မျက်စိစွန်တာ မြန်မြန်ပျောက်အောင်

မျက်စိစွန်တာ မြန်မြန်ပျောက်အောင်

မျက်စိစွန်ခြင်းဆိုသည်မှာ မျက်ခွံ၏ အစပ် အပြင်ဘက်အစွန်းတွင် ဖြစ်ပွားလေ့ ရှိသော ပြည်တည်နာ ခပ်သေးသေးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့သော ဖုန်သဲထူသည့်နိုင်ငံများတွင် အသက်အရွယ်ကြီးငယ်မရွေး မည်သူမဆို ဖြစ်ပွားနိုင်သည့် မျက်စိနှင့်ဆိုင်သည့် ကျန်းမာရေးပြဿနာတရပ်လည်းဖြစ်သည်။

ရောဂါလက္ခဏာများအနေနှင့် မျက်ခမ်းအစပ်တွင် အဖုသေးသေးဖြစ်လာခြင်းနှင့်အတူ နာလာခြင်း၊ ရောင်လာခြင်း၊ ယားယံခြင်း၊ မျက်ရည်မကြာခဏကျတတ်ခြင်းနှင့် ပြည်တည်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။ နိုင်ငံအနှံ့ရှိ အရွယ်ရောက်ပြီးသူ မည်သူမဆို ဖြစ်ပွားဖူးတတ်ကြပြီး အချို့ဆိုလျှင် မကြာခဏ ထပ်ထပ်၍ ဖြစ်တတ် ကြသဖြင့် အလွန်ပင် စိတ်ကသိကအောင့် ဖြစ်ရလေ့ရှိသည်။

မျက်လုံးနှင့် အနီးတဝိုက်ကို သန့်ရှင်းစွာထားရုံနှင့် အချိန်တန်လျှင် သက်သာ ပျောက်ကင်းတတ်သည့်ပြဿနာဖြစ်သော်လည်း ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်း များနှင့် သက်သာစေသည့် နည်းလမ်းများကို မသိရှိသူများတွင် အချိန်မရွေး ပြန်ဖြစ် နိုင်သလိုရောဂါမသက်သာပဲ အချိန်ကြာမြင့်စွာ ခံစားနေရခြင်းများ ဖြစ်ပွားနိုင် သဖြင့် မည်သူမဆို သိထားသင့်သည့် ကျန်းမာရေး ပြဿနာတရပ်ဖြစ်သည်။

မျက်စိစွန်ခြင်းဖြစ်ပွားစေသည့် အကြောင်းအရင်းများ

မျက်နှာတွင် သေးငယ်သည့်အဆီကျိတ်ကလေးများ ရှိနေပြီး မျက်ခွံ၊ အထူးသဖြင့် မျက်တောင်မွှေးများ အကြားတွင် ပို၍ ရှိနေတတ်သည်။ အဆိုပါ အကျိတ်ကလေးများမှ အဆီထွက်သည့် လမ်းကြောင်းတွင် အကြောင်း တခုခုကြောင့် ပိတ်ခြင်း ဖြစ်ပွားရလျှင် မျက်စိစွန်ခြင်း ဖြစ်စေနိုင်သည်။ မျက်စိစွန်ခြင်း အများဆုံး ဖြစ်ပွားရသည့် အကြောင်း အရင်းများမှာ မသန့်ရှင်းသောလက်ဖြင့် မျက်ခွံကို ကိုင်မိ/ပွတ်မိခြင်း၊ မိတ်ကပ်များ၊ အိုင်းရှဲလ်ဒိုးများကြောင့် အဆီထွက် ဂလန်းများ ပိတ်ခြင်းနှင့် မျက်လုံးနှင့် အနီး တဝိုက်ကို သန့်ရှင်းရေး အားနည်းမှုကြောင့် အဆီထွက် ဂလန်းများ ပိတ်နိုင်ပြီး ဘတ်တီးရီးယားပိုးများ ခိုအောင်းနေနိုင်ကာ မျက်စိစွန်ခြင်း ဖြစ်ပွားရသည်။ အထူးသဖြင့် ဖုန်၊ သဲထူသော အရပ်ဒေသများတွင် နေထိုင်သူများတွင် မျက်စိအတွင်း ဖုန်သဲများ ဝင်ရောက်ခြင်းနှင့် ယားယံခြင်းကြောင့် မျက်စိကို လက်ဖြင့် ပွတ်မိခြင်း များကြောင့် မျက်စိစွန်ခြင်းကို အများဆုံး ဖြစ်ပွားရနိုင်သည်။

မျက်စိစွန်ခြင်းဖြစ်ပွားလျှင်

မျက်စိစွန်ခြင်း ဖြစ်ပွားသူများ အနေနှင့် စဖြစ်စတွင် မသိသာသော်လည်း နှစ်ရက်နှင့် သုံးရက်မြောက်နေ့များတွင် မျက်ရည်ပူများ ကျဆင်းလာတတ်ခြင်းနှင့် အဖုအကျိတ် ဖြစ်လာကာ အလွန်နေရထိုင်ရခက်သဖြင့် အမြန်ဆုံး သက်သာ ပျောက်ကင်းလိုကြသည်။ အရေးပေါ် ဆေးဝါးကုသရန် မလိုအပ်ပဲ အိမ်တွင်းမှာပင် နားနေပြီး သက်သာစေနိုင်သည့် နည်းလမ်းများ ဆောင်ရွက်ရုံဖြင့် အမြန်သက်သာ ပျောက်ကင်းနိုင်သော ကျန်းမာရေးပြဿနာဖြစ်သည်။

(၁) ရေနွေးဝတ်ဖြင့် ကပ်ပေးပါ

ရေနွေးခွက်အတွင်း အဝတ်သန့်သန့်ကို စိမ်၍ အနည်းငယ်ညှစ်ပြီး မျက်စိစွန်ခြင်း ဖြစ်ပွားနေသည့် အပေါ်တွင် ၅မိနစ်ခန့် အုပ်ပေးထားခြင်းကို တနေ့လျှင် ၃/၄ ကြိမ်ခန့် ပြုလုပ်ပေးနိုင်သည်။

(၂) မျက်နှာသစ်ပေးပါ

မျက်နှာသစ်ဆပ်ပြာ အပျော့စား (သို့မဟုတ်) ကလေးသုံး ဆပ်ပြာကို သုံးပြီး မျက်နှာနှင့် မျက်စိစွန်နေသည့် မျက်လုံးကို ရေနွေးနွေးဖြင့် သစ်ပေးခြင်းဖြင့်လည်း အနာ အမြန်သက်သာစေနိုင်သည်။ လဘက်ရည်နွေးကြမ်း ခပ်နွေးနွေးဖြင့်သော်လည်းကောင်း ရေနွေးအတွင်း ဆားအနည်းငယ်ထည့်၍ မျက်နှာသစ်ပေးခြင်းဖြင့်သော်လည်းကောင်း သက်သာစေနိုင်သည်။ မျက်နှာသစ်ခြင်းကိုလည်း တနေ့လျှင် ၃/၄ကြိမ်ခန့် ပြုလုပ် ပေးနိုင်ပြီး မျက်စိစွန်နေစဉ်အတွင်း မျက်နှာအရေပြားဆဲလ်သေများ ဖယ်ရှားပေးသည့် မျက်နှာသစ် ဆပ်ပြာမျိုးကို အသုံးမပြုမိရန်လည်း ဂရုပြုသင့်သည်။

(၃) အကိုက်အခဲပျောက်ဆေးများ သုံးစွဲနိုင်သည်

အနေခက်လောက်အောင် နာကျင်ခြင်း၊ ပူခြင်းနှင့် မျက်ရည်ပူများ ကျဆင်းခြင်းများ သက်သာစေရန်အတွက် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူ၍ရသော ပါရာစီတမော၊ ဘိုင်အိုဂျက်ဆစ် စသည့် အကိုက်အခဲပျောက်ဆေးများ တနေ့ နှစ်ကြိမ်မှ သုံးကြိမ်အထိ သုံးစွဲနိုင်သည်။ အစာနှင့် အရမ်းမကွာစေပဲ သောက်သုံးသင့်ပြီး အစာအိမ် ရောင်ရောဂါရှိသူများ ဂရုပြု၍ သုံးစွဲသင့်သည်။

(၄) မျက်နှာနှင့် မျက်လုံးအတွက် သုံးစွဲသော အလှကုန်ပစ္စည်းများ မသုံးစွဲသင့်ပါ

အလှကုန်ပစ္စည်းများတွင်ပါဝင်သော ဓာတုဗေဒ ပစ္စည်းများက မျက်စိစွန်ခြင်းကို ပိုမိုဆိုးရွာလာစေနိုင်သဖြင့် မျက်စိစွန်နေစဉ်အတွင်း သုံးစွဲခြင်းကို ရပ်နားထားသင့်သည်။ မျက်နှာအတွက် အသုံးပြုသော တို့ဖက်နှင့် ဘရပ်ရှ်များ၏ သန့်ရှင်းမှုကိုလည်း အထူး ဂရုပြုသင့်ပြီး ၎င်းတို့တွင် ပိုးမွှားများ ကပ်ညိနေနိုင်သဖြင့် မျက်စိစွန်ခြင်းကို ဖြစ်ပွားစေ နိုင်ကြောင်း သိထားသင့်သည်။

(၅) ရောင်ရမ်းခြင်းသက်သာစေရန် လက်ဖြင့်အသာအယာ နှိပ်နယ်ပေးပါ

မျက်ခွံပေါ်ကို သန့်ရှင်းသော လက်ဖြင့် အသာအယာ နှိပ်နယ်ပေးခြင်းဖြင့်လည်း ရောင်ရမ်းခြင်းသက်သာစေနိုင်သည်။

(၆) မသက်သာလျှင် ဆရာဝန်နှင့် ပြသပါ

မကြာခဏ မျက်စိစွန်ခြင်းဖြစ်တတ်သူများနှင့် မျက်စိစွန်ခြင်းသည် မျက်ခွံအစပ်တွင် မဟုတ်ပဲ မျက်ခွံအတွင်းပိုင်းတွင် ဖြစ်နေခြင်း၊ အလွန်နေရခက်လောက်အောင် နာကျင် နေခြင်း၊ ရောင်ရမ်းနေခြင်းနှင့် အထက်ဖော်ပြပါ အကြံပြုချက်များ လိုက်နာဆောင်ရွက် သော်လည်း တပတ်ခန့် ကြာသည်အထိ သက်သာပျောက်ကင်းခြင်းမရှိလျှင် နီးစပ်ရာ အထွေထွေရောဂါကုဆရာဝန် (သို့) မျက်စိ ဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှု ခံယူသင့်သည်။

သတိပြုရန်

လက်ဖြင့်ဖုကို ညှစ်ခြင်း၊ ဖောက်ခြင်းနှင့် ဆွနေခြင်းကို ရှောင်ကျဉ်ရန်လိုပြီး အကယ်၍ ဖုပေါက်သွားပါကလည်း ရေနွေးနွေး (သို့) ရေနွေးကြမ်းဖြင့် မျက်နှာသစ်ပြီး သန့်ရှင်းအောင် ပြုလုပ်ထားရမည်ဖြစ်သည်။ သွေး/ပြည်များ ထွက်လာပါက သန့်ရှင်း ၍ ခြောက်သွေ့သော အဝတ်စ (သို့မဟုတ်) တစ်ရှုးစဖြင့် အသာအယာ သုပ်ပေးထား ရမည်ဖြစ်ပြီး အခြားသော နေရာများသို့ ထိမိခြင်း မရှိအောင် ဂရုစိုက်သင့်သည်။

မျက်စိစွန်ခြင်းသည် ကူးစက်တတ်သော ရောဂါ မဟုတ်သော်လည်း သန့်ရှင်းမှု အားနည်းသူများတွင် ဘတ်တီးရီးယားပိုးများ ပိုများလာနိုင်ပြီး အဖုအသစ်များ ဖြစ်ခြင်း၊ အခြား မျက်လုံးတွင်ပါ မျက်စိစွန်လာခြင်းနှင့် မျက်နှာသုပ်ပုဝါ မျှဝေသုံးစွဲသူများတွင် အခြားသူများကိုပါ ပိုးမွှားများ ကူးစက်ခြင်းကြောင့် မျက်စိစွန်ခြင်း ထပ်မံ ဖြစ်ပွားစေ နိုင်သည်။

မျက်စိစွန်ခြင်းမှ ကာကွယ်ရန်

– မျက်စိကို လက်ဖြင့် ကိုင်တတ်၊ ပွတ်တတ်သော အကျင့်ကို ရှောင်ကျဉ်ပါ။
– မျက်နှာနှင့် မျက်လုံးများကို ကိုင်တွင်ခါနီးတိုင်း လက်ဆေးပါ။
– ဖုန်၊ သဲ ထူထပ်သည့် နေရာများမှ ပြန်လာတိုင်း မျက်နှာသစ်ပေးပါ။
– မျက်လုံးနှင့် မျက်နှာအတွက် အသုံးပြုသော အလှကုန်ပစ္စည်းများ၏ သန့်ရှင်းရေကို ဂရုစိုက်ပါ။ ညအိမ်ခါနီးတိုင်း မိတ်ကပ်များကို ဖျက်ပြီးမှ အိပ်ပါ။
– ညအိပ်လျှင် မျက်နှာသစ်ပြီးမှ အိပ်ပါ။
– မျက်နှာသုပ်ပုဝါများ မျှဝေသုံးစွဲခြင်း ရှောင်ကျဉ်ပါ။

မျက်စိစွန်ခြင်းပြဿနာမှ ကင်းဝေးကြပါစေ။

Dr. Tint Tal

ဆက်စပ် ဆောင်းပါးများ