သွေးပျစ်ခြင်းအကြောင်း

သွေးပျစ်ခြင်းအကြောင်း

ကျွန်တော့် ဆေးခန်းရဲ့မလှမ်းမကမ်းတွင် တိုက်ခံပျဉ်ထောင်အိမ်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင်နဲ့ဆိုင်ကယ်ဝပ်ရှော့ပိုင်ရှင် ဦးသာထူးဆိုသူရှိသည်။ပိုင်ရှင်ဆိုပေမယ့် အရင်ကတည်းက ဝပ်ရှော့ဆရာလုပ်လာသူပီပီ ဆိုင်ကယ်ပြင်ရင် သူကိုယ်တိုင်မကြာခဏဝင်ပြင်လေ့ရှိသည်။အသက်၆၅နှစ်ဆိုပေမယ့်အလုပ်လုပ်နိုင်သေးသည်။သူ့သားကိုညီဇော်နဲ့ကျွန်တော့်ဆေးခန်းအကူကိုကျော်ဝင်းတို့က သောက်ဖော်သောက်ဖက်တွေ။

ည ၈နာရီဆေးခန်းပိတ်ခါနီးဆို ကိုညီဇော်တယောက်ကျွန်တော့်ဆေးခန်းရှိရာဖက်သို့ ကိုကျော်ဝင်းကိုခေါ်ရန်ရောက်ချလာတတ်သည်။

ကိုညီဇော့်အဖေ ဦးသာထူးကလည်းအသောက်သမားပဲ။ဒါပေမယ့်အရက်တော့မဟုတ်။ဆေးလိပ်၊စီးကရက်၊ဖက်ကြမ်းအကုန်သောက်သည်။ဆေးလိပ်တလိပ်နဲ့တလိပ်ကြားနားချိန်မထားဘဲ တလိပ်ကုန်တလိပ်ဆက်တိုက်သောက်တတ်သည်။

ဒီနေ့တော့ ကိုညီဇော်တယောက် မနက်စောစောစီးစီးပေါက်ချလာသည်။သူ့အဖေဖြစ်သူဦးသာထူးပါပါလာသည်။ဦးသာထူးမျက်နှာကလည်းနီရဲနေသည်။

“ကိုညီဇော် ဒီနေ့အစောကြီးပါလား ဘာကိစ္စရှိလို့လည်း မနက်ပိုင်းတော့ ကိုကျော်ဝင်းကိုခေါ်လို့အဆင်မပြေဘူးနော်”

“ဟာ မဟုတ်ပါဘူးဆရာကလည်းကျွန်တော်ကမနက်စောစောသောက်တဲ့အဆင့်ထိမရောက်သေးပါဘူးဗျာ အခုက ကျွန်တော့်အဖေနေမကောင်းလို့ ဆရာ့ဆီလာပြတာပါ။”

“ဟုတ်လားဗျ။ဘယ်လိုတွေဖြစ်တာလဲဘကြီး”

“ရင်ဘတ်အောင့်တယ်၊မောတယ်၊ညမှာချွေးတအားထွက်ပြီး၊ဗိုက်ထဲမှာလေးပြီးနေလို့မကောင်းသလိုဖြစ်နေတာပါဆရာ၊နောက်ပြီးမျက်နှာကလည်းနီရဲရဲဖြစ်နေတယ်” လို့ ဘကြီးသာထူးကပြောသည်။

“ဖြစ်တာဘယ်လောက်ကြာပြီလဲ”

“၇လပိုင်းလောက်ကဖြစ်တာဆရာ။အစက နေပူလို့ဖြစ်တယ်ထင်တာ။ခု၁၁လပိုင်းအေးတဲ့ရာသီရောက်တော့လည်း မသက်သာလို့ တခုခုဖြစ်နေတယ်ထင်ပြီးလာပြတာပါဆရာ”

“ဘကြီး ဒီတောအတွင်းအရက်သောက်တာရှိလား။”

“မရှိပါဘူးဆရာရယ်။ဆရာသိတဲ့အတိုင်းကျွန်တော်က ဆေးလိပ်ပဲသောက်တာပါ။”

“ဟုတ်ပါပြီဗျာ။ဒီပေါ်လှဲလိုက်ပါ။စမ်းသပ်ကြည့်ရအောင်။”

လှဲလိုက်တဲ့အခါ နီရဲနေသောဦးသာထူးမျက်နှာသည် ညိုညစ်ညစ်ဖြစ်သွားပြီး မျက်လုံးထောင့်တွေပါရဲတွတ်သွားသည်။သွေးပေါင်ချိန်ကြည့်တော့ သွေးတိုးနေသည်။အောက်စီဂျင်တိုင်းတဲ့(pulse oximeter)နဲ့တိုင်းလိုက်တော့ အောက်စီဂျင်နည်းနေသည်။လက်သည်းခွံလေးတွေကြည့်တော့လည်း ပြာနေသည်။လက်ဖဝါးမှာ ခြေဖဝါးမှာကျ နီရဲတွတ်နေသည်။

ဗိုက်စမ်းကြည့်တော့လည်း ဘေလုံး(Spleen)ကြီးနေတာကိုစမ်းမိသည်။

ဒါနဲ့အလုပ်သင်ဆရာဝန်လုပ်ခဲ့တုန်းကရယ် ဘွဲ့ရပြီးPrivate Hospital မှာနှစ်နှစ် Medical Officerလုပ်ခဲ့တုန်းကရယ် ရရှိခဲ့တဲ့အတွေ့အကြုံတွေအရ Polycythaemia (သွေးပျစ်ရောဂါ)လားလို့သံသယဖြစ်မိသဖြင့်

“ဘကြီးရေ ဘကြီးရောဂါက သွေးပျစ်နေတာဖြစ်နိုင်ခြေများတယ်။တိကျသေချာအောင်တော့ သွေးဖောက်စစ်ကြည့်လိုတယ်။”

“ဗျာ ဆရာ သွေးပျစ်တယ်ဆိုတာဘယ်လိုမျိုးလဲ”

“ဒီလိုဗျ။ ကျွန်တော်တို့ရဲ့သွေးကို သွေးနီဥ၊သွေးဖြူဥ၊သွေးမွှားဥ၊သွေးရည်ကြည်နဲ့ဖွဲ့စည်းထားပါတယ်။ သွေးပျစ်တယ်ဆိုတာကတော့ သွေးထဲမှာပါတဲ့ သွေးနီဥ သို့မဟုတ် သွေးဖြူဥ သို့မဟုတ် သွေးမွှားဥ သို့မဟုတ် သွေးရည်ကြည်ထဲကဓါတ်ပစ္စည်းတမျိုးမျိုးဟာ ရှိသင့်တာထက်ပိုများလာတဲ့အခြေအနေတခုပါ။”

“ဟုတ်ကဲ့ဆရာ။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။သွေးပျစ်တာကြောင့် ဘာတွေဆက်ဖြစ်နိုင်မလဲဆရာ။”

“သွေးပျစ်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေက မျိုးရိုးလိုက်တာ၊ကင်ဆာရောဂါတမျိုးမျိုးဖြစ်တာ၊သွေးတိုးရောဂါ၊နာတာရှည်အဆုတ်ရောဂါဖြစ်တာ၊မွေးရာပါနှလုံးရောဂါတမျိုးဖြစ်တာ၊ဆေးလိပ်သောက်တာ၊အရက်သောက်တာ စသဖြင့် အများကြီးရှိပါတယ်။တချို့တွေမှာဆိုရင် ဘာအကြောင်းမှမရှိဘဲ သူ့ဘာသာသူအလိုလိုဖြစ်တာမျိုးလည်းရှိတတ်တယ်။

သွေးပျစ်တဲ့အခါ သွေးကကောင်းကောင်းမစီးဆင်းနိုင်တဲ့အတွက် ဘကြီးအခုဖြစ်နေသလို မောတာ၊ရင်ဘတ်အောင့်တာ၊ဗိုက်ထဲနေလို့မကောင်းတာ၊မျက်နှာရဲနေတာ မျိုးတွေဖြစ်နိုင်တယ်။ဒါ့အပြင် ခြေထိပ်လက်ထိပ်တွေထုံတာ၊အရိုးအဆစ်တွေရောင်ရမ်းတာ၊ခေါင်းကိုက်တာ၊နားအူတာ၊သတိလစ်တာ၊တက်တာ မျိုးတွေလည်းဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ကတော့ သွေးကပျစ်ရာကနေ ခဲလာပြီး သွေးကြောပိတ်တာမျိုးတွေပါဖြစ်နိုင်ပါတယ်။အဲ့အခါကျ ပိတ်တဲ့သွေးကြောအလိုက် ချက်ချင်းအသက်အန္တရာယ်စိုးရိမ်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။

ခုမနက်ကျွန်တော်ရေးပေးတဲ့စာရွက်လေးယူပြီး ဓါတ်ခွဲခန်းတခုခုမှာစစ်ကြည့်လိုက်ပါ။ ညနေအဖြေရနိုင်ပါတယ်။အဲ့အခါကျ စာရွက်လေးယူပြီးတခေါက်ပြန်လာခဲ့ပါ။ အဲ့အခါကျ အဖြေပေါ်မူတည်ပြီး ဘယ်လိုဆက်ကုရမလဲဆိုတာကို ပြောပြပါ့မယ်။”

ညနေကျတော့ အဖြေစာရွက်ရလာသည်။ထင်သည့်အတိုင်း သွေးနီဥ(RBC)၊ HCT (Red Cell Volume) တွေများနေသည်။ ဒါနဲ့ကိုကျော်ဝင်းကို ဦးသာထူးအားသွားခေါ်ခိုင်းသည်။

“ကျွန်တော်ထင်တဲ့အတိုင်းပဲဗျ။သွေးပျစ်နေတာပဲ။ ဘကြီးရဲ့ရင်ဘတ်အောင့်ပြီးမောတာကို လောလောဆယ်အနည်းငယ်သက်သာအောင်လုပ်ပေးလို့တော့ရတယ်။”

“ဟုတ်ကဲ့ဆရာ။လုပ်ပေးပါ။”

ဘကြီးသာထူးရဲ့သွေးပြန်ကြောထဲက သွေး၅၀၀စီစီခန့်ကိုသွေးအိတ်နဲ့ဖောက်ထုပ်ယူကာ Normal Saline တလုံးပြန်ချိတ်ပေးလိုက်သည်။

ထို့နောက်သိပ်မကြာလိုက်။ဦးသာထူးရဲ့နီရဲနေသောမျက်နှာ ခြေဖဝါး လက်ဖဝါး တွေ အနီရောင် လျော့သွားသည်။

“ဘယ်လိုလဲ ရင်ဘတ်အောင့်တာ မောတာသက်သာရဲ့လား”

“သက်သာတယ်ဆရာ ကျေးဇူးတင်လိုက်တာ ဆရာကတကယ်တော်တာပဲ”

“သိပ်လည်းပျော်မနေနဲ့ဦးဗျ။အခုလောလောဆယ်သက်သာအောင်လုပ်ပေးထားပေမယ့် သွေးပျစ်တာဖြစ်တဲ့အကြောင်းတွေကအများကြီးရှိတော့ ဖြစ်တဲ့အကြောင်းရင်းကိုသေချာရှာပြီးမကုရင် သိပ်မကြာခင်ပြန်ဖြစ်မှာပဲ။ ဒီတော့ ဖြစ်တဲ့အကြောင်းရင်းကိုရှာပြီး ကုဖို့ရယ် နောက်သွေးမပျစ်အောင်ကာကွယ်ဖို့အတွက်ရယ် နောက်ဆက်တွဲဆိုးကျိူးတွေမဖြစ်အောင်ကာကွယ်ဖို့ရယ် အတွက် အထွေထွေသမားတော်တယောက်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေထပ်လုပ်ဖို့လိုတယ်။ကျွန်တော်ရေးပေးလိုက်တဲ့ ဆရာကြီးဆီသွားပြလိုက်ပါ။ နောက်ပြီးဆေးလိပ်သောက်တာ၊ဆိုင်ကယ်မီးခိုးတွေရှုတာ ရှောင်ဖို့လည်းလိုတယ်။ အားကစား၊ကိုယ်လက်လေ့ကျင့်ခန်းလည်းမှန်မှန်လုပ်ရမယ်”

“ဟုတ်ကဲ့ဆရာ ဆရာညွန်တဲ့ အထွေထွေသမားတော်နဲ့မနက်ဖြန်သွားပြလိုက်ပါမယ်’’

Dr 528

ဆက်စပ် ဆောင်းပါးများ