ဆီးကျောက်တည်ခြင်း

ဆီးကျောက်တည်ခြင်း

ဆီးကျောက်တည်ခြင်း ဆိုတာဟာ ကျောက်ကပ်မှာ ကျောက်တည်တာကိုပဲ ပြောတာမဟုတ်ပါ။ ကျောက်ကပ် (Kidney)၊ ဆီးပို့ပြွန် (Ureter)၊ ဆီးအိမ် (Bladder) စတဲ့ဆီးလမ်းကြောင်းတလျှောက် တည်တဲ့ကျောက်တွေအားလုံးကို ဆီးကျောက်လို့ခေါ်ပါတယ်။

အများအားဖြင့်တော့ ဆီးကျောက်တွေ အတော်များများက ကျောက်ကပ်မှာ စဖြစ်တာများပါတယ်။ ကျောက်ကပ်မှာ စဖြစ်ပြီးတော့မှ ဆီးလမ်းကြောင်းတလျှောက် ဆီးပို့ပြွန်၊ ဆီးအိမ်တွေဆီ ရောက်သွားတာပါ။ ကျောက်ရှိတဲ့ နေရာပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ အနည်းငယ် ကွာနိုင်ပါတယ်။

ကျောက်ကပ်မှာရှိတဲ့ ကျောက်ကို ကျောက်ကပ်ကျောက် (Renal Stone or Nephrolithiasis) လို့ခေါ်ပြီး ဆီးပို့ပြွန်ထဲမှာရှိတဲ့ ကျောက်ကိုတော့ ဆီးပို့ပြွန်ကျောက် (Ureteric Stone or Ureterolithiasis) လို့ခေါ်ပါတယ်။ ဆီးအိမ်မှာရှိတဲ့ ကျောက်ကိုတော့ ဆီးအိမ်ကျောက် (Bladder Stone) လို့ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဆီးထဲမှာ ဓါတ်ဆားဓါတ်တွေ များလာတဲ့အခါမှာ ဆီးပျစ်လာပါတယ်။ ထို့နောက် များနေတဲ့ဓါတ်ဆားဓါတ်တွေ တဖြည်းဖြည်းအနည်ကျစုပေါင်းလာတဲ့အခါ ဆီးကျောက်တည်ခြင်း ဖြစ်လာပါတယ်။

ဆီးကျောက်တည်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဓါတ်ဆားဓါတ်တွေကတော့ ကယ်လ်စီယမ်အောက်ဆဲလိတ် (Calcium oxalate)၊ ယူရစ်အက်စစ် (Uric acid)၊ စစ်စတင်း (Cystine)၊ မဂ္ဂနီဆီယမ် (magnesium)၊ အမိုနီယမ် (Ammonium)၊ ဖော့စဖိတ် (Phosphate) စသဖြင့်ဖြစ်ပါတယ်။

အနည်ကျတဲ့ ဓါတ်ဆားဓါတ်ပေါ်မူတည်ပြီး ဆီးကျောက်တွေကို အမျိုးအစားခွဲထားပါတယ်။ ကယ်လ်စီယမ် အောက်ဆဲလိတ် ဓါတ်ဆားများ အနည်ကျခြင်းကြောင့် ဖြစ်ပေါ်လာသော ဆီးကျောက်ကို Calcium oxalate stone လို့ခေါ်ပြီး ယူရစ်အက်စစ်ဓါတ်ဆားများ အနည်ကျရာမှဖြစ်လာသော ဆီးကျောက်ကိုတော့ Uric acid stone လို့ခေါ်ပါတယ်။

မဂ္ဂနီဆီယမ် အမိုနီယမ် ဖော့စဖိတ် ဓါတ်ဆားများ စုပေါင်းအနည်ကျခြင်းကြောင့် ဖြစ်လာတဲ့ ဆီးကျောက်ကိုတော့ Struvite stone လို့ခေါ်ပါတယ်။ ကယ်လ်စီယမ်နဲ့ ဖောစဖိတ် ဓါတ်ဆားတွေရောပြီး အနည်ကျရာမှ ဖြစ်လာတဲ့ဆီးကျောက်ကိုတော့ Mixed stone လို့ခေါ်ပါတယ်။

ဒီထဲမှာမှ Calcium oxalate stone ဆီးကျောက်အမျိုးအစားက အဖြစ်များပြီး Uric acid stone ဆီးကျောက်အမျိုးအစားကတော့ တွေ့ရနည်းပါတယ်။

ဆီးကျောက်တည်ခြင်းဟာ ………

– အသက် ၄၀ ကျော်အရွယ်တွေ
– အမျိုသားတွေ
– မျိုးရိုးရာဇဝင်ထဲမှာ ဆီးကျောက်ဖြစ်ဖူးတဲ့သူရှိတဲ့သူတွေ
– အသားစားများတဲ့သူတွေ
– ဆား၊ သကြား လွန်ကဲစွာစားတဲ့သူတွေ
– ရေသောက်နဲပြီး ဆီးသွားနဲသူတွေ
– ရောဂါအခံတခုခုရှိသူတွေ (ဥပမာ ပါရာသိုက်ရွက်ဟော်မုန်းအထုတ်များတဲ့ရောဂါ Hyperparathyroidism)
– အဝလွန်တဲ့သူတွေ
– ဝရာကနေချက်ချင်းပိန်သွားတဲ့သူတွေ သို့မဟုတ် အဆီချခွဲစိတ်မှုခံယူတဲ့သူတွေ
– တချို့သောကင်ဆာဆေး၊ တချို့သောဆီးဆေးသောက်နေရတဲ့သူတွေမှာပိုဖြစ်နိုင်ခြေများတယ်လို့ သုတေသနတွေအရသိရပါတယ်။

ရောဂါလက္ခဏာအနေနဲ့ကတော့ ကျောက်ရဲ့ အရွယ်အစားနဲ့ တည်နေရာပေါ် မူတည်ပါတယ်။ ခံစားရတာသိပ်မရှိပါ။ ဘာလို့လဲဆိုတော့ အရွယ်အစားသိပ်မကြီးတဲ့ ကျောက်တွေ (3mm အောက်ကျောက်တွေ) ဟာ ဘာမှဒုက္ခပေးတာမျိုးမရှိဘဲ ဆီးနဲ့အတူ အပြင်ကိုရောက်သွားနိုင်ပါတယ်။

အရွယ်အစားကြီးမားတဲ့ ကျောက်တွေကတော့ အဲ့လိုဆီးနဲ့အတူ အပြင်မရောက်နိုင်ဘဲ ဆီးလမ်းကြောင်းတနေရာမှာ ပိတ်ဆို့မှုဖြစ်စေပြီး

– ခါးနာတာ (နာတဲ့အခါနာကျင်မှုကခါးနေရာကနာကျင်မှုကပေါင်ခြံနေရာထိရောက်တာ(Loin to groin)လူးလှိမ့်နေအောင်နာတာနာရီဝက် သို့မဟုတ် တနာရီလောက်ကြာပြီးမှသက်သာတာသက်သာပေမယ့်လည်း နောက်ထပ်တခါပြန်နာတာ မျိုးဖြစ်နိုင်ပါတယ်။)

– ဆီးထဲသွေးပါတာ၊
– ပြည်ပါတာ
– ဆီးပူဆီးကျင်ဆီးအောင့်တာ
– အန်တာ၊
– ချမ်းတုန်ဖျားတာ စသဖြင့်ပါဖြစ်နိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင်တော့ ဆီးကျောက်တည်တာ ဟုတ်မဟုတ်သေချာအောင် နီးစပ်ရာဆေးခန်းပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

– အာထရာဆောင်းရိုက်တာ၊
– ဓါတ်မှန်ရိုက်တာ၊
– CTရိုက်တာ၊
– MRI ရိုက်တာ၊
– သွေးစစ်တာ၊
– ဆီးစစ်တာ စသဖြင့်လိုအပ်သလိုလုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေ၊ ကျောက်အရွယ်အစားနဲ့ လူနာကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပါတယ်။ အရွယ်အစားသေးငယ်ပြီး (5mm အရွယ်အောက်) ဘာရောဂါလက္ခဏာ ကြီးကြီးမားမားမှ မပြသေးတဲ့ ကျောက်အမျိုးအစားတွေဆိုရင်တော့ သူဘာသာသူဆီးပေါက်ရင်းနဲ့ ထွက်ကျသွားနိုင်တဲ့အတွက် ရေများများသောက်ခိုင်းပြီး စောင့်ကြည့်တာလုပ်ပါတယ်။

နာကျင်ကိုက်ခဲတာတွေရှိရင်တော့ အကိုက်အခဲပျောက်ဆေးတွေလည်း လိုနိုင်ပါတယ်။အရွယ်အစားကြီးတဲ့ကျောက်တွေ (5mm အထက်) ဆိုရင်တော့ သူ့ဘာသာသူထွက်နိုင်ခြေနည်းလို့

– tamsulosin or calcium channel blockers စတဲ့ဆေးတွေပေးပြီး ထွက်ကျအောင် လုပ်တာ
– Extracorporeal Shock Wave lithotripsy(ESWL) ခေါ် ပြင်ပကနေ စွမ်းအင်မြင့်လှိုင်းတွေသုံးပြီးချေဖျက်တာ
– Ureteroscopy and laser lithotripsy ခေါ် ဆီးလမ်းကြောင်းတလျှောက် မှန်ပြောင်းထည့်ပြီး လေဆာနဲ့ကျောက်ချေတာ
– Percutaneous nephrolithotomy ခေါ်အရေပြားမှာ အပေါက်လေးဖောက်ပြီး ပြွန်ထည့်ပြီး ဆီးကျောက်ကိုထုတ်ယူတာ
– Surgical removal ခေါ် ခွဲစိတ်ပြီး ထုတ်ယူတာစတဲ့နည်းတွေကို လူနာအခြေအနေနဲ့ရောဂါပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီး လိုအပ်သလို သုံးရနိုင်ပါတယ်။

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ဖြစ်နိုင်ခြေနဲအောင် ရေများများသောက်ပါ။ တနေ့ကို တလီတာ ရေသန့်ဗူး သုံးဗူးမှ လေးဘူးအထိ သောက်ပါ။ ရေသန့် သို့မဟုတ် ရေကိုကျိုချက်သောက်ပါ။ ဖရဲသီးများများစားပေးပါ။ လိမ္မော်ရည်၊ ရှောက်ရည်သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ အသင့်စားအစားစာတွေ၊ စည်သွပ်ဘူးတွေ၊ ဆား၊ သကြား၊ အဆီများတဲ့အစားစာတွေကို တတ်နိုင်သလောက်လျှော့စားပါ။ အသားအလွန်အကျွံစားတာ၊ အရက်ဘီယာ အလွန်အကျွံ့သောက်တာတွေကို ရှောင်ပါ။

အမိုင်နိုအက်စစ်ဓါတ်ပါတဲ့ အားဆေးတွေ၊ ဗီတာမင်ဒီ၊ ဗီတာမင်စီ စတဲ့အားဖြည့်ဗီတာမင်ဆေးတွေကို ညွန်ကြားထားတဲ့အတိုင်း မဟုတ်ဘဲ မိမိသဘောနဲ့မိမိ အလွန်အကျွံ့သောက်သုံးခြင်းမျိုးကိုရှောင်ပါ။ လို့ အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ