အအေးမိတာလား တုပ်ကွေးကွေးတာလား

အအေးမိတာလား တုပ်ကွေးကွေးတာလား

ရာသီအကူးအပြောင်းကာလ မနက်အိပ်ရာအထမှာ ခေါင်းကိုက်နှာစေးနှာမွှန်တာ လည်ချောင်းနာတာတွေဖြစ်ပြီး ကိုယ်လက်တွေကိုက်ခဲကာ ဖျားချင်သလိုဖြစ်နေပါသလား။

ဟုတ်ကဲ့။ဒီလိုတွေဖြစ်နေတယ်ဆိုရင် သင်ဟာ ရိုးရိုးအအေးမိတာလည်းဖြစ်နိုင်သလို တုပ်ကွေးဖြစ်တာလည်းဖြစ်နိုင်ပါတယ်။

တချို့သူတွေအနေနဲ့ ရိုးရိုးအအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာကို အတူတူလို့ထင်တတ်ကြပါတယ်။

ရိုးရိုးအအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာနဲ့က ခပ်ဆင်ဆင်ထင်ရပေမယ့် သေချာပြောရမယ်ဆိုရင် ရောဂါလက္ခဏာတွေက ကွဲလွဲမှုရှိပြီး နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ခြေကလည်း ကွာခြားပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ရိုးရိုးအအေးမိတာ နဲ့ တုပ်ကွေးကွာခြားပုံ အကြောင်းကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

ရိုးရိုးအအေးမိတာရော တုပ်ကွေးဖြစ်တာရောက အသက်ရှုလမ်းကြောင်းကတဆင့် ဝင်ရောက်ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တာပါ။

ရိုးရိုးအအေးမိတာကိုဖြစ်စေတာကတော့ common cold viruses တွေဖြစ်ပြီး တုပ်ကွေးကိုဖြစ်စေတာကတော့ Influenza viruses တွေဖြစ်ပါတယ်။

ရိုးရိုးအအေးမိတာကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေကတော့ အမျိုးအစားတရာဝန်းကျင်လောက်ရှိပါတယ်။

တုပ်ကွေးဖြစ်စေတဲ့ influenza viruses တွေကတော့ အများအားဖြင့် influenza A virus,influenza B virus and influenza C virus ဆိုပြီး သုံးမျိုးရှိပါတယ်။

ရိုးရိုးအအေးမိတာဟာ နွေ၊မိုး၊ဆောင်း ဥတုသုံးပါးမရွေး အချိန်မရွေး ဖြစ်နိုင်ပြီး ဆောင်းတွင်းမှာအများဆုံးဖြစ်လေ့ရှိပါတယ်။

တုပ်ကွေးကတော့ အများအားဖြင့် အောက်တိုဘာလကနေ မေလ အတွင်းမှာ အဖြစ်များလေ့ရှိပါတယ်။

ရောဂါလက္ခဏာအနေနဲ့ပြောရရင်

ရိုးရိုးအအေးမိတာမှာ အဖျား(ကိုယ်ပူတာ)က အများအားဖြင့် မရှိတတ်ပါ။

တကယ်လို့ အဖျားရှိခဲ့ရင်တောင်မှ ၃၈ ဒီဂရီ စင်တီဂရိတ်အောက်လောက်ပဲရှိတတ်ပါတယ်။ကိုယ်အပူချိန်များတာ (အဖျားကြီးတာ)မဖြစ်တတ်ပါ။

နှာရည်ယို၊နှာမွှန်တာ၊ချောင်းဆိုးတာ၊လည်ချောင်းနာတာ တွေအဓိကဖြစ်ပြီး

ကြွက်သားနာကျင်ကိုက်ခဲတာ၊ခေါင်းကိုက်တာတွေကတော့ အသင့်တင့်လောက်ပဲဖြစ်ပါတယ်။

အများအားဖြင့် ၄ရက် ၅ရက်လောက်ပဲကြာတတ်ပြီး နောက်ဆက်တွဲဆိုးကျိုးကြီးကြီးမားမား မရှိတတ်ပါ။

တုပ်ကွေးဖြစ်တဲ့အခါမှာတော့ ခံစားရတဲ့ ရောဂါလက္ခဏာတွေဟာ ရိုရိုးအအေးမိတာထက်ပိုပြင်းထန်ပါတယ်။

တုပ်ကွေးဖြစ်ပြီဆိုရင် အများအားဖြင့် ဖျားလေ့ရှိပြီး ကိုယ်အပူချိန်(အဖျား)က ၃၈ ဒီဂရီ စင်တီဂရိတ်ကနေ ၄၁ ဒီဂရီ စင်တီဂရိတ်ကြားမှာ ရှိလေ့ရှိပါတယ်။အဖျားကြီး(ကိုယ်အပူချိန်)မြင့်လေ့ရှိပါတယ်။

နှာရည်ယို၊နှာမွှန်၊ချောင်းဆိုးတာ၊လည်ချောင်းနာတာမျိုးတွေက ရံဖန်ရံခါမှသာ ဖြစ်လေ့ရှိပါတယ်။

အဓိကအနေနဲ့ကတော့ ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ခေါင်းကိုက်တာတွေ ပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။

ဒါ့အပြင် လူကနုံးပြီးအားမရှိသလို နွမ်းနယ်နေကာ မလှုပ်ချင်မကိုင်ချင်တာမျိုး ခံစားရတတ်ပါတယ်။

တုပ်ကွေးရောဂါဟာ စနစ်တကျကုသမှုမခံယူရင် နောက်ဆက်တွဲအနေနဲ့ အဆုတ်ရောင်တာ(နမိုးနီးယားဖြစ်တာ)၊လေပြွန်ရောင်တာ၊ထိပ်ကပ်နာဖြစ်တာ၊နားပြည်ယိုတာ ကနေ နှလုံးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲရောဂါတွေပါဖြစ်လာနိုင်တဲ့အထိ နောက်ဆက်တွဲဆိုးကျိုးတွေများပါတယ်။

ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာ တုပ်ကွေးဖြစ်ရင် ဒီဆိုးကျိုးတွေဖြစ်နိုင်ခြေများပါတယ်။

ကုသမှုအနေနဲ့ကတော့ ရိုးရိုးအအေးမိတာရော၊တုပ်ကွေးရောက ဗိုင်းရပ်စ်ပိုးဝင်ရောက်ကူးစက်တာကြောင့်ဖြစ်တဲ့အတွက် ပဋိဇီဝဆေး(ပိုးသေဆေး)တွေသောက်လို့မပျောက်ပါ။ပဋိဇီဝဆေးတွေက ဘက်တီးရီးယားပိုးတွေကိုပဲ နိုင်တာပါ။

ဒါပေမယ့် ဖျားတာ၊ညောင်းတာ၊ခေါင်းကိုက်တာ၊လည်ချောင်းနာ၊နှာစေးချောင်းဆိုးတာတွေကိုသက်သာအောင်ကတော့ ပါရာစီတမောလိုအကိုက်အခဲပျောက်ဆေးတွေသောက်တာ၊စီထရီဆင်းလိုနှာစေးပျောက်ဆေးတွေသောက်တာ၊ငုံဆေးတွေငုံတာ တွေလုပ်နိုင်ပါတယ်။

အဓိကအနေနဲ့ကတော့ အအေးမိတာဖြစ်ဖြစ် တုပ်ကွေးဖြစ်တာဖြစ်ဖြစ် ဖြစ်ရင်ကောင်းကောင်းစား အရည်များများသောက်ပြီး ကောင်းကောင်းအနားယူဖို့ပါပဲ။

ဒီလိုတွေလုပ်လို့မှမသက်သာဘူး အသက်ရှုရကြပ်လာတယ်၊ရင်ဘတ်အောင့်တာ ရင်ဘတ်ထဲကသိကအောက်ဖြစ်တာ ပိုဆိုးလာတယ်၊ခဏခဏအန်တယ်တအားအန်တယ်၊ဇက်ခိုင်သလိုဖြစ်လာတယ်၊ရုတ်တရက်မူးခနဲမိုက်ခနဲဖြစ်တယ် စသဖြင့်ဖြစ်လာတယ်ဆိုရင်တော့နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြဖို့လိုပါတယ်။

ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေ၊ရောဂါအခံတခုခုရှိတဲ့သူတွေ ဆိုရင်တော့ အအေးမိတာဖြစ်ဖြစ် တုပ်ကွေးဖြစ်တာဖြစ်ဖြစ် စဖြစ်ကတည်းက ဆေးခန်းပြထားတာပိုကောင်းပါမယ်။

ရိုးရိုးအအေးမိခြင်း နဲ့ တုပ်ကွေးဖြစ်ခြင်း ဖြစ်နိုင်ခြေနဲအောင်

လူထူဖုန်ထူမီးခိုးထူတဲ့နေရာတွေကိုအတတ်နိုင်ဆုံးရှောင်ပါ။အပြင်ထွက်ရင်နှာခေါင်းစည်းတပ်ပါ။

အရည်များများသောက်ပါ။လက်ကိုမကြာခဏ ဆပ်ပြာနဲ့ရေသုံးပြီး သေချာဆေးပါ။

အိပ်ရေး၀၀အိပ်ပါ။

ဗီတာမင်စီအားဆေး(Enervon c သို့မဟုတ် Vicee)တနေ့တလုံးသောက်ပါ။

Dr 528