံ့သုံးတာ

စိတ်ဖိစီးစရာတအားများတာ

ကိုယ်ဝန်ရှိတာ

လိုမျိုးအခြေအနေအကြောင်းတွေကြောင့်လည်း နှလုံးကြီးနိုင်ပါတယ်။

ဒါပေမယ့် ဒီအခြေအနေအကြောင်းတွေကြောင့် နှလုံးကြီးတာက ယာယီခဏပဲဖြစ်တာ မျိုးဖြစ်ပြီး ဘာရောဂါလက္ခဏမှလည်း မခံစားရကာ ဆေးကုသစရာမလိုဘဲ သူ့ဘာသာသူ ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။

နှလုံးကြီးတာဟာ စောစောသိပြီးစောစောကုလေ ရလဒ်ကောင်းလေပါ။

သို့ပေမယ့် နှလုံးကြီးခါစမှာဆိုရင် ဘာလက္ခဏာမှမပြဘဲ ထွေထွေထူးထူးခံစားရတာလည်း မရှိတတ်တာမို့လို့ စဖြစ်ခါစမှ သိဖို့မလွယ်ပါ။

နောက်ပိုင်းဆိုးလာတဲ့အခါမှာဆိုရင်တော့

ရင်ဘတ်အောင့်တာ၊ရင်တုန်တာ၊အသက်ရှုကြပ်တာ၊လှုပ်လှုပ်ရှားရှားမလုပ်ဘဲမောတာ၊မူးတာ၊ခြေထောက်ခြေဖဝါးခြေကျင်းဝတ်တွေဖောရောင်တာတွေခံစားရနိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင်တော့ အချိန်မဆွဲဘဲနဲ့ နီးစပ်ရာဆေးရုံဆေးခန်းပြသစစ်ဆေးဖို့လိုပါတယ်။

လုပ်ရနိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေကတော့ ရင်ဘတ်ဓါတ်မှန်ရိုက်တာ(Chest X ray)၊အီးစီဂျီဆွဲတာ(ECG)၊အက်ခိုးရိုက်တာ(Echocardiogram)၊ကွန်ပျူတာဓါတ်မှန်ရိုက်တာ(CT)၊သွေးစစ်တာစသဖြင့် လုပ်ရနိုင်ပါတယ်။

ဒီလိုတွေစစ်ဆေးကြည့်လို့ နှလုံးကြီးနေတယ်ဆိုရင်တော့ အမြန်ဆုံးကုသဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ နှလုံးကြီးတာဟာ ကြာလာတာနဲ့အမျှ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့

နှလုံးပန်းတာ(Heart Failure)

နှလုံးအတွင်းသွေးခဲတွေဖြစ်လာတာ၊ထိုသွေးခဲတွေကပြုတ်ထွက်ကာ တခြားနေရာတွေမှာသွားပိတ်ပြီး လေဖြတ်တာ

နှလုံးခုန်ရပ်ပြီးရုတ်တရက်သေဆုံးတာ စသဖြင့် ဖြစ်နိုင်လို့ပါ။

ကုသမှုအနေနဲ့ကတော့ နှလုံးကြီးခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုသရမှာပါ။

ဥပမာ-သွေးတိုးတာကြောင့်ဆိုရင် သွေးတိုးကျဆေးတွေနဲ့ သွေးမတိုးအောင် ထိန်းတာမျိုး

နှလုံးအဆို့ရှင်ပျက်စီးတာကြောင့်ဆိုရင် နှလုံးအဆို့ရှင်ပြန်ပြင်တဲ့ခွဲစိတ်မှုလုပ်ရတာ၊နှလုံးအစားထိုးတာ စသဖြင့်ပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ