အတိတ်မေ့ခြင်းနှင့် ဦးခေါင်းဒဏ်ရာ

အတိတ်မေ့ခြင်းနှင့် ဦးခေါင်းဒဏ်ရာ

ယနေ့အဖို့ မောင်ဒေါက်တာ့ဆေးခန်းကို ပထမဆုံးရောက်လာသူကတော့ လူနာမဟုတ်ပါ။ ဆရာဝန်အလောင်းအလျာ ပေါက်စနတစ်ယောက်။ သူ့ကိုတော့ လူတော်များများက သားသားဒေါက်တာ ဟု သိကြပါသည်။ အရွယ်နှင့်မလိုက်အောင် ဆေးကုဖို့ စိတ်ဝင်စားလွန်းပြီး ကလေးတန်မဲ့ ခဲရာခဲဆစ်မေးခွန်းတွေနှင့် မောင်ဒေါက်တာ့ဆီ လာစူးစမ်းတတ်သော ကလေးငယ်လေး။

ယခုလည်း ကတ်သီးကတ်သတ်မေးခွန်းတစ်ခု ရှာတွေ့သဖြင့် မောင်ဒေါက်တာ့ထံ ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။ တကယ်တော့ သူနှင့်တွေ့သည့် အချိန်မှာ မောင်ဒေါက်တာက မောင်ဒေါက်တာ မဟုတ်တော့.. ဦးဦးဒေါက်တာ ဖြစ်သွားပါသည်။

‘ကဲ ဆိုပါဦး သားသားဒေါက်တာရဲ့ ဘာဖြစ်လာပြန်ပတုန်း။ ဦးဦးဒေါက်တာ့ကို မေးစရာရှိလို့များလား။ ဟိုတခေါက်က ဦးဦးပြောပြီးပြီနော်။ ဦးဦးက ဆေးကုတာပဲ သိတာ။ ပဒိုင်းသီးစားရင် သေတာလား၊ ရူးတာလား လို ပေါက်တက်ကရ မေးခွန်းတွေ ထပ်မမေးနဲ့။ ယုတ္တိရှိတာကို မေး’

‘ဟုတ်ကဲ့ပါ ဦးဦးဒေါက်တာရဲ့၊ သား စိတ်ထဲမှာ သိပ်မရှင်းလို့ လာမေးတာပါ။ မဖြေနိုင်ရင်လည်း မဖြေနဲ့လေ’

‘အမ် အေးပါကွာ။ မင်းတောင် မေးတတ်သေးတာပဲ၊ ငါမဖြေနိုင်စရာမရှိပါဘူး။ ဘာမှတ်လဲ..ငါ ဘွဲ့ရတာ ငါးနှစ်ရှိပြီကွ ကလေးတယောက်မေးတာလောက်တော့ မဖြေနိုင်စရာမရှိ။ ကဲ မေးစမ်း ဘာများလဲ’

‘ဟိုဟာလေ သားသိချင်တာက.. လူတွေမှော ခေါင်းကို တခုခုနဲ့ ရိုက်မိရင် အတိတ်မေ့သွားကြတယ်ဆိုတာလေ.. အဲဒါ ရုပ်ရှင်တွေ ထဲမှာ သားတွေ့လို့။ သားအိမ်က လူကြီးတွေကလည်း အဲဒါ တကယ်ဖြစ်တယ်တဲ့။ ဆော့ရင် ခေါင်းကို မထိမိစေနဲ့ ဆိုပြီး ပြောကြတယ်။ အဲဒါ တကယ်ဟုတ်ရဲ့လား ဆိုတာ သိချင်လို့’

‘သြော် လက်စသတ်တော့ ငါ့ဆရာက ပေါကားတွေ သွားကြည့်လာတာကိုး၊ အဲသည်မှာ ခေါင်းကို နောက်တချက် ပြန်ရိုက်လိုက်ရင် အတိတ်မေ့နေတာတွေ ပြန်သတိရလာတယ်ဆိုတာကော မတွေ့ခဲ့ဘူးလား’

‘တွေ့သားပဲ..ဒါပေမယ့် အဲဒါတော့ သိပ်မဖြစ်နိုင်ဘူးလို့ သားထင်တယ်၊ ပထမတစ်ခေါက်မှာ အတိတ်မေ့တယ်ဆိုတာသာ ဖြစ်နိုင်သလား မသေချာလို့’

‘အဲဒါဆို မင်းက ဖြစ်နိုင်မယ်လို့ရောထင်သလား’

မောင်ဒေါက်တာလည်း ထုံးစံအတိုင်း မေးခွန်းကို အရင်မဖြေဘဲ သူ့ကိုအသာလေး ပြန်ပြီး မေးခွန်းထုတ်ရ၏။ အဲသည်တော့မှ ကိုယ်လည်း စဉ်းစားချိန်ရမည် မဟုတ်လား။

‘သားတော့ ဖြစ်နိုင်တယ်လို့ ထင်တယ်’

‘ဟုတ်လား ဘာလို့ထင်ရတာလဲကွ ပြောပါဦး’

‘သြော် ဦးဦးကလည်း သားတောင် ဟိုတနေ့က ဆော့နေရင်းနဲ့ ခုံပေါ်ကနေ ပြုတ်ကျတာ ကြမ်းပြင်နဲ့ ခေါင်းနဲ့ဆော်ပြီး ဘာမှမမြင်ရဘဲ ပြာသွားတယ်လေ။ ခဏနေကျမှ သက်သာသွားတယ်။ အဲဒါဆိုရင် အဲဒီအချိန်မှာ သတိမေ့သွားတယ်ဆိုတာ ဖြစ်နိုင်မှာပဲ’

‘ဟုတ်တာပေါ့ ကိုယ့်ဆရာရဲ့။ ကိုယ်တိုင်တောင် ကြယ်တွေလတွေမြင်ဖူးသွားပြီဆိုတော့ ယုံသွားတယ်ပေါ့။ ဒါပေမယ့် အခု သားပြောတဲ့ သတိမေ့တာနဲ့ အတိတ်မေ့တယ်ဆိုတာက မတူဘူးကွယ့်။ သတိမေ့တယ်ဆိုတာ ခေါ်လို့ မေးလို့မရတော့ဘဲ မေ့လဲသွားတာကို ခေါ်တာ။ အတိတ်မေ့တယ်ဆိုတာကတော့ လူကသတိရနေပြီး ဖြစ်ခဲ့ပြီးတာတွေကို ပြန်မမှတ်မိတော့တာလေ။ ဦးခေါင်းထိခိုက်မိတဲ့လူတွေမှာ အဲသည်လို မေ့နည်းနှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်တဲ့ မောင်ရင်။ ပထမမေ့နည်းဖြစ်တဲ့ ခေါ်လို့အော်လို့မရတော့တဲ့ မေ့နည်းက ထိခိုက်ဒဏ်ရာပြင်းရင် ပြင်းသလို လူအတော်များများမှာ ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ရက်နှစ်ရက်လောက်ဆို ပြန်သတိရတတ်ပါတယ်။ အဲဒီထက် ကျော်သွားရင် ဦးနှောက်ကြီးကြီးမားမားထိခိုက်သွားတာ ဖြစ်နိုင်ပြီး ခွဲစိတ်ကုသမှုတွေဘာတွေ အထိ လိုနီုင်တယ်လေ’

‘အဲဒါသားသိတယ်။ သတိလစ်နေတာကို ပြောတာမှတ်လား။ သားမေးနေတာက အဲဒါမဟုတ်ဘူးလေ။ အတိတ်မေ့တာပါ။ စကားလမ်းကြောင်းမပြောင်းပါနဲ့ ဦးဦး’

‘အေး အေး ဟုတ်ပါပြီကွာ ဟုတ်ပါပြီ။ ဆိုတော့ ခေါင်းထိရင် အတိတ်မေ့တယ် ဆိုတာ တကယ်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ထူးခြားတာက အရှေ့ကိုမေ့တာနဲ့ အနောက်ကိုမေ့တာဆိုပြီး နှစ်မျိုးရှိတယ်ကွ’

‘ဟာ ဦးဦးကလည်း ရှုပ်လာပြီ်။ သားကိုလာ ခေါင်းမစားနဲ့နော်’

‘ဟ ဆရာသမားရ မင်းတောင် ငါ့ကိုလာခေါင်းစားနေတာပဲလေ။ သည်လောက်တော့ ပြန်ခေါင်းရှုပ်ခံပေါ့ကွ။ ဒီမယ် အဲဒါက အရေးကြီးလို့ ရှင်းပြနေတာ။ အရှေ့ကိုမေ့တယ်ဆိုတာ anterograde amnesia ကို ဘာသာပြန်လိုက်တာ။ ဦးခေါင်းထိခိုက်မိပြီး ရှေ့ဘာဆက်ဖြစ်လဲဆိုတာ မမှတ်မိတော့တာ။ ဘယ်ဆေးရုံရောက်လဲ၊ ဘယ်မှာဆေးထည့်ပေးလဲ၊ ဘယ်သူတွေနဲ့ ဆက်တွေ့လဲ ဒါတွေမမှတ်မိတော့တာပေါ့။ အနောက်ကိုမေ့တယ်ဆိုတာက retrograde amnesia ခေါ်တယ်။ ဦးခေါင်းမထိခိုက်မိခင် ဘယ်မှာ ဘာလုပ်နေတယ်၊ ဘာနဲ့ဘယ်လို ခေါင်းကိုထိခိုက်မိတယ်..စတာတဲ့ နောက်ပြန်အကြောင်းအရာတွေ မေ့ကုန်တာ။ ကဲ ရှင်းပြီလား’

‘အင်း’

သားသားဒေါက်တာတစ်ယောက် သည်တစ်ခါတော့ နည်းနည်းငြိမ်သွားသည်။ မောင်ဒေါက်တာက သူလိုက်မမှီသော စကားလုံးအကြီးတွေ သုံးပြီး ရှင်းလိုက်တော့ သူနည်းနည်းလည် သွားပုံရသည်။ ပါးစပ်ကိုတင်းတင်းစေ့ပြီး တစ်ခုခုကို စဉ်းစားနေသည်။ ပြီးမှ မောင်ဒေါက်တာ့ကို ထပ်မေးသည်။

‘အဲဒါတွေက အရေးကြီးတယ်လို့ ဦးဦးပြောတယ်နော်။ အဲဒါဆို ဘာကအရေးကြီးတာလဲ’

‘အဲ…’

မောင်ဒေါက်တာလည်း ကိုယ့်စကားနှင့်ကိုယ် မိသွားပြီး ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။ သည်ကိစ္စက အရေးမကြီးဘူးတော့ မဟုတ်၊ အရေးကြီးသည်။ အဲသည် အတိတ်မေ့သည့် amnesia တွေက သီတင်းလေးပတ်ထက်ပိုကြာနေလျှင် ဦးခေါင်းပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အခက်အခဲဖြစ်နိုင်သည်။ ဒါတွေ ရှိမရှိ လူနာကို သေချာမေးမြန်းရသည်။ သို့သော် အဲသည်အကြောင်းကို ယခု သားသားဒေါက်တာလေးကို နားလည်အောင် ဘယ်လိုရှင်းပြရမှန်းမသိ။

‘ဒီလိုလေကွာ..အဲသည်လို မေ့နေတာကြာရင်ကွာ အဲသည်လိုလူက လူကောင်းပြန်ဖြစ်ဖို့လွယ်ပါ့မလား။ နောက်ပြီး သူ့မှတ်ဉာဏ်တွေ မကောင်းရင်ကွာ..အဲ ဟုတ်ပြီ..ဥပမာကွာ သားသားက စာတွေကိုမေ့နေတာများရင် ကျောင်းမှာ ဆရာမက ဆူမှာပေါ့ကွ.. မဟုတ်ဘူးလား’

သူ့အရွယ်နှင့်လိုက်ဖက်မည့် ဥပမာမျိုးကို စဉ်းစားပြီး မောင်ဒေါက်တာက သူ့ကို ချွေးသိပ်ရသည်။ သည်လောက်နှင့်ပင် ဆရာကြီး ကျေနပ်သဘောကျပြီး ပြန်ပါတော့။

‘ဦးဦးပြောတာက လမ်းကြောင်းလွဲနေတယ်’

‘ဗျာ ဆရာသမား။ ဦးခေါင်းထိရင် ဘယ်လို အတိတ်မေ့တတ်တယ် ဆိုတာ သည်လောက်ရှင်းပြနေတာ အာပေါက်တော့မယ်။ ဘယ်လို လမ်းကြောင်းလွဲရတာလဲကွဟေ’

‘ဟာ ဦးဦးပြောနေတာက ခေါင်းကိုထိတဲ့အချိန်လေးမှာဖြစ်တာတွေကို မမှတ်မိတော့တာလေ။ ဇာတ်လမ်းထဲမှာလို မင်းသားက သူ့ဟာသူ ဘယ်သူလဲဆိုတာမမှတ်မိတာတို့၊ သူ့ကောင်မလေးကို မမှတ်မိတာတို့တော့ မဟုတ်ဘူးလေ။ အဲသည်လိုမျိုးတော့ မဖြစ်ဘူးလား’

‘အေး အဲဒါမျိုးကတော့ သိပ်ဖြစ်လေ့မရှိ…’

‘အဲဒါပြောတာပေါ့ သားမေးတာကို ဦးဦးက တည့်တည့်မဖြေဘဲ လှည့်ပတ်ပြောနေတာ။ အခုတော့ သားရှင်းသွားပြီး ခေါင်းကိုထိမိရင် အတိတ်မေ့တယ်ဆိုတာ တကယ်ဖြစ်နိုင်တယ်။ ဒါပေမယ့် ဇာတ်လမ်းထဲမှာလိုတော့ လုံးလုံးသတိမရတော့တာ မဟုတ်ဘူး။ ဖြစ်တဲ့အချိန်ခဏလေးကိုပဲ မမှတ်မိတော့တာ။ အဲဒါက ကြာရင်မကောင်းဘူး..ဦးဦးပြောချင်တာ အဲဒါမဟုတ်လား’

‘ဟုတ်ပါတယ် ဆရာ… ဟုတ်ပါတယ် ဆရာ’

‘အဲဒါဆိုလည်းပြီးရော သားပြန်တော့မယ်။ အိမ်ပြန်ရောက်ရင် လူကြီးတွေကို သူတို့မှားနေတာတွေကို ပြန်ပြောပြရမှာမို့။ ကဲ သွားတော့မယ် ဦးဦးဒေါက်တာရေ တာ့တာ ဆီးယူ’

‘အေးပါ သားသားဒေါက်တာရယ် လေးစားပါတယ် တာ့တာ..နောက်မှ တွေ့ကြတာပေါ့နော်. . .ဟူး ’…….

ဒေါက်တာထွန်းလင်း

ဆက်စပ် ဆောင်းပါးများ