ဒူးနာရင် ဒါတွေမလုပ်နဲ့ ဒါတွေလုပ်

ဒူးနာရင် ဒါတွေမလုပ်နဲ့ ဒါတွေလုပ်

ဒူးနာတာဟာ အတော်လေး ဒုက္ခပေးတဲ့ပြဿနာတခုပါ။ အထိုင်ခက် အထခက် သွားရလာရလည်း မလွယ်တာကြောင့် အလုပ်ပါပျက်ရတဲ့ ဝေဒနာတခုလည်း ဖြစ်ပါတယ်။ ဖြစ်ပြီဆိုရင် တော်တော်နဲ့ မသက်သာသလို အရှင်းပျောက်ဖို့ လည်း ခက်ခဲပါတယ်။ ဒူးနာတဲ့အခါ ဝေဒနာ ပိုမဆိုးရလေအောင် ရှောင်ရှားသင့်တာတွေ ရှိသလို မြန်မြန်ဆန်ဆန် သက်သာရလေအောင် လုပ်သင့်လုပ်ထိုက်တာလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နာကျင်ကိုက်ခဲနေတဲ့ ဒူးကို အနားပေးပါ

အနားယူပေးမှ နာနေတဲ့ဒူးအဖို့ ပြန်ပြီးသက်သာဖို့ရာ အချိန်ရမှာပါ။ ပုံမှန် ဒူးနာတာလောက်ကတော့ တစ်ရက် နှစ်ရက်လောက် နားလိုက်ရင် သက်သာသွားနိုင်ပြီး ပြင်းပြင်းထန်ထန်ထိခိုက်ထားတာဆိုရင်တော့ နားရမဲ့အချိန်ပိုကြာသွားနိုင်ပါတယ်။ ရက်အတန်ကြာနားလို့မှ မသက်သာလာဘူးဆိုရင် ဆေးရုံဆေးခန်းသွားပြဖို့ လိုအပ်ပါလိမ့်မယ်။

၂။ လိုအပ်တာထပ် ပိုပြီး အကြာကြီးလည်း မလှုပ်မရှား မနေပါနဲ့

လေ့ကျင့်ခန်းလုပ်ပေးခြင်းက အဆစ်အမြစ်တွေနားက ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါကြောင့် ဒူးကို ပြည့်ပြည့်ဝဝ အနားပေးပြီးတာနဲ့ လှုပ်ရှားမှုတွေ ပြန်လည်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာတော့ အပေါ့စားလေ့ကျင့်ခန်း တွေပဲ လုပ်သင့်ပါတယ်။ အလွန်အကျွံ မလုပ်မိဖို့လည်း လိုပါမယ်။

၃။ RICE အစီအစဉ်ကို အသုံးချပါ။

RICE ဆိုတာ ထမင်းစားခိုင်းတာတော့ မဟုတ်ပါဘူး။

R က Rest ကို ဆိုလိုပါတယ်။ အရှေ့မှာပြောခဲ့သလို တစ်ရက်နှစ်ရက်လောက် အနားယူပါ။

I က Ice ပါ။ အရောင်သက်သာအောင် ရေခဲကပ်ပါ။

C က Compress ဖြစ်ပါတယ်။ ဒူးကို ခပ်တင်းတင်းလေး အဝတ်စ ပတ်တီးစ နဲ့ ဖိထားပေးဖို့လိုပါမယ်။ ဒါမှ ကြံ့ကြံ့ခိုင်ခိုင်ရှိမှာဖြစ်ပြီး အထဲမှာ အရည်တွေ ဖြစ်တာ နည်းသွားပါမယ်။

E ကတော့ Elevate ပါ။ လှဲလျောင်းတဲ့အခါ ဒူးကို ခေါင်းအုံးတခုခုပေါ်တင်ထားသင့်ပါတယ်။ ဒါကလည်း ျရာင်ရမ်းမှုတွေကို တားဆီးပေးပါတယ်။

၄။ ချော်လဲနိုင်မဲ့၊ ပြုတ်ကျစေမဲ့ အပြုအမူတွေ လှုပ်ရှားမှုတွေ ရှောင်ပါ။

မချော်လဲနိုင်မဲ့ ကုပ်အားကောင်းတဲ့ ဖိနပ်တွေ စီးပါ။ ခပ်ပျော့ပျော့ ၊ ဒေါက်နိမ့်နိမ့် နဲ့ ရာဘာအောက်ခံဖိနပ်မျိုး ရွေးချယ်ပါ။ အိမ်လှေကားတွေ ကြမ်းပြင်တွေကိုလည်း ခလုတ်တိုက်မိစေမဲ့အရာ ချော်လဲစေမဲ့အရာတွေ မရှိအောင် ရှင်းလင်းထားပါ။

၅။ လိုအပ်ရင် လမ်းလျှောက်တုတ် သုံးပါ။

လမ်းလျှောက်ရတာ ယိုင်နဲ့ရမ်းခါနေတယ်ဆိုရင်တော့ လမ်းလျှောက်တုတ်ကောင်းကောင်း သုံးဖို့ လိုပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး ခိုင်ခိုင်ခန့်ခန့် နဲ့ ထိပ်မှာရာဘာအစွပ် စွပ်ထားပြီး ကိုင်လို့ပြုလို့လွယ်စေမဲ့ တုတ်မျိုးကို ရွေးချယ်ပါ။

၆။ ကိုယ်အလေးချိန် မှန်မှန် ချိန်ပါ။

ပေါင်ချိန်တွေတက်လာပြီဆိုရင် ဒူးခေါင်းအပေါ်မှာ ဝန်ပိပြီး အဆစ်ရောင်တာတွေ အရွတ်ထိခိုက်တာတွေ ရှိလာနိုင်ပါတယ်။ ဝိတ်ကလေးသာ နဲနဲလျော့ချနိုင်ရင် ဒီပြဿနာတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ ကဲ အခုကစပြီး နောက်လကျရင် တပေါင်နှစ်ပေါင်လောက် လျော့ကျအောင် ကြိုးစားကြည့်ကြတာပေါ့။

၇။ အကြောလျော့ဖို့ မမေ့ပါနဲ့။

ဒူးခေါင်းနားက ကြွက်သားတွေဟာ တင်းခဲနေတတ်ပါတယ်။ ရုတ်တရက် လှုပ်ရှားမှုတွေ ပြုလုပ်လိုက်ရင် ဒဏ်ရာတွေ ရရှိတတ်ပါတယ်။ နေ့စဉ် အကြောလျော့ လေ့ကျင့်ခန်း လုပ်ပေးခြင်းက ဒါကို ကာကွယ်ပေးပါလိမ့်မယ်။

၈။ အပူ (သို့မဟုတ်) အအေးကပ်ပါ

ဒူးနာတာက အတော်လေးဆိုးတဲ့အခါ အပူ သို့မဟုတ် အအေး တခုခုနဲ့ ကပ်ပေးနိုင်ပါတယ်။ အပူဆိုတဲ့နေရာမှာ အစိုဓာတ်ပါတဲ့အပူမျိုးဆို ပိုကောင်းပါတယ်။ ရေနွေးစိမ်တာမျိုး ကြပ်ပူထိုးတာမျိုး ရေနွေးအိတ်ကပ်တာမျိုး စသဖြင့်ပေါ့။ ရောင်ရမ်းနေတဲ့ဒူးကို သက်သာဖို့ဆို အေးခဲထားတဲ့အသီးအရွက်အိတ်ကို အဝတ်စနဲ့ပတ်ပြီး ကပ်ပေးလို့ရပါသတဲ့။

၉။ မှားယွင်းတဲ့အနေအထားနဲ့ မအိပ်စက်မိပါစေနဲ့

အိပ်စက်ပုံ ကိုယ်နေဟန်ထား မှားယွင်းနေရင်လည်း ဒူးနာတာကို ပိုမို ဆိုးရွားပါစေလိမ့်မယ်။ ဘေးတိုက် အိပ်တတ်တယ်ဆိုရင် ခေါင်းအုံးနှစ်လုံးကြားမှာ ဒူးခေါင်းကို ညှပ်ထားပြီး အိပ်စက်တာက ဒူးနာသက်သာစေတယ်လို့ ဆိုပါတယ်။

၁၀။ ဒူးစွပ် စွပ်ပါ

နာလည်းနာ လှုပ်လည်းမလှုပ်နိုင်လောက်အောင် အားနည်းချိနဲ့နေတယ်ဆိုရင်တော့ ဒူးစွပ် စွပ်ထားတာ ကောင်းပါတယ်။ ဒူးစွပ်တွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ခဏတာတော့ နာကျင်မှုကို သက်သာစေပါတယ်။

၁၁။ အတက်အဆင်း ခဏခဏ မလုပ်ပါနဲ့။

အတက်အဆင်းတွေ ခဏခဏ လုပ်တာဟာ သင့်ရဲ့ ဒူးဆစ်တွေကို ဒုက္ခအကြီးအကျယ်ပေးသလိုပါပဲ။

၁၂။ ဖိနပ်အဟောင်းတွေကို အကြာကြီး မစီးပါနဲ့

ဖိနပ်တွေဟာ ကြာလာတဲ့အခါ ရှည်ထွက် ကျယ်ထွက် လာတတ်ပါတယ်။ ဒါ့အပြင် အောက်ခံပြားတွေ သဲကြိုးတွေကလည်း ကြာလာရင် ပျက်စီးတတ်ကြပါတယ်။ ဘယ်လောက်ကြိုက်တဲ့ ဖိနပ်ဖြစ်ဖြစ် အဲဒီလောက် ပျက်စီးသွားရင် ဆက်မဝတ်သင့်တော့ပါဘူး။ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး သက်တောင့်သက်သာရှိစေမဲ့ ဖိနပ်အသစ်မျိုးကို ရွေးချယ်ဝယ်ယူပါ။

၁၃။ ဆေးခန်းဆေးရုံ လိုအပ်ရင် ပြပါ။

ဒူးနာတာ မသက်သာရင်တော့ တယောက်ထဲကြိတ်ကုမနေသင့်ပါဘူး။ ဆေးခန်းသွားရင် ဆရာဝန်က သင့်ကို အကိုက်အခဲသက်သာစေမဲ့ စားဆေး ထိုးဆေးတွေ ပေးကောင်းပေးပါလိမ့်မယ်။ အခန့်မသက်ရက်လည်း ခွဲစိတ်ကုသဖို့ လိုကောင်းလိုအပ်နိုင်ပါတယ်။

Dr. KG

ဆက်စပ် ဆောင်းပါးများ