ဆီးသွားများခြင်း

ဆီးသွားများခြင်း

တနေ့သွားတဲ့ ဆီးပမာဏဟာ ၂ လီတာခွဲနဲ့ အထက်ရှိနေတယ်ဆိုရင် ဆီးသွားများတယ်လို့သတ်မှတ်ပါတယ်။ လူတယောက်ဟာ တနေ့ဆီးပမာဏဘယ်လောက်သွားသင့်လဲ ဆိုတာကတော့ သူ့ရဲ့ အသက်နဲ့ လိင်အမျိုးအစား စတာတွေပေါ်မူတည်ပါတယ်။

ဒါပေမယ့် အကြမ်းအားဖြင့်ပြောရရင် သာမန်လူတယောက်ရဲ့ တနေ့သွားတဲ့ ဆီးပမာဏဟာ ၂ လီတာရဲ့ အောက်ပဲရှိသင့်တယ်လို့ ဆေးပညာရှင်များကဆိုထားပါတယ်။ ဆီးသွားများခြင်းကို ဆေးပညာအရ polyuria လို့ခေါ်ပါတယ်။

ဒါပေမယ့် ဆီးသွားများတိုင်း ရောဂါရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။ ကျွန်တော်တို့ဆီက လူတချို့က ဆီးသွားများတယ်ဆိုရင် ဆီးချိုရောဂါရှိတယ်လို့ ထင်တတ်ကြပါတယ်။ လူအများစုမှာ ရောဂါကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင်းတွေကြောင့် ဆီးသွားများခြင်းကို တခါတရံ ခံစားရနိုင်ပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ရောဂါကြောင့်မဟုတ်ဘဲ ဆီးသွားများခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေနဲ့ ဆီးသွားများခြင်းကိုဖြစ်စေတဲ့ရောဂါတွေအကြောင်းသိသလောက်ရေးသားတင်ပြချင်ပါတယ်။

ရောဂါကြောင့်မဟုတ်ဘဲ ဆီးသွားများခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့

၁။ ရာသီဥတုအေးခြင်း

ရာသီဥတုအေးတဲ့အခါမှာ ကိုယ်ခန္ဓာမှ အပူဆုံးရှုံးမှုနဲပြီး ကိုယ်တွင်းအပူချိန်ကို ထိန်းဖို့အတွက် သွေးကြောကံျု့ခြင်းဖြစ်စဉ်နဲ့ အရေပြားဆီသွေးအရောက်နဲအောင်လုပ်ကာ ကိုယ်တွင်းအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးအရောက်များစေပါတယ်။

အဲ့အခါမှာသွေးပေါင်ချိန်တက်လာပြီး Anti diuretic hormone (ဆီးသွားခြင်းကိုထိန်းတဲ့ဟော်မုန်း) ပမာဏဟာ ကျလာပါတယ်။ ဆီးသွားခြင်းကိုထိန်းတဲ့ ဟော်မုန်းပမာဏကျလာတဲ့အခါမှာ ဆီးခဏခဏသွားခြင်းကို ဖြစ်စေပါတယ်။

၂။ အရည်သောက်များခြင်း

ရေသောက်များတာ၊ အရက်ဘီယာဖျော်ရည်၊ ကော်ဖီ စတဲ့အရည်တွေအသောက်များတဲ့အခါမှာလည်း ကိုယ်တွင်းမှာအရည်ဓါတ်တွေများလာပြီး ဆီးသွားများခြင်းကို ဖြစ်စေနိုင်ပါတယ်။

၃။ ပရိုတင်းဓါတ်တွေအစားများခြင်း

ပရိုတင်းဓါတ်ပါတဲ့ အစားစာတွေ (ပဲ၊အသား) အစားများတဲ့အခါ ကိုယ်တွင်းမှာ ယူရီးယားဓါတ်တွေများလာပြီး ကျောက်ကပ်က ရေပြန်စုပ်ခြင်းဖြစ်စဉ်ကို လျော့ကျစေတဲ့အတွက် ဆီးသွားများလာစေပါတယ်။

၄။ ကိုယ်ဝန်ရှိခြင်း

အမျိုးသမီးတွေကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်လရင့်လာတဲ့အခါမှာ ဆီးခဏခဏသွားလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန်ကဆီးအိမ်ကို သွားဖိတဲ့အတွက်ကြောင့်ပါ။

၅။ အကြောင်းကြောင်းကြောင့် ဆီးဆေးတွေသောက်နေရခြင်း စသဖြင့်တို့ဖြစ်ပါတယ်။

ဆီးသွားများခြင်းကို ဖြစ်စေနိုင်တဲ့ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဆီးချိုရောဂါ

ဆီးချိုရောဂါဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းမှာ အချိုဓါတ်တွေများလာပြီး အချိုဓါတ်ကရေကိုဆွဲယူတဲ့အတွက် ဆီးသွားများလာပါတယ်။ ဒါ့အပြင် ရေလည်းခဏခဏငတ်လာပါတယ်။ ကိုယ်အလေးချိန်ကျလာတာ၊ နုံးပြီးအားမရှိသလိုဖြစ်တာတွေပါ တွဲဖြစ်နိုင်ပါတယ်။

၂။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်း

ကျောက်ကပ်ရောင်တာ၊ ကျောက်ကပ်အလုပ်မလုပ်နိုင်တာတွေ ဖြစ်တဲ့အခါ ကျောက်ကပ်က ပြန်စုပ်ရမယ့်ရေဓါတ်ကို ပြန်မစုပ်နိုင်တော့ဘဲ ဆီးသွားများခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သွေးအားနည်းလာတာ၊ သွေးပေါင်ချိန်တက်တာ၊ ခြေလက်မျက်နှာတွေဖောရောင်တာတွေပါ တွဲဖြစ်နိုင်ပါတယ်။

၃။ သွေးတွင်း ကယ်လ်စီယံဓါတ် များလာခြင်း

အကြောင်းကြောင်းကြောင့် သွေးတွင်းကယ်လ်စီယံဓါတ် များလာတဲ့အခါမှာ ဆီးသွားများတာ၊ ရေခဏခဏငတ်တာ၊ အစာအိမ်အနာဖြစ်တာနဲ့ စိတ်ကယောက်ကယက်ဖြစ်တာတွေ ခံစားရတတ်ပါတယ်။

၄။ Psychogenic polydipsia (ရေငတ်လွန်စိတ်ဝေဒနာရှိခြင်း)

စိတ်ဝေဒနာရှင်တွေမှာ တွေ့ရလေ့ရှိတဲ့ ရောဂါတမျိုးပါ။ စမ်းသပ်ကြည့်တဲ့အခါ ရေဓါတ်လုံလောက်မှုရှိပေမယ့် သူတို့ရဲ့စိတ်ထဲမှာ တချိန်လုံးရေငတ်သလိုခံစားရပြီး ရေကိုထပ်ထပ်သောက်နေတတ်ပါတယ်။ အဲ့အခါမှာ ရေဓါတ်များလာပြီး ဆီးခဏခဏသွားခြင်းကို ဖြစ်စေပါတယ်။

၅။ ဆီးကျိတ်ကြီးခြင်း

အမျိုးသားတွေအတော်များများဟာ အသက်ကြီးလာရင် ဆီးကျိတ်ကြီးဝေဒနာ ခံစားရလေ့ရှိပါတယ်။ ဆီးကျိတ်ကြီးတဲ့အခါ ဆီးသွားများတာအပြင် ဆီးသွားရခက်တာ ဆီးသွားရင်ဆီးတန်းသေးတာ ဆီးသွားတာ ဆန့်တငင်ငင်ဖြစ်တာ ဆီမထိန်းနိုင်တာ ညဘက်ဆီးခဏခဏသွားချင်တာ ဆီးသွားပီးရင်လည်း တစက်စက်ကျနေတာ တွေပါခံစားရတတ်ပါတယ်။

၆။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ရင်လည်း ဆီးခဏခဏသွားတတ်ပါတယ်။ ဒါ့အပြင် ဖျားတာ၊ ဆီးကျင်တာ၊ ဆီးအောင့်တာ၊ လိင်အင်္ဂါကနေပြည်ကျတာ၊ ဆီးထဲသွေးပါတာ တွေပါဖြစ်နိုင်ပါတယ်။

၇။ Diabetes insipidus (ဆီးသွားခြင်းကိုထိန်းတဲ့ ဟော်မုန်းချို့တဲ့တာဖြစ်ခြင်း)

ဆီးသွားခြင်းကို ထိန်းတဲ့ဟော်မုန်း (Anti diuretic hormone) ချို့တဲ့တာ သို့မဟုတ် ကျောက်ကပ်ပြွန်လေးတွေက ဆီးသွားခြင်းကိုထိန်းတဲ့ဟော်မုန်း (Anti diuretic hormone) ကို မတုံ့ပြန်တာ မျိုးဖြစ်တဲ့အခါမှာ ဆီးခဏခဏသွားခြင်း ဖြစ်တတ်ပါတယ်။

ဒါတွေကတော့ သိသလောက် ဆီးသွားများခြင်းကိုဖြစ်စေတတ်တဲ့ ရောဂါတွေထဲကမှာ အဖြစ်များလေ့ရှိတဲ့ရောဂါတွေပါ။

အဆုံးသတ်အနေနဲ့ ခြုံပြောရရင်တော့ ဆီးသွားများခြင်း တခါတရံဖြစ်တာဟာ စိုးရိမ်စရာသိပ်မရှိတတ်ပါ။ သို့ပေမယ့် ဆီးသွားများခြင်းဖြစ်တာဟာ တရက် နှစ်ရက်ဖြစ်တာမဟုတ်ဘဲ ရက်ပေါင်းများစွာ ဖြစ်လာပြီဆိုရင် ဆီးသွားများခြင်းအပြင် ဖျားတာ၊ ဆီးကျင်တာ၊ အောင့်တာ စတဲ့ တခြားရောဂါလက္ခဏာတွေပါ တွဲဖြစ်လာပြီဆိုရင်တာ့ ဆေးခန်းပြသစစ်ဆေးဖို့လိုပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ